နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာမယ့် ၂၀၁၆အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ

နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာမယ့် ၂၀၁၆အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ

မြန်မာနိုင်ငံထဲကို နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုတွေ ပိုပြီးတော့ ဝင်ရောက်လာမလားဆိုတာက ၂၀၁၆ ခုနှစ်အတွက် မျှော်လင့်စရာ ဖြစ်လာနေပါတယ်။ ဒီအပေါ်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရရှိနိုင်မှာဖြစ်ပေမယ့် အလုပ်နဲ့ သင့်တော်မယ့် လေ့ကျင့် သင်ယူမှုတွေကို ပြင်ဆင်ထားရမှာလည်း ဖြစ်ပါတယ်။

တစ်ဘက်မှာကလည်း ပြည်တွင်းက အသေးစား စီးပွားရေးလုပ်ငန်းတွေ ဟန်ချက် မပျက်သွားနိုင်အောင်နဲ့ ကုန်ထုတ်လုပ်ငန်းတွေ ပိုပြီးတိုးတက်ဖို့ လိုအပ်နေပါတယ်။ အဓိက လိုအပ်နေတာကတော့ လူ့စွမ်းအား အရင်းအမြစ်ဖြစ်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

“လူ့စွမ်းအားအရင်းမြစ် ကိစ္စပေါ့၊လူ့စွမ်းအားအရင်းမြစ်ဆိုတာကသာမန်ဘွဲ့ရလူတွေတော့ ပေါတယ်၊ ပြသာနာကကျတော်တို့ကဘွဲ့တခုနဲ့ လုပ်ငန်းခွင်မှာသုံးလို့ မရဘူးပေါ့နော်” လို့ စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

“အဲ့ဒီအတွက်လည်း သင့်တော်မယ်ထင်တဲ့ ပညာရပ်တွေကို ထပ်ပြီး သင်ယူနေကြတယ် ဆိုပေမယ့် တစ်ချို့ကျတော့လည်း ကိုယ်ရွေးချယ်မယ့် လမ်းကြောင်းကို ကောင်းကောင်း မသိတာတွေ ရှိနေတာကလည်း အခက်အခဲ တစ်ခု ဖြစ်နေပါတယ်။ ဒီနေရာမှာ အင်္ဂလိပ်စာနဲ့ စကားကို ဦးစားပေး လေ့လာလိုက်စားကြဖို့ကို ဒေါက်တာ စိုးထွန်းက တိုက်တွန်းပါတယ်။

“ကျတော်တို့ မြင်တာကတော့ အများကြီးတော့ မလိုပါဘူး။ တခုထဲကိုသာ ကျွမ်းကျင်အောင် ဆောင်ရွက်ပေးနိုင်ရင် ရပါပြီ။ ဒုတိယအချက်ကတော့ ဘာသာစကားပေါ့နော် အင်္ဂလိပ်လို ကောင်းကောင်း ပြောတတ်၊ ဆိုတတ်ဆိုရင်ပဲ လစာက အနည်းဆုံး နှစ် ဆလောက် ဖြစ်နေပြီ” လို့ ပြောပါတယ်။

ဝန်ထမ်းတွေဘက်က ပြန်ကြည့်ရင် အရည်အသွေးမြင့်တင်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတာအပြင် လုပ်ငန်းရှင်တွေဘက်မှာလည်း အခက်အခဲတွေ ရှိနေတယ်ဆိုသူကတော့ UMFCCI ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဦးမိုးမြင့်ကျော် ဖြစ်ပါတယ်။

“ကျတော်တို့ဆီမှာရှိတဲ့ လုပ်ငန်းရှင်က အသေးစား အလတ်စားတောင် မဟုတ်ဘူး နောက်ဆုံး အသေးမွှား လေးတွေကအစ ရှိနေကြတယ်၊ တကယ့် တကယ် မတိုးတက်ကြဘူး၊ လုပ်ငန်း အခွင့်လမ်းတွေက သေချာမပေါ်ဘူး။ လုပ်နေတဲ့ လူတွေလည်း စီးပွားမဖြစ်ဘူး” လို့ ဦးမိုးမြင့်ကျော်က ပြောပါတယ်။

ပြည်တွင်းက အသေးစား တစ်နိုင်စီးပွားရေး လုပ်ငန်းတွေမှာ စိန်ခေါ်စရာတွေ ရှိနေပြီး ရေရှည် ရပ်တည်နိုင်ဖို့ကျတော့ အခက်အခဲတွေ ရှိနေပါသေးတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့အတူ ဒီလိုမျိုးစီးပွားရေး လုပ်ငန်းတွေကို ဘယ်လိုမျိုး ထိန်းကျောင်း သွားသင့်သလဲ ဆိုတာကိုတော့ ဦးမိုးမြင့်ကျော်က အခုလို အကြံပြုပါတယ်။

“ကျတော်တို့ တိုင်းပြည်သည် သူများနိုင်ငံထက် ဘာအားသားချက် ရှိလဲ၊ အဲဒီကဏ္ဍကို အစိုးရက လမ်းဖွင့် ပေးရမယ်၊ ပြီးရင် ကျတော်တို့က စုစည်းရမယ်၊ ဖွဲ့စည်းရမယ်၊ တည်ဆောက်ရမယ်၊ အဲ့ခါမှာ ကျတော်တို့က ဒီလုပ်ငန်းကြီးအပေါ် လူတိုင်းက သက်ဝင်ယုံကြည်ပြီး အကုန်လုံး ပါလာမယ်၊ ပါလာတဲ့ အလျောက် သူ့ကဏ္ဍအလိုက် စီးပွားဖြစ်လာကြမယ်၊ သူနဲ့ ပတ်သက်လို့ အလုပ်ကိုင် ပေးလာနိုင်မယ်၊ လူတွေက ဝင်ငွေရနိုင်မယ်” လို့ဆိုပါတယ်။

နောက်ထပ်မဝေးတော့တဲ့ နေ့ရက်တွေမှာ အခုထက်ပိုတဲ့ အလုပ်ကိုင်အခွင့် အလမ်းတွေကို ဖြစ်ပေါ် လာနိုင်ပါ့မလား ဆိုတာကတော့ စိတ်ဝင်စား စရာပါ။ လက်ရှိအချိန်အထိ ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်နေ ကြတဲ့ မြန်မာလုပ်သား အရေအတွက်က (၃)သန်းလောက် ရှိနေပြီး ရွှေ့ပြောင်းလုပ်သား အရေးကလည်း စိုးရိမ်စရာဖြစ်လာနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags