ဆုဖလားများထက် ချစ်ခြင်းမေတ္တာကိုသာ အလိုရှိဟု ဂွါဒီယိုလာ ဆို

ဆုဖလားများထက် ချစ်ခြင်းမေတ္တာကိုသာ အလိုရှိဟု ဂွါဒီယိုလာ ဆို

(မြူးနစ်)။ ။ ဘိုင်ယန်မြူးနစ်အသင်း နည်းပြ ဂွါဒီယိုလာက ဆုဖလားများထက် ချစ်ခြင်းမေတ္တာကိုသာ ပိုမိုအလိုရှိကြောင်း
ပြောဆိုလိုက်သည်။

အသက် ၄၄ နှစ်အရွယ်ရှိ ဂွါဒီယိုလာသည် နည်းပြလောကထဲသို့ ဝင်ရောက်ခဲ့သည့် ပထမဆုံး ခြောက်နှစ်အတွင်းမှာပင် ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်အသင်းတို့နှင့် ပြည်တွင်အမှတ်ပေးဖလားငါးကြိမ်၊ ချန်ပီယံလိဂ်ဖလားနှစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်သည်။

ဂွါဒီယိုလာက အသင်းကို ဦးဆောင်လုပ်ကိုင်ရာတွင် ဆုဖလားများရရှိရေးကို အဓိကထား လုပ်ကိုင်ခြင်းမရှိကြောင်း
ပြောဆိုသည်။ 'ကျွန်တော့်ရဲ့ဘဝ၊ ကျွန်တော့်ရဲ့ အလုပ်ကနေ ဘာကိုလိုချင်သလဲလို့ ခင်ဗျားသိချင်တယ်ဆိုရင်တော့ ကျွန်တော်လိုချင်တာက ချစ်ခြင်းမေတ္တာပါပဲ။ ကျွန်တော်အခြားဘာတွေမှ ပိုပြီး မရှာဖွေပါဘူး။ ကျွန်တော်လိုချင်တဲ့ ခံစားမှုက ဒါပါပဲ။ ဆုဖလားတွေကို မရှာဖွေပါဘူး။ အဲ့ဒါအမှန်တကယ်ပါ' ဟု ဂွါဒီယိုလာက ပြောသည်။

ထို့အပြင် ဂွါဒီယိုလာက စိတ်ခံစားချက်ပြင်းထန်သည့် ကစားသမားများကို အသင်းလူစာရင်းမှ ထုတ်ပယ်ရသည်မှာ ခက်ခဲကြောင်းနှင့် ချစ်ခြင်းမေတ္တာရှိပါက စွမ်းဆာင်ရည်ပိုကောင်းလာကြောင်း ရှင်းပြခဲ့သည်။

'စိတ်ခံစားချက် ပြင်းထန်တဲ့ ကစားသမားတွေကို လူစားလဲလိုက်တဲ့ အခါမှာ သူတို့တွေက ကျွန်တော့်ကို တိုက်ခိုက်ကြပါတယ်။ ကျွန်တော်က သူတို့ကို မကြိုက်တော့ဘူးလို့ တွေးကြပါတယ်။ နည်းစနစ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုလို့ မတွေးကြပါဘူး။ ဒါက သူတို့မှာ ချစ်ခြင်းမေတ္တာကို မခံစားမိလို့ပါ။ တစ်ခါတစ်ရံမှာ ကျွန်တော်ဟာ ကစားသမားတွေနဲ့ ကော်ဖီအတူသောက်လေ့ ရှိပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ ဘဝအကြောင်းတွေကို ဆွေးနွေးကြပါတယ်။

ဘောလုံးအကြောင်း မပြောကြပါဘူး။ နောက်လာမယ့်ပွဲစဉ်မှာတော့ သူဟာ အသင်းက လေးဂိုးရရင် နှစ်ဂိုးလောက် သွင်းနိုင်တော့တာပါပဲ။ သူဟာ ချစ်ခြင်းမေတ္တာကို ခံစားခဲ့ရတဲ့အတွက် သူ့ရဲ့ စိတ်ခံစားချက်က အကောင်းဆုံး အနေအထားမှာ ရှိနေလို့ပါပဲ' ဟု ဂွါဒီယိုလာက ပြောသည်။

ရည်ညွှန်း - ဂိုးလ်ဒေ့ါကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly