သိမ်းဆည်းခံလယ်ယာမြေအရေး NLDကသီးသန့်ဖြေရှင်းမည်

သိမ်းဆည်းခံလယ်ယာမြေအရေး NLDကသီးသန့်ဖြေရှင်းမည်
ရှမ်းပြည်နယ်၊ တောင်ကြီးတွင် သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေးအတွက် တောင်သူလယ်သမားများက ဆန္ဒဖော်ထုတ်နေစဉ်။ ဓါတ်ပုံ။ မဇ္စျိမ။

ရန်ကုန်၊ ဇန်နဝါရီ ၁။          ။တစ်နိုင်ငံလုံးရှိ သိမ်းဆည်းခံလယ်ယာမြေအရေးကို သီးသန့်ဖြေရှင်းသွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တောင်သူလယ်သမားရေးရာကော်မတီဥက္ကဌ ဦးညီပုက မဇ္ဈိမကို ဒီဇင်ဘာ ၃၀ရက်တွင်ပြောသည်။

"ဥပဒေမဲ့ဆုံးရှုံးသွားတဲ့လယ်ယာမြေကိစ္စတွေကို သီးသန့်ဖြေရှင်းပေးဖို့ရှိတယ်။ အရင်ကတည်းက ပါတီက အစိုးရအဖွဲ့ကိုဦးဆောင်မယ်ပြောထားတယ် ပါတီကလယ်သိမ်းခံရတဲ့ အချက်အလက်တွေကို စုဆောင်းပြီး အစိုးရနဲ့ လွှတ်တော်ကိုအသိပေးပြီး သီးသန့်ဖြေရှင်းမှာပါ။" ဟု ၎င်းကဆိုသည်။

၂၀၁၅- ၂၀၁၆ဘဏ္ဍာနှစ်အတွင်း လယ်ယာမြေများသိမ်းဆည်းသည့် ပြဿနာများဆက်လက်ကြားသိ နေရသဖြင့် မိမိတို့ပြည်နယ်နှင့် တိုင်းအားလုံးရှိ လယ်ယာမြေသိမ်းဆည်းခံရမှုများရှိပါက မြို့နယ်အလိုက် စာရင်းများပြုစုထားကြရန်လည်း ဒီဇင်ဘာ ၂၈ရက်က NLD တောင်သူလယ်သမားရေးရာကော်မတီက တိုင်းနှင့်ပြည်နယ်အနံှ့ရှိ ကော်မတီဝင်များသို့ ထုတ်ပြန်တိုက်တွန်းထားသည်။

NLD တောင်သူလယ်သမားရေးရာကော်မတီက ဥပဒေမဲ့ လယ်ယာမြေသိမ်းဆည်းခံရသည့် အချက်အလက်များ ကိုစုစည်းကာ အမှန်တကယ်နစ်နာသူများအတွက်ဖြေရှင်းပေးနိုင်ရေး NLD ကဖွဲ့စည်းမည့် အစိုးရနှင့် လွှတ်တော်တို့နှင့် ပူးပေါင်းပြီးဖြေရှင်းမည်ဟု ဦးညီပုကဆိုသည်။

လက်ရှိပြည်ထောင်စုလွှတ်တော်ကလည်း လယ်ယာမြေသိမ်းဆည်းခံရမှုများနှင့် ပက်သက်ပြီး စုံစမ်းစစ်ဆေး မှုများကို တစ်နိုင်ငံလုံး၌ အဖွဲ့၁၁ဖွဲ့ဖြင့်စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ အမှုအချို့ကိုအစိုးရက ဖြေရှင်းပေးခဲ့ သည်ဟု ရန်ကုန်တိုင်းသိမ်းဆည်းခံမြေယာစုံစမ်းရေးအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က မဇ္ဈိမကိုပြောသည်။

"အခုထိအစိုးရက မဖြေရှင်းနိုင်သေးတဲ့အမှုတွေလွှတ်တော်မှတ်တမ်းမှာရှိသေးတယ်။ မဖြေရှင်းနိုင်တာက ဖြေရှင်းနိုင်တာထက်ပိုများတယ်။ အဓိကတော့မြေယာပေါ်လစီနဲ့ မြေသိမ်းဥပဒေတွေ အဲဒါတွေကိုပြန်လည် ပြင်ဆင်ပေး၊ လွှတ်တော်ထဲကျန်နေတဲ့အမှုတွေကို နိုင်ငံတော်အဆင့်နဲ့ ပြန်လည်ဖြေရှင်းနိုင်ဖို့ အရင်လုပ်ရမည်။" ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုလွှတ်တော်က စုံစမ်းစစ်ဆေးထားသည့် အမှုတွဲများအားလုံးက ပြည်ထောင်စုလွှတ်တော်၊ အစိုးရဝန်ကြီးဌာနများ၊ ပြည်နယ်၊တိုင်းအစိုးရအဖွဲ့များ၏ လက်ဝယ်တွင်ယနေ့အထိရှိနှင့်နေပြီးဖြစ်သဖြင့် ယင်းအမှုများအားလုံးကိုပင် NLD အစိုးရအနေဖြင့် နိုင်ငံတော်အဆင့်ဖြင့်တာဝန်ယူဖြေရှင်းရန်လိုအပ်သည် ဟုလည်း ဦးအောင်ဇင်က ပြောသည်။

ဦးသိန်းစိန်အစိုးရက ပြည်ထောင်စုလွှတ်တော်မှ ပေးပို့ထားသည့် အမှုပေါင်းနှစ်သောင်းတွင် တစ်သောင်း ကျော်သာ ဖြေရှင်းနိုင်သေးပြီး၊ အမှုပေါင်းရှစ်ထောင်ကျော်ဖြေရှင်းရန်ကျန်ရှိနေသေးသည်ဟု စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ဦးခိုင်မောင်ရည်ကဆိုသည်။

ပြည်ထောင်စုလွှတ်တော်၏ လယ်ယာမြေသိမ်းဆည်းခံရသူများနစ်နာမှုမရှိရေးစုံစမ်းစစ်ဆေးရေးကော်မရှင်က လယ်သိမ်းအမှုပေါင်း ၂၀၀၀၀နီးပါးကို ဖြေရှင်းပေးနိုင်ရန် အစိုးရထံသို့ အပိုင်း ၁မှ ၉အထိတင်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags