အယ်နီညို ရာသီဥတုဖြစ်သည့် ၂၀၁၆ ခုနှစ်တွင် ရေရှားပြဿနာ ကြိုတင် စီမံရန် ဦးထွန်းလွင် သတိပေး

အယ်နီညို ရာသီဥတုဖြစ်သည့် ၂၀၁၆ ခုနှစ်တွင် ရေရှားပြဿနာ ကြိုတင် စီမံရန် ဦးထွန်းလွင် သတိပေး

၂၀၁၆ ခုနှစ်အတွင်း ကြုံလာနိုင်တဲ့ ရာသီဥတု အခြေအနေကို သုံးသပ်ပေးပါခင်ဗျာ။

၂၀၁၆ မှာကြုံတွေ့နိုင်မယ် ရာသီဥတုအနေထားပဲဖြစ်ပါတယ်။ အဓိကပြောရမယ့် အချက်ကတော့ ၂၀၁၆ ခုနှစ်ဟာ အယ်နီညို ရာသီဥတု ဆက်လက်ရှိနေအုံးမယ့် နှစ်ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ အယ်နီညို ဖြစ်စဉ်ဟာ တစ်ကြိမ် တစ်ကြိမ် ဖြစ်ရင် အနည်းဆုံး ၁၂ လမှ ၁၈ လထိ ကျန်တတ်တဲ့ သဘာဝ ရှိပါတယ်။ ဒီဇင်ဘာမှာ ဗဟိုပြုပြီး တွက်လိုက်ရင် ရှေ့နှစ်မှာ ခြောက်လ နောက်နှစ်မှာ ခြောက်လ သူရဲ့ ထိခိုက်မှုတွေ ရှိပါတယ်။

ဒါကြောင့်မို့ လက်ရှိအယ်နီညိုဟာ ၂၀၁၅ ခုနှစ် နောက်ပိုင်း ခြောက်လပေါ်မှာ ထိခိုက်မှု ရရှိခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ပထမ ခြောက်လပေါ်မှာ ထိခိုက်မှုများ ရှိလာမှာ  ဖြစ်ပါတယ်။ အယ်နီညို ရာသီဥတုတွေ ဖြစ်ပေါ်ခဲ့ရင် မြန်မာနိုင်ငံမှာ ကြုံတွေ့တတ်တဲ့ ရာသီဥတု ဖောက်ပြန်မှုကတော့ ပူနွေးပြီး ခြောက်သွေ့တဲ့ရာသီဥတုကို ဖြစ်စေတတ်ခြင်းပဲ ဖြစ်ပါတယ်။ ဆိုလိုတာတော့ အပူချိန်တွေဟာ ဘယ်လမှာ ကြည့်ကြည့် ဖြစ်မြဲ အပူချိန်များရဲ့ အထက်ကို ကျော်လွန်နေမှာ ဖြစ်ပါတယ်။

 

ဒါဆိုရင် သတိထားရမယ့် အချက်တွေက ဘာတွေများ ဖြစ်မလဲ ခင်ဗျာ။

နွေအခါမှာ ဖြစ်မြဲ အပူချိန်များထက် ကျော်လွန်တဲ့အတွက် အလွန် ပူပြင်းတဲ့နွေရာသီ ဖြစ်စေတတ်သလို ဆောင်းရာသီကာလမှာလည်း ဖြစ်မြဲ အပူချိန် အထက်ကို ကျော်လွန်တဲ့အတွက် အအေးပေါ့တဲ့ ဆောင်းရာသီ မျိုးပဲ ဖြစ်ပေါ်နေလေ့ ရှိပါတယ်။ မိုးရွာသွန်းမှု အနေနဲ့တော့ ရွာသွန်းမှုအောက် လျော့နည်းတဲ့ အတွက် ခြောက်သွေ့တဲ့ရာသီဥတုကို ဖြစ်စေတတ်တာ ဖြစ်ပါတယ်။ ဒီအယ်နီညိုကို အကြောင်းပြုပြီး လာမယ့် ၂၀၁၆ အထူးသဖြင့် သတိထားရမယ်။

မြန်မာနိုင်ငံရဲ့ ရာသီဥတု အခြေနေကိုက ဒီဇင်ဘာလ တစ်ရက်နေ့ကစပြီး ၂၀၁၆ ခုနှစ် ဧပြီလကုန်အထိ ၅ လတာ ကာလဟာ မိုးမရွာတဲ့ ခြောက်သွေ့တဲ့ ကာလ ဖြစ်ပါတယ်။ ဒီဇင်ဘာ တစ်ရက်ကနေပြီးတော့ ဖေဖော်ဝါရီလ ကုန်ထိ သုံးလဟာ အေးပြီး ခြောက်သွေ့တဲ့ ဆောင်းရာသီ၊ မတ်လ တစ်ရက်ကနေ ဧပြီလကုန်ထိ နှစ်လကတော့ ပူပြီးတော့ ခြောက်သွေ့တဲ့ နွေရာသီ အေးတာပူတာသာ ကွာခြားပေမယ့် အဲဒီ ၅လ လုံးကတော့ ခြောက်သွေ့ရာသီ ဖြစ်ပါတယ်။

 

ခြောက်သွေ့ရာသီမှာ ဖြစ်တတ်တဲ့ အခက်အခဲတွေက ဘာတွေ ဖြစ်မလဲ ခင်ဗျာ့။

ကမ္ဘာကြီး ပူနွေးတဲ့ ၁၉၈၀ ကတည်းက စပြီး ကမ္ဘာပေါ်မှာ ရေရှားတဲ့ မှုပြဿနာများ ကြုံတွေ့တဲ့ အထဲမှာ မြန်မာနိုင်ငံလည်း အပါဝင် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ လေးနှစ်လောက်က စပြီး ရေရှားပါးမှုကို မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများအပြင် အခုနောက်ပိုင်းမှာ မြစ်ဝကျွန်းပေါ် ဒေသများ တောင်ပေါ်ရှမ်းပြည်နယ် ဒေသများအထိ ရေရှားပါး ပြတ်လတ်မှုကို ကြုံတွေ့နေရပါတယ်။ တစ်နည်းပြောရရင်တော့ ရေလုံခြုံမှု လျော့နည်းလာပြီ ဖြစ်ပါတယ်။ အဲဒီအခြေနေမျိုးမှာ ၂၀၁၆ ဟာ အယ်နီညို ရာသီဥတု ဖြစ်တဲ့ အပြင် ဖြစ်မယ့်အယ်နီညိုကလည်း သမိုင်းမှာ အားကောင်းဆုံး အယ်နီညို ဖြစ်တဲ့ အတွက် ရာသီဥတု အနေနဲ့တော့ ရေရှားပါးမှု ပြဿနာကို ကြိုတင် စီမံဆောင်ရွက်ဖို့ လိုတယ်လို့။

 

ရာသီဥတု ဖေါက်ပြန်တာကြောင့် ကျန်းမာရေး အပါအဝင် အခြားထိခိုက်မှုတွေကော မရှိနိုင်ဘူလားခင်ဗျာ။

အယ်နီညို ရာသီဥတုမှာ စောစောကတင်ပြခဲ့တဲ့အတိုင်း အပူချိန်တွေဟာ ပုံမှန်ထက် မြင့်တတ်တဲ့ သဘာဝရှိလို့ ၂၀၁၆ ခုနှစ် မတ်လ တစ်ရက်နေကစပြီး ဧပြီလကုန်ထိ သတ်မှတ်ထားတဲ့ နွေရာသီ ကာလဟာ အလွန်ပူပြင်းတဲ့ နွေရာသီ ဖြစ်လာနိုင်ပါတယ်။ အကယ်၍များ အပူချိန်မြင့်တက်မှု မြင့်မားရင် ဒါဟာ ကျန်းမာရေး ဆိုင်ရာ ပြဿနာ၊ စိုက်ပျိုးရေး ပြဿနာ၊ စီးပွားရေး ပြဿနာ၊ လူမှုရေး ပြဿနာ ပြဿနာပေါင်း မြောက်များစွာကို ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။

သာဓက အနေနဲ့ မဝေးသေးတဲ့ ကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ်တုန်းက အလွန်ပူပြင်းတဲ့ နွေရာသီ ဖြစ်ပေါ်ခဲ့တဲ့ အတွက် အပူချိန်လွန်ကဲမှုရဲ့ ဒဏ်ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသမှာ အသက်ဆုံးရှုံးမှုတွေ အများအပြား ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် မန္တလေးတိုင်းမှာ အပူချိန်ကြောင့် အသက်ဆုံးရှုံးရမှု ထောင်ဂဏန်းထိ ရှိခဲ့တယ်လို့ ဒေသခံများ ပြောပြချက်အရ သိခဲ့ရပါတယ်။ ဒီလိုပူပြင်းတဲ့ နွေရာသီမျိုးကို လည်း ၂၀၁၆ ခုနှစ်မှာ သတိထားဖို့ လိုတယ်။

 

ဒါဆိုရင် ရာသီဥတုနဲ့ ပတ်သက်ပြီး အစိုးရပဲဖြစ်ဖြစ်၊ အရပ်ဘက် အဖွဲ့အစည်းတွေကပဲ ဖြစ်ဖြစ် ဘာတွေ ပြင်ဆင်ထားသင့်ပါသလဲ။

အယ်နီညိုရဲ့ ထိခိုက်မှုဟာ ပထမ ခြောက်လထိ ရှိတဲ့ အတွက် မိုးရာသီကာလရဲ့ မိုးကြိုကာလ၊ မိုးဦးကာလ၊ မုတ်သုန်အဝင် စသည့် အချက်လက်များပေါ်မှာ ထိခိုက်မှု ရှိနိုင်တာ  ဖြစ်ပါတယ်။ အဲတော့ အယ်နီညိုရဲ့ အရှိန်ကြောင့် ၂၀၁၆ ခုနှစ်ရဲ့ မုတ်သုန်အဝင်ဟာ နောက်ကျနိုင်တယ် မုတ်သုန်ဟာ အားမကောင်းနိုင်ဘူး ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း ဖြစ်ပေါ်မှုဟာ များစွာလျော့နည်းနိုင်တယ်ဆိုတဲ့ အချက်များကို အယ်နီညိုရဲက အတွေ့ကြုံများအရ ဒါကြိုတင် သိရှိထားပြီးဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ သဘာဝ မဟုတ်တဲ့ ပြောင်းလဲလာမယ့် ပုံမှန်က ကွဲလွဲနေမယ့် ရာသီဥတု အခြေအနေများနှင့် အညီ လိုအပ်သလို လိုက်လျောညီထွေ လုပ်ကိုင်နိုင်ဖို့အတွက် အခုကတည်းက ဘက်ပေါင်းစုံ ဌာနပေါင်းစုံ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ရေရရှိရေး၊ စတဲ့ တာဝန်ရှိသူများက အများပြည်သူ အတွက် လိုအပ်တဲ့ အကြံဉာဏ်များ လုပ်ဆောင်ဖွယ်ရာများကို အချိန်မီ တင်ပြဖို့တော့ သင့်လျော်တယ်ဆိုတဲ့ အကြောင်း တင်ပြရင်းနဲ့ပဲ နိဂုံးချုပ်အပ်ပါတယ်။ နှစ်သစ်မှာ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး တွေ့ကြုံလာနိုင်တဲ့ သဘာဝဘေးများကို ကျော်လွှားနိုင်ပြီး ဘေးဘယာ ကင်းဝေးကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required