အဆိုတော် G-Fatt ၏ ၂၃ နှစ်ပြည့် မွေးနေ့ပွဲကို ပရိသတ်များနှင့် အတူ ကျင်းပ

အဆိုတော် G-Fatt ၏ ၂၃ နှစ်ပြည့် မွေးနေ့ပွဲကို ပရိသတ်များနှင့် အတူ ကျင်းပ

ရန်ကုန် ၊ ဒီဇင်ဘာ ၃၁ ။               ။ လူငယ် အဆိုတော် G-Fatt သည် ဒီဇင်ဘာ ၃၁ရက်တွင် ကျရောက်သည့်၂၃နှစ်ပြည့် မွေးနေ့ပွဲကို ၎င်းတက်ရောက်ခဲ့သည့် သင်္ကန်းကျွန်း မြို့နယ်ရှိ အ.ထ.က(၂) ကျောင်းတွင် G-Fatt Fan Group နှင့်အတူ မွေးနေ့ပွဲ ကျင်းပ ပြုလုပ် ခဲ့သည်။

အဆိုတော် G-Fatt က "ဒီနှစ် မွေးနေ့မှာ ပရိသတ် တွေ နဲ့ ပထမဆုံး တွေ့ပြီး လုပ်ဖြစ်တာပါ။ ဒီကျောင်းက ၁၀တန်း အထိ တက်ခဲ့တဲ့ ကျောင်း ဖြစ်တဲ့ အတွက် အမှတ်တရတွေ အများကြီး ရှိတဲ့ အတွက် လုပ်ဖြစ်တာပါ။ G-Fatt Fan တွေကလည်း တွေ့ချင် နေတာ ဆိုတော့ တွေ့ဖို့ အခွင့်အရေး ကလည်း မွေးနေ့မှ အဆင်ပြေ တာ ဆိုတော့ သူငယ်ချင်း တွေ နဲ့ တိုင်ပင်ပြီး လုပ်ဖြစ် ခဲ့တာပါ" ဟု ပြောသည်။

မွေးနေ့ပွဲကို မနက် ၉နာရီတွင် စတင် ကျင်းပ ပြုလုပ် ခဲ့ပြီး G-Fatt Fan အများအပြား တက်ရောက် ခဲ့ကြပြီး အဆိုတော် G-Fatt မှ တေးသီချင်းများ ဆိုပြ ခဲ့သလို မေးခွန်းများ မေးကာ ပရိသတ်များကို လက်ဆောင် ပစ္စည်းများ ပေးခဲ့သည်။

ထို့နောက် G-Fatt Fan များ နှင့်အတူ မွေးနေ့ ကိတ်မုန့် ခွဲပြီး ပရိသတ် များကလည်း မွေးနေ့ လက်ဆောင် များ ပေးခဲ့ကြသလို အဆိုတော် G-Fatt မှလည်း ၎င်းပုံ ပါဝင်သည့် ပြက္ခဒိန် နှင့် လက်ကိုင်ပဝါကို အမှတ်တရ လက်မှတ်ရေးထိုးပြီး ပေးခဲ့သည်။

G-Fatt သည် လက်ရှိတွင် ၎င်း၏ ပထမဆုံး တစ်ကိုယ်တော် အခွေ ကို ၂၀၁၆ ခုနှစ် ထဲတွင် ထွက်ရှိနိုင်ရန် ပြင်ဆင် နေပြီး ဒါရိုက်တာ ဂျိုး ရိုက်ကူးမည့် ကိုယ့်သမိုင်းကိုယ်ရေးကြသူများ(၂) (ပလက်ဖောင်းယဉ်ကျေးမှု) ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်မည် ဖြစ်သည်။

ထို ဇာတ်ကားတွင် သရုပ်ဆောင်များ အဖြစ် ယုန်လေး ၊ နိုင်းဝမ်း ၊ ကြက်ဖ ၊ G-Fatt ၊ J-Fire ၊ Ice Cold တို့မှ ပါဝင် သရုပ်ဆောင်ကြမည် ဖြစ်သည်။

"ကိုယုန်လေး စီစဉ် တာပါ ကျွန်တော် တို့ကလည်း သူပြောတဲ့ ကာရိုက်တာ နဲ့ က တစ်ပုံစံတည်း ဆိုတော့ အဆင်ပြေတယ်။ ဒီကား က ကျွန်တော့ အတွက် တာဝန် ကြီးပါတယ်။ ကျွန်တော်က  underground က အဆိုတော် တစ်ယောက်ပေါ့ ။ အဲဒီထဲမှာ ပြည်ပသို့ပေးစာ သီချင်းကို သုံးဖို့ စဉ်းစား ထားပါတယ်" ဟု ၎င်းက ပြောသည်။

အဆိုတော် G-Fatt အနေဖြင့် အနုပညာ လှုပ်ရှားမှု အပြင် ၎င်း၏ G-Fatt Fan Group နှင့်လည်း လိုအပ်နေသည့် နေရာများတွင် ပရဟိတ လုပ်ငန်းများကို ဆက်လက် လုပ်ကိုင် သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required