ချစ်သူဟောင်းနှင့် ကွဲနေသော Kim Hyun Joong သည်သူ၏ ရင်သွေးအား အုပ်ထိန်းရေးကို တာဝန်ယူဖွယ်ရှိကြောင်း မင်းသား၏ ဖခင်ပြော

ချစ်သူဟောင်းနှင့် ကွဲနေသော Kim Hyun Joong သည်သူ၏ ရင်သွေးအား အုပ်ထိန်းရေးကို တာဝန်ယူဖွယ်ရှိကြောင်း မင်းသား၏ ဖခင်ပြော

ဆိုးလ်၊ ဒီဇင်ဘာ ၃၀ ။            ။ ကိုရီးယားမင်းသားနှင့် အဆိုတော်ဖြစ်သူ Kim Hyun Joong ၏ ချစ်သူဟောင်းက မွေးဖွားခဲ့ သည့် ကလေး၏ ဖခင်မှာ မင်းသား Kim Hyun Joong ဖြစ်ကြောင်း ဆိုးလ်အမျိုးသားတက္ကသိုလ်မှ ဆေးကောလိပ်၏ ဆေးစစ်ချက်က အတည်ပြုနိုင်ခဲ့ပြီးနောက်၊ ထိုကလေးအား ကျွေးမွေးစောင့်ရှောက် အုပ်ထိန်းရေးကို မင်းသားက တာဝန်ယူရန် သဘောတူထားကြောင်း မင်းသား၏ ဥပဒေအကျိုးဆောင် အဖွဲ့က ဆိုခဲ့သည်။

သို့ရာတွင် မင်းသားအနေဖြင့် ထိုကလေးအား ထိန်းသိမ်းစောင့်ရှောက်ခွင့် ရရေးအတွက် သူ၏ ချစ်သူဟောင်းနှင့် တရားဥပဒေတိုက်ပွဲကို ဆင်နွှဲရဖွယ်ရှိကြောင်းလည်း မင်းသားမိဘများ၏ မှတ်ချက် များက ညွှန်ပြနေသည်။

အကယ်၍ Kim Hyun Joong ၏ ချစ်သူဟောင်း Choi အနေဖြင့် ကလေးကို ထိန်းသိမ်းစောင့် ရှောက်နိုင်ခြင်း မရှိပါက၊ ထိုကလေးကို မင်းသား Kim က စောင့်ရှောက်လိမ့်မည်ဖြစ်ကြောင်း မင်းသား ၏ ဖခင် Kim Hong Sung က ရုပ်သံအစီအစဉ်တစ်ခုတွင် ပြောခဲ့သည်ဟု Korea Times မီဒီယာတွင် ဖော်ပြထားသည်။

“ကျွန်တော့်သားနဲ့ သူ့ရဲ့ ချစ်သူဟောင်းတို့ နှစ်ယောက်ထဲက ဘယ်သူက ကလေးအတွက် ပိုကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနိုင်လိမ့်မလဲ ဆိုတာကို တရားရုံးတစ်ခုက အဆုံးအဖြတ် ပေးလိမ့်မယ် လို့ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု Kim Hong Sung က ဆိုခဲ့သည်။

ထိုပြောဆိုချက်မှာ Choi အပေါ် အသရေဖျက်ခြင်း ဖြစ်ကြောင်းနှင့် Choi ၏ စောင့်ရှောက် အုပ်ထိန်းနိုင်စွမ်းအပေါ် မေးခွန်းထုတ်လိုက်ခြင်း ဖြစ်ကြောင်း Choi ၏ ရှေ့နေ Sun Jung Moon က တုံ့ပြန် ပြောဆိုခဲ့သည်။

“အဲဒီ စော်ကားမှှုနဲ့ ပတ်သတ်ပြီး သူတို့ ပြန်ပြီး တောင်းပန်ကြဖို့ ကျွန်တော်တို့ တောင်းဆိုသွား မှာပါ” ဟု Choi ၏ ရှေ့နေက ဆိုခဲ့သည်။ Choi မှာ အနုပညာကြယ်ပွင့် Kim Hyun Joong ထက် အသက် ၂ နှစ်ခန့်ကြီးကာ၊ သာမန် အညတရ အမျိုးသမီးတစ်ဦး ဖြစ်သည်။ Choi သည် ကလေးစရိတ်နှင့် မယားစရိတ်အဖြစ် မင်းသား ထံမှ တစ်လလျှင် ဒေါ်လာ ၄၂၀၀ တောင်းဆိုထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required