လူပုံပန်းသဏ္ဍန်နဲ့ ခံစားတတ် စိတ်ဆိုးတတ်တဲ့ လူတူစက်ရုပ်

လူပုံပန်းသဏ္ဍန်နဲ့ ခံစားတတ် စိတ်ဆိုးတတ်တဲ့ လူတူစက်ရုပ်

စင်ကာပူ၊ ဒီဇင်ဘာ - ၃၀ ။          ။ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က ကိုယ်ရည်ကိုယ်သွေး၊ စရိုက်နဲ့ စိတ်ခံစားမှုတွေလည်းပါ လူပုံပန်းသဏ္ဍာန်နဲ့လည်း ချွတ်စွတ်တူတဲ့ လူတူစက်ရုပ် (humanoid robot) တစ်ခုကို တည်ဆောက်ခဲ့တာကြောင့် မဝေးလှတဲ့အချိန်မှာ သင့်ရဲ့အနီးအနား လုပ်ငန်းခွင်ထဲကို ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။

ဒီစက်ရုပ်ကို သူ့ကိုဖန်တီးခဲ့တဲ့ နာဒင်း သယ်မန်းအမည်ကို အစွဲပြုပြီး နာဒင်းလို့ အမည်ပေးထားပါတယ်။ လူသားအရေပြားနဲ့ လူသားလို ဆံပင်တွေလည်း ပါပါတယ်။

ဗွီဒီယိုထဲမှာတော့ စက်ရုပ်က ရုံးဝန်းကျင်မှာ ဥဒဟို သွားလာလုပ်ကိုင်နေတာကို ရိုက်ပြထားပြီး သိပ္ပံပညာရှင်အဖွဲ့ကတော့ ဒီလူတူစက်ရုပ်တွေကို အိမ်မှာ လက်တိုလက်တောင်းခိုင်းလို့ရမယ့် ကိုယ်ရေးလက်ထောက်တွေအဖြစ် အသုံးပြုဖို့ စိတ်ကူးပုံဖော်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

ကလေးတွေရဲ့ ကစားဖော်ဖြစ်နိုင်သလို၊ သက်ကြီးရွယ်အိုတွေအတွက်လည်း လက်ကသုံးတောင်ဝှေး ဖြစ်နိုင်တဲ့အပြင် လူတွေ၊ ပြောစကားတွေကို မှတ်မိနိုင်စွမ်းလည်းရှိပြီး၊ စိတ်ဆိုးစိတ်ကောက်တတ်တဲ့ သဘာဝလည်း ရှိတယ်လို့ သိပ္ပံပညာရှင်အဖွဲ့က ပြောကြားပါတယ်။

စင်ကာပူ နန်ယန် နည်းပညာတက္ကသိုလ်က တီထွင်ခဲ့တဲ့ ဒီစက်ရုပ်ကို Appleရဲ့ သီရိစက်ရုပ်မှာ အသုံးပြုထားတဲ့ အလားတူ ဆော့ဖ်ဝဲနဲ့ မောင်းနှင်တယ်လို့ ဆိုပါတယ်။

ဗွီဒီယိုထဲမှာတော့ စက်ရုပ်က လူတွေလိုပဲ ပြောတဲ့စကားတွေအပေါ်မှာလိုက်ပြီး အမူအရာဖော်ပြချက်တွေ ပြောင်းသွားတာကို တွေ့နေရပါတယ်။

စက်ရုပ်ကို မင်းရဲ့အလုပ်က ဘာတွေလဲလို့ မေးတဲ့အခါ ‘ကျမဟာ လူမှုရေးအဖော်အပေါင်းတစ်ယောက်၊ ခံစားချက်နဲ့ စကားပြောနိုင်တယ်။ လူတွေကို မှတ်မိနိုင်တယ်’’လို့ တုန့်ပြန်ဖြေကြားပါတယ်။ ဒီတီထွင်မှုအသစ်ဟာ ယခုနှစ်ရဲ့ စိတ်ကူးယဉ်သိပ္ပံရှိုး Humans on Channel 4 ထဲက ဇာတ်လမ်းနဲ့ ကြောက်စရာကောင်းလောက်အောင် နီးစပ်လာတယ်လို့ ဆိုပါတယ်။

‘ကမ္ဘာ့နိုင်ငံတွေဟာ သက်ကြီးလူဦးရေဆိုတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေကြရလို့ လူမှုရေးစက်ရုပ်တွေဟာ အလုပ်အင်အားစုကြုံ့ဝင်မှုကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ရပ် ဖြစ်လာနိုင်ပါတယ်။ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေအတွက် အဖော်သဟဲဖြစ်နိုင်လို့ အနာဂတ်ကျန်းမာရေးဝန်ဆောင်မှုတွေအတွက် ပလက်ဖောင်းတစ်ခုတောင် ဖြစ်လာနိုင်ပါတယ်’’ဟု လူတူစက်ရုပ်ကျွမ်းကျင်သူ ပါမောက္ခ သယ်မန်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly