ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ

ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ

ဂျူဗင်တပ်စ်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဂ်ဘာဆိုတာ လက်ရှိဘောလုံးကမ္ဘာမှာ အကောင်းဆုံးကွင်းလယ် ကစားသမားတွေထဲက တစ်ဦး ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ်သာ ရှိသေးတာကြောင့် အနာဂတ် တောက်ပလွန်းနေတဲ့ လူငယ်ကစားသမား တစ်ဦးလို့လည်း ဆိုနိုင်ပါတယ်။

ဒါပေမဲ့ ဒီရာသီမှာတော့ ပေါ့ဂ်ဘာ တစ်ယောက် ဝေဖန်မှုအချို့နဲ့ ရင်ဆိုင်နေရပါတယ်။ တီဗက်ဇ်ရဲ့ ကျောနံပါတ် ၁၀ ကို ပြောင်းလဲ ဝတ်ဆင်ခဲ့ပြီးတဲ့နောက် ပုံမှန်ခြေစွမ်းပျောက်ဆုံးနေလို့ ပရိသတ်တွေက ဝေဖန်နေကြတာ ဖြစ်ပါတယ်။ တကယ်တော့ ပေါ့ဂ်ဘာရဲ့ ခြေစွမ်းက အရမ်းကြီးကျဆင်းသွားတာ မဟုတ်ပါဘူး။ ဒီရာသီမှာ ဂျူဗင်တပ်စ်အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားတွေ ထွက်ခွာသွားခဲ့လို့ ပေါ့ဂ်ဘာရဲ့ ပုခုံးပေါ်ကို တာဝန်တွေ၊ ဖိအားတွေ ကျရောက်လာခဲ့ရပါတယ်။ အရွယ်နဲ့ မလိုက်အောင် အသင်းကို ထိန်းကျောင်းနေရသူပါ။

ဒီလို ဝေဖန်မှုတွေ၊ ဖိအားတွေ ခံနေရချိန်မှာ ပေါ့ဂ်ဘာကို လိုချင်နေတဲ့ ဥရောပထိပ်သီးအသင်းကြီးတွေကလည်း ခေါ်ယူဖို့ လေသံပစ်လာကြပါပြီ။ ဘာစီလိုနာ၊ မန်ယူ၊ မန်စီးတီး၊ ချယ်လ်ဆီး၊ ပီအက်စ်ဂျီ ငွေသုံးနိုင်တဲ့ ထိပ်သီးအသင်းတွေအားလုံး ပေါ့ဂ်ဘာကို စိတ်ဝင်စားနေကြပါတယ်။ ဒါကြောင့် ပေါ့ဂ်ဘာရဲ့ နောက်ကြောင်းကို နည်းနည်းလောက် ပြန်လှန်ကြည့်ရအောင်ပါ။

အသက် ၆ နှစ်ကတည်းက

ဘောလုံး စကစားခဲ့သူ ဘောလုံး စကစားခဲ့သူပေါ့ဂ်ဘာကို ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ကြီးရဲ့ အရှေ့ဘက်မှာရှိတဲ့ Lagny-sur-Marne ဆိုတဲ့ အရပ်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ မိဘနှစ်ပါးက ဂီနီနဲ့ ကွန်ဂိုလူမျိုးတွေဖြစ်ကြပါတယ်။ အသက် ခြောက်နှစ်အရွယ်မှာပဲ ပေါ့ဂ်ဘာ ဘောလုံးစကစားခဲ့ပါတယ်။ သူတို့မြို့ရဲ့ တောင်ဘက် မိုင်အနည်းငယ်ဝေးတဲ့ အရပ်က Roissy-en-Brie ဆိုတဲ့ အသင်းလေးမှာ စပြီးကစားခဲ့တာပါ။ အဲ့ဒီအသင်းမှာ ၇ နှစ်ကြာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်တော့ Torcy ဆိုတဲ့ အသင်းလေးကို ပြောင်းခဲ့ပါတယ်။ အဲ့ဒီအသင်းရဲ့ ၁၃ နှစ်အောက်အသင်းမှာ အသင်း ခေါင်းဆောင်အဖြစ် တစ်နှစ်တာ ကစားပြီးတဲ့နောက်မှာတော့ ပြင်သစ်ပရော်ဖက်ရှင်နယ် ဘောလုံးအသင်း Le Havre ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲ့ဒီအသင်းမှာ ၂ နှစ်တာ ကစားပြီးတဲ့နောက်မှာတော့ မန်ယူအသင်းရဲ့ ဘောလုံးကင်းထောက်တွေက ပေါ့ဂ်ဘာကို တွေ့ရှိသွားပြီး အင်္ဂလန်မြေကို ခေါ်ဆောင်သွားခဲ့ပါတယ်။

ဖာဂူဆန်နဲ့ တိုက်ပွဲ

ပေါ့ဂ်ဘာ ၁၇ နှစ်သားအရွယ်မှာ မန်ယူအသင်းရဲ့အကယ်ဒမီကို ရောက်ရှိခဲ့ပါတယ်။ လူငယ်အသင်းမှာ ၂ နှစ်ကြာ ကောင်းကောင်း သင်ယူခဲ့ပြီးတဲ့နောက် အသင်းကြီးကို ရောက်ရှိခဲ့ပါတယ်။ အဲ့ဒီမှာပဲ နည်းပြပြီး ဖာဂူဆန်နဲ့ ပေါ့ဂ်ဘာတို့ ထိပ်တိုက်တွေ့ကြပါတော့တယ်။ လူငယ်ပီပီ ယုံကြည်မှုပြင်းထန်တဲ့ ပေါ့ဂ်ဘာက သူ့ကို ပွဲထွက်ကစားခွင့် ပိုမိုပေးဖို့ ဖာဂူဆန်ကို တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ တစ်ရာသီလုံးမှာ ဝုဗ်၊ စတုခ်စီးတီး၊ ဝက်စ်ဘရွန်းနဲ့ ပွဲစဉ် သုံးပွဲမှာပဲ လူစားဝင်ကစားသမားအဖြစ် ကစားခွင့်ရခဲ့ပါတယ်။ ဒါကြောင့် ပေါ့ဂ်ဘာဟာ မန်ယူအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ငြင်းပယ်လိုက်ပြီး စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်ကို ပြောင်းဖို့ ရွေးချယ်လိုက်ပါတယ်။

အောင်မြင်မှုများနဲ့ ပေါ့ဂ်ဘာ

ဂျူဗင်တပ်စ်အသင်းကို ရောက်ရှိပြီးနောက်မှာတော့ ပေါ့ဂ်ဘာရဲ့ ခြေစွမ်းက တဟုန်ထိုး တိုးတက်လာခဲ့ပါတယ်။ ပီယာလို လို ဝါရင့် ကွင်းလယ်ကစားသမားနဲ့ တွဲကစားခွင့်ရခဲ့တာကြောင့်လည်း အများကြီးသင်ယူနိုင်ခဲ့ပါတယ်။ ပီယာလိုနဲ့အတူ ဂျူဗင်တပ်စ်ကွင်းလယ်ရဲ့ မရှိမဖြစ် ကစားသမားဖြစ်လာခဲ့ပြီး ၂၀၁၂-၁၃ ရာသီမှ စတင်ကာ သုံးနှစ်ဆက်တိုက် စီးရီးအေ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ ကိုပါအီတာလီယာ ဖလားတစ်လုံးနဲ့ အီတလီစူပါဖလား သုံးလုံးကိုရရှိခဲ့သလို ပြီးခဲ့တဲ့နှစ်ကလည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်ကို ရောက်ရှိပြီး ခြေစွမ်း တိုးတက်လာချိန်နဲ့ တိုက်ဆိုင်စွာ ပြင်သစ်လူငယ်အသင်းနဲ့အတူ ၂၀၁၃ ခုနှစ် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ နွှဲခွင့်ရခဲ့ပါတယ်။ ပြင်သစ်အသင်းကို ယူ-၂၀ ကမ္ဘာ့ဖလားရယူပေးခဲ့ပြီး ကိုယ်တိုင်လည်း ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရခဲ့ပါတယ်။

အဲ့ဒီနောက် ပြင်သစ်အသင်းကြီးမှာ ပါဝင်ခွင့်ရခဲ့ပြီး ၂၀၁၄ မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ကစားခွင့်ရခဲ့ပြန်ပါတယ်။ ပေါ့ဂ်ဘာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့် ပြင်သစ်တို့ ကွာတားဖိုင်နယ်မှာ ဂျာမနီကို ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ အသင်းက မအောင်မြင်ပေမယ့် ပေါ့ဂ်ဘာကတော့ ပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ် ကစားသမားဆုကို ရခဲ့ပါတယ်။

နာမည်ပြောင်များ

ဘောလုံးသမားအများစုမှာ နာမည်ပြောင်တွေရှိသလို ပေါ့ဂ်ဘာမှာလည်း နာမည်ပြောင်တွေ ရှိပါတယ်။ 'll Polp Paul' အင်္ဂလိပ်လို ပြန်ရင်တော့ 'Paul the Octopus' ရေဘဝဲလ် ပေါလ်လို့ ခေါ်ကြတာပါ။ အရပ် ခြောက်ပေ နှစ်လက်မမြင့်ပြီး သူ့ရဲ့ ရှည်လျားလှတဲ့ ခြေတံတွေကြောင့် အခုလို ခေါ်ကြတာ ဖြစ်ပါတယ်။ ဒါက ပရိသတ်တွေ ခေါ်တဲ့ နာမည်ပြောင်ပါ။ မန်ယူအသင်းမှာတုန်းကတော့ သူ့ကို 'နယ်လ်ဆင်မင်ဒဲလား'လို့ ခေါ်ကြပါတယ်။ နည်းပြကြီး ဖာဂူဆန်ကို ပြန်ပြီး ကလှန်ကဆန် လုပ်ရဲတာကြောင့်ပါ။

ဘောလုံးညီနောင်များ

ပေါ့ဂ်ဘာတို့ မိသားစုမှာ ပေါ့ဂ်ဘာ တစ်ယောက်တည်း ဘောလုံးသမား မဟုတ်ပါဘူး။ သူ့ရဲ့အစ်ကိုတွေဖြစ်တဲ့ မာတီယက်စ်နဲ့ ဖလိုရန်တင်တို့ကလည်း ဘောလုံးသမားတွေ ဖြစ်ကြပါတယ်။ ပေါ့ဂ်ဘာလို ကမ္ဘာကျော်တဲ့ ကစားသမားတွေတော့ မဟုတ်ကြပါဘူး။ မာတီယက်စ်က တိုက်စစ်မှူးဖြစ်ပြီး မူလက အင်္ဂလန်လိဂ်-၁ ကလပ် ခရော်လေတောင်းမှာ ကစားသူပါ။ အခုတော့ စကော့တလန်ကလပ် Partick Thistle မှာ ကစားနေပါတယ်။ ဖလိုရန်တင်ကတော့ ခံစစ်ကစားသမားဖြစ်ပြီး ပြင်သစ်ကလပ် စိန့်အက်တီနီအသင်းမှာ လက်ရှိကစားနေပါတယ်။ ပေါ့ဂ်ဘာက ပြင်သစ်ကို ကိုယ်စားပြုပေမယ့် သူ့ရဲ့အစ်ကို နှစ်ယောက်ကတော့ ဂီနီနိုင်ငံကို ကိုယ်စားပြုကစားကြပါတယ်။

မီဒီယာတွေတောင် အဖြေမထုတ်နိုင်သေးတဲ့ ပေါ့ဂ်ဘာရဲ့အချစ်

ကမ္ဘာကျော်ဘောလုံးသမားတစ်ဦး ဖြစ်နေပြီဖြစ်တာကြောင့် ပေါ့ဂ်ဘာမှာလည်း ချစ်သူ တစ်ဦးတော့ ရှိနေပါပြီ။ သူမက ရုပ်ရည်ရော ခန္ဓာကိုယ်အချိုးအစားပါ ပြေပြစ်လှပါသူ ဖြစ်ပါတယ်။ ပေါ့ဂ်ဘာကစားတဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ပွဲစဉ်တွေနဲ့ ပြင်သစ်အသင်းရဲ့ ပွဲစဉ်တွေမှာ သူမကို တွေ့နိုင်ပါတယ်။ သူမရဲ့ အလှကြောင့် မီဒီယာတွေရဲ့ စာမျက်နှာတွေထက်ကို ရောက်ရှိလာပေမယ့် သူမနာမည်က ဘယ်သူ၊ ပေါ့ဂ်ဘာနဲ့ ဘယ်အချိန်က ဘယ်လိုစပြီး ချစ်ကြိုက်ခဲ့ကြသလဲဆိုတာကို ကမ္ဘာကျော် မီဒီယာကြီးတွေတောင် မရေးနိုင်သေးပါဘူး။ ပေါ့ဂ်ဘာနဲ့ သူ့ရဲ့ချစ်သူတို့ စေ့စပ်လက်စွပ်တွေ ဝတ်ထားကြပြီဆိုပြီး The Sun ကဖွခဲ့သေးပေမယ့် အတိအကျရေးနိုင်ခြင်း မရှိခဲ့ဘဲ နောက်ဆုံးမှာ သတင်းတွေက လေထဲမှာတင် ပျောက်ကွယ်သွားခဲ့ပါတယ်။

ဒါတွေက ပေါ့ဂ်ဘာဘဝထဲက စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေပါ။ ငယ်ရွယ်သေးတဲ့ အသက်အရွယ်ရှိ ပေါ့ဂ်ဘာရဲ့ ဘဝက အများကြီး အောင်မြင်လာဖို့ ရှိနေပါသေးတယ်။ အခုတော့ ဒီလောက်နဲ့ ပေါ့ဂ်ဘာပရိသတ်တွေ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

HYPERSPORTS Magazine NO.16 Pg. 27 အား ပြန်လည် ဖော်ပြခြင်းဖြစ်သည်။

.page-node-9216 .page-subtitle{ display: none; }

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required