ယုဇန ဥယျာဉ်အိမ်ရာ ကိစ္စ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ

ယုဇန ဥယျာဉ်အိမ်ရာ ကိစ္စ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာနေတဲ့ ကိုလွင်ဦး ရေးလိုက်တဲ့ စာတစ်စောင်ကို မဇ္ဈိမ စာဖတ်သူကဏ္ဍက လက်ခံရရှိခဲ့ပါတယ်။ ရေးလိုက်တဲ့ အကြောင်းအရာကတော့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ရှိတဲ့ ယုဇန ဥယျာဉ်အိမ်ရာမှာ ရေကောင်းရေသန့် ရရှိဖို့နဲ့ ပျက်စီး နေတဲ့ လမ်းတွေကို ပြုပြင်ဖို့ အိမ်ရာအုပ်ချုပ်ရေးရုံးနဲ့ စည်ပင်တို့ ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာ သိချင်ပြီး တာဝန်ရှိသူတွေအနေနဲ့ ယုဇနအိမ်ရာကို ဂရုတစိုက် လုပ်ပေးစေချင်တဲ့ စိတ်နဲ့ ရေးလိုက်တဲ့ စာပါလို့ ဆိုပါတယ်။

သူဟာ ယုဇနအိမ်ရာ တိုက်ခန်းမှာ နေထိုင်ခဲ့တာ ၁၅ နှစ်ခန့် ရှိပြီဖြစ်ပြီး ကိုယ်ပိုင်အိမ်ခန်းနဲ့ နေချင်တဲ့အတွက် မိမိတတ်နိုင်တဲ့ ငွေနဲ့ ဒီအိမ်ခန်းကို ဝယ်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ စပြီး နေ ကတည်းက ဒီနေ့အထိ အိမ်ခန်းတွေကို
ပေးတဲ့ရေဟာ အမြဲအဝါရောင်သန်းလို့ ဆီဝေ့နေတဲ့အတွက် ရေဆိုးတာနဲ့ သန့်ရှင်းရေးအတွက်သာ ဒီရေကို အသုံးပြုပြီး သောက်ဖို့နဲ့ ချက်ပြုတ်ဖို့အတွက်ကတော့ ရေလှည်းနဲ့ ရောင်းတဲ့သူတွေဆီက ဝယ်သုံးရတယ်လို့ ဆိုပါတယ်။

ယုဇနနဲ့ ရန်ကုန်မြို့ထဲကို သွားလာဖို့ မထသ က ခရီးသည်တင်ယာဉ်တွေ စီစဉ်ထားပေမဲ့  အချိန်လုပြီး အလုပ်လုပ်နေကြရတဲ့ သူတွေကတော့ စုပေါင်း တက္ကစီတွေကိုပဲ စီးကြရပါတယ်။ ကားခ အပိုကုန်နေတာကိုလည်း ခံနိုင်ပေမယ့် သည်းမခံနိုင်တာ ကတော့ ယုဇနရဲ့ လမ်းတွေပါပဲ။ ယာဉ်လိုင်း ကားတွေ မောင်းတဲ့ လမ်းတွေမှာ ချိုင့်ခွက်တွေ အများအပြား ဖြစ်ပေါ်လို့ မိုးရွာရင် ရေလျှံတာကြောင့် လမ်းဘေးက လျှောက်တဲ့ သူတွေမှာ ကားတွေ ဖြတ်မောင်းသွားရင် ရွံ့ဗွက်စင်ခံရပြီး ကံမကောင်းရင် ကားဘီးနဲ့ ထိပြီး လွင့်လာတဲ့ ခဲမှန်တာကိုလည်း ခံကြရတယ်လို့ ရေးပါတယ်။

လမ်းမကောင်းတာက လမ်းမကြီးတင်မကဘဲ တိုက်တွေရှိတဲ့ လမ်းသွယ်တွေမှာလည်း လမ်းတွေက မြင်မကောင်းအောင် ပျက်စီးပြီး နေသာရင် မသိသာပေမယ့် မိုးရွာရင်တော့ ညစ်ပတ်တဲ့ ရေတွေပြည့်လျှံနေတဲ့ လမ်းပေါ်မှာ မဖြစ်မနေ
လျှောက်လှမ်းရတဲ့အတွက် နေ့စဉ်နဲ့ အမျှ စိတ်ရော ကိုယ်ပါ ဆင်းရဲကြရပါတယ်။ ယုဇနမှာ နေသူတွေက နေထိုင်ကြတဲ့ လူဦးရေကလည်း တစ်နေ့တခြား ပိုမိုများပြားလာတာကြောင့် သန့်ရှင်းမှုမရှိဘဲ ညစ်ပတ်နေတာဟာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက် လာစေတာကို တာဝန်ရှိသူတွေအနေနဲ့ သတိမူပြီး ကာကွယ်ပေးစေချင်တယ်လို့ ဆိုပါတယ်။

အိမ်ခန်းတွေကို အဖြစ်ဆောက်ထားလို့ အောက်ထပ်မှာနေတဲ့ အခန်းတွေရဲ့ မျက်နှာကြက်က အင်္ဂတေ ကွာကျလို့ ဘယ်နေ့ ခေါင်းကွဲမလဲလို့ စိုးရိမ်နေရတာကလည်း ယုဇန နေသူတွေရဲ့ ခံစားမှု တစ်ခုပါပဲလို့ ပြောပါတယ်။

သူပြောချင်တာကတော့ ယုဇနအိမ်ရာနေသူတွေက အခြားအရာတွေထက် အဓိကကျတဲ့ ရေကောင်းရေသန့် ရဖို့ကို အမြန်ဆုံး အကောင်အထည်ဖော်ပေးစေချင်သလို ပျက်စီး နေတဲ့ ယုဇနအိမ်ရာအတွင်းက လမ်းတွေကိုလည်း အမြန်ဆုံး ပြင်ပေးစေချင်တဲ့ အတွက် အုပ်ချုပ်ရေး ရုံးခန်းကို ပြောရမှာလား၊ စည်ပင်ကို ပြောရမှာလား မသိတာကြောင့် မဇ္ဈိမစာဖတ်သူ ကဏ္ဍကိုပဲ
ရေးသားပေးပို့ လိုက်တာကို ဖော်ပြပေးစေချင်ပါတယ်လို့ ဆိုလာတဲ့ စာကို ဖော်ပြလိုက် ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required