နိုင်ငံအားစစ်ပွဲပြင်ပတွင် ဆက်လက်ရှိနေစေမည်ဟု နှစ်သစ်သတင်းစကားအဖြစ် ဂျပန်ဝန်ကြီးချုပ် ကတိပြု

နိုင်ငံအားစစ်ပွဲပြင်ပတွင် ဆက်လက်ရှိနေစေမည်ဟု နှစ်သစ်သတင်းစကားအဖြစ် ဂျပန်ဝန်ကြီးချုပ် ကတိပြု

တိုကျို၊ ဇန်နဝါရီ ၁ ။            ။ တရုတ်က ၎င်း၏ဒုတိယမြောက်လေယာဉ်တင်သင်္ဘောကို တည်ဆောက်နေသည်ဟု တရုတ်က ကြေညာပြီးနောက် နောက်တစ်ရက်တွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ၎င်း၏နိုင်ငံအား စစ်ပွဲ၏ပြင်ပတွင်သာ ဆက်လက်ရှိနေစေမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁က နှစ်သစ်သတင်းစကားတစ်ခုတွင် ကတိပြုပြောကြားခဲ့သည်။ ဂျပန်သည် မကြာသေးမီက အငြင်းပွားဖွယ် လုံခြုံရေး ဥပဒေသစ်တစ်ခုကို စတင်ပြဋ္ဌာန်းခဲ့သည်။

"ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဥပဒေသစ်အရ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ဖြစ်နိုင်ဖွယ်ရှိတဲ့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ပြီး စစ်ကို ကျွန်တော်တို့တားဆီးသွားမှာပါ"ဟု မစ္စတာအာဘေးက ပြောသည်။ "ငြိမ်းချမ်းတဲ့ ဂျပန်နိုင်ငံကို ကျွန်တော်တို့ရဲ့ကလေးတွေ၊ မြေးတွေရဲ့မျိုးဆက် လက်ထဲ လွှဲပြောင်းဖို့ အခြေခံအုတ်မြစ်တစ်ခုကို အောင်မြင်စွာချနိုင်ခဲ့ပြီးဖြစ်ပါတယ်"ဟု၎င်းကဆိုသည်။

လွန်ခဲ့သည့်နှစ် စက်တင်ဘာလက တရားဝင်အားဖြင့် ငြိမ်းချမ်းရေးဝါဒီ ဂျပန်နိုင်ငံ၏ ပါလီမန်သည် ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပင်လယ်ရပ်ခြားတွင် ဂျပန်တပ်များသွားရောက် တိုက်ခိုက်မှုကို ခွင့်ပြုသည့် လုံခြုံရေးဥပဒေကြမ်းများကို အတည်ပြုခဲ့သည်။ ယင်းဥပဒေပြုမှုမှာ ပြည်တွင်းတွင် အားကောင်းသည့်လူထုဆန့်ကျင်မှုနှင့် တွေ့ကြုံခဲ့ရပြီး လူထောင်ပေါင်းများစွာက လမ်းများပေါ် ထွက်၍ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ ထို့အပြင် တရုတ်နှင့် ကိုရီးယားကျွန်းဆွယ်ကိုလည်း ဒေါသထွက်စေခဲ့သည်။

အဆိုပါဥပဒေပြဋ္ဌာန်းလိုက်ခြင်းကြောင့် အီရတ်သို့မဟုတ် အာဖဂန်နစ္စတန်သို့ အမေရိကန်က ဝင်ရောက်တိုက်ခိုက်ခြင်းမျိုးကဲ့သို့ ဝေးလံသည့်ပြည်ပ ပဋိပက္ခများတွင် ဂျပန်တပ်များပါဝင် လာနိုင်သည်ဟု ဝေဖန် သူများက သတိပေးခဲ့သည်။

ပေကျင်းသည် မကြာသေးမီနှစ်များအတွင်း ၎င်း၏စစ်အင်အားကို လျင်မြန်စွာတိုးချဲ့နေခဲ့ရာ အိမ်နီးချင်းနိုင်ငံများက စိုးရိမ်ထိတ်လန့်နေသဖြင့် နိုင်ငံခြားရေးပေါ်လစီအချက်အခြာကို အာရှကို ရွှေ့နေသည့် အမေရိကန်က အာရုံစိုက်လာခဲ့ရသည်။ အာရှ၏ အကြီးမားဆုံးစီးပွားရေးနိုင်ငံနှစ်ခုဖြစ်သည့် ဂျပန်နှင့် တရုတ်ကြား ဆက်ဆံရေးမှာ ဂျပန်အခေါ် ဆင်ကာကူ၊ တရုတ်အခေါ် တျောက်ယုကျွန်းများပိုင်ဆိုင်မှု အငြင်းပွားခြင်းကြောင့် တင်းမာလေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required