Myanmar Media 7 မှ မြန်မာရုပ်သံ ဇာတ်လမ်းတွဲနှစ်ခု စတင် ရိုက်ကူးမည်

Myanmar Media 7 မှ မြန်မာရုပ်သံ ဇာတ်လမ်းတွဲနှစ်ခု စတင် ရိုက်ကူးမည်
Myanmar Media 7 မှ ရိုက်ကူး ထားသည့် ဝိညာဉ်စိမ်း ရုပ်ရှင် ဇာတ်ကား၏ ဇာတ်ဝင်ခန်းကို တွေ့ရစဉ်။

ရန်ကုန် ၊ ဒီဇင်ဘာ ၃၁ ။            ။ Myanmar Media 7 မှ အနုပညာ လှုပ်ရှားမှု အဖြစ် အပိုင်း ၁၅ ပိုင်းဆီ ပါဝင်မည့် မြန်မာရုပ်သံ ဇာတ်လမ်းတွဲ နှစ်ခုကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလနှင့် ဧပြီ လတို့တွင် ရိုက်ကူး ပုံဖော် သွားမည် ဖြစ်ပြီး Mntv ရုပ်သံလိုင်းတွင် ပြသ သွားမည် ဖြစ်သည်။

ပထမ ဇာတ်လမ်းတွဲသည် စိတ်စွမ်းအား ဇာတ်ကား ဖြစ်ပြီး ၁၀မိနစ် ၁၅ မိနစ် အတွင်း ဖြစ်ပျက်မည့် အကြောင်း အရာကို ကြိုသိနိုင်သည့် စိတ်စွမ်းအား ပိုင်ဆို ထားကြသည့် လူငယ် နှစ်ဦးနှင့် အချစ် ကို ရောနှောပြီး ရိုက်ကူး ထားမည့် ဇာတ်လမ်းတွဲ ဖြစ်သည်။

ထို ဇာတ်လမ်းကို ဒါရိုက်တာ သားညီ မှ ရိုက်ကူး ပုံဖော်မည် ဖြစ်ပြီး ဇာတ်လမ်း ၊ဇာတ်ညွှန်း မင်းခိုက်စိုးစံ ဖြစ်ကာ သရုပ်ဆောင် တွေက သိန်းလင်းစိုး ၊ နောက်ထပ် လူငယ် အဆိုတော် တစ်ဦး လည်း ပါဝင်မည် ဖြစ်ကာ လက်ရှိတွင် ညှိနှိုင်းနေဆဲ ဖြစ်ပြီး ဇာတ်ကား နာမည် ကိုလည်း ရွေးချယ် နေဆဲ ဖြစ်သည်။

Myanmar Media 7 မှ ကိုဝေမင်းမောင် က "ဖေဖော်ဝါရီလထဲမှာ တစ်ကား စရိုက်မယ် ၁၅ပိုင်း ပါမယ် ၊ နောက်ထပ် ဇာတ်လမ်းတွဲကို ၄လပိုင်း မှာထပ်ရိုက်မယ် ဇာတ်လမ်းတွဲ ပရိသတ်က အခိုင်အမာ ရှိတဲ့ အတွက် ပူစရာတော့ သိပ်မရှိပါဘူး။ အခု ဇာတ်လမ်းတွဲ နှစ်ခုက ဇာတ်အိမ် ဆန်းတယ်။ တစ်ခု ကတော့ စိတ်စွမ်းအား ကား ဖြစ်ပြီး နောက်တစ်ကား ကတော့ လူငယ် သုံးဦး အကြောင်းကို ပုံဖော် ထားတာပါ" ဟု ပြောသည်။

နောက်ထပ် ဇာတ်လမ်းတွဲ တစ်ခုကတော့ ရွှေမိုးငွေမိုးသွန်းဖြိုးလို့ရွာ ဟု အမည်ပေး ထားပြီး မိဘမဲ့ကျောင်းက ထွက် လာသည့်  လူငယ် သုံးဦး မှ မြို့တက် အလုပ်လုပ်ကြရင်း သူတို့၏ အလွဲများ ၊ သူတို့၏ ဘဝများ ၊ သူတို့ ၏ အချစ်တွေကို ပုံဖော် ရိုက်ကူးမည့် ဇာတ်လမ်း ဖြစ်သည်။  

ထို ဇာတ်ကားကို ဒါရိုက်တာ သြရသ မှ ရိုက်ကူး ပုံဖော်မည် ဖြစ်ပြီး သရုပ်ဆောင်များ အဖြစ် မင်းမော်ကွန်း ၊ ထွန်းထွန်း ၊ ရဲလေး ၊ ဂျိုကာ တို့ ပါဝင် သရုပ်ဆောင် ကြမည် ဖြစ်ကာ မင်းသမီး တစ်ဦးလည်း ပါဝင်မည် ဖြစ် ပြီး လက်ရှိတွင် ရွေးချယ်နေဆဲ ဖြစ်သည်။

ဒါရိုက်တာ သားညီ ရိုက်ကူးမည့် ဇာတ်လမ်းတွဲကို Mntv ရုပ်သံလိုင်းတွင် မတ် လကုန်မှ စတင်ပြီး အပတ်စဉ် တနင်္ဂနွေ နေ့တိုင်း ည ၇နာရီတွင် ထုတ်လွှင့် ပြသမည် ဖြစ်ပြီး channel 9 တွင် အပတ်စဉ် သောကြာနေ့တိုင်း ည ၇နာရီတွင် ပြန်လည် ထုတ်လွှင့် ပြသ သွားမည် ဖြစ်သည်။

Myanmar Media 7 က တစ်နှစ်လျှင် ရုပ်ရှင် ဇာတ်ကား တစ်ကား ကို ရိုက်ကူး နေကြ ဖြစ်သလို တခြား ရုပ်သံ ပရိုဂရမ်များ အပြင် ယခုအခါတွင် မြန်မာ ရုပ်သံ ဇာတ်လမ်းတွဲကိုပါ ရိုက်ကူး ပုံဖော်ရန် စီစဉ် ထားခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required