ဘယ်တုန်းကမှ တန်းမဆင်းရဖူးတဲ့ ဥရောပကလပ်အသင်း ၁၀ သင်း

ဘယ်တုန်းကမှ တန်းမဆင်းရဖူးတဲ့ ဥရောပကလပ်အသင်း ၁၀ သင်း

ကမ္ဘာတစ်ဝန်းလုံးမှာ ကလပ်အသင်း အမှတ်ပေးပြိုင်ပွဲ အားလုံးလိုလိုဟာ တန်းတက်၊ တန်းဆင်းစနစ်နဲ့ ယှဉ်ပြိုင် ကစားနေကြတာဖြစ်ပါတယ်။ နှစ်နဲ့ချီ သမိုင်းကြောင်းရှိတဲ့ ကလပ်အသင်းတွေဟာ တန်းတက်၊ တန်းဆင်း အဖြစ်အပျက်တွေနဲ့ အနည်းနဲ့အများတော့ ရင်ဆိုင်ခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ ဘယ်တုန်းကမှ တန်းမဆင်းရဖူးတဲ့ ဥရောပကလပ် အသင်းအချို့လည်း ရှိနေပြန်ပါတယ်။ ဘယ်အသင်းတွေလဲဆိုတာကို ဒီတစ်ပတ်မှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်

၁၉၀၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးကလပ် ရီးယဲလ်မက်ဒရစ်အသင်းဟာ ဘယ်တုန်းကမှ တန်းမဆင်းခဲ့ရဖူးဘူးဆိုတာ တကယ်တော့ အံ့ဩစရာ မရှိပါဘူး။

ကလပ်အသင်း သက်တမ်း ၁၁၃ နှစ်အတွင်းမှာ ရီးယဲလ်တို့ဟာ လာလီဂါဖလား ၃၂ လုံး၊ ကိုပါဒယ်ရေး ၁၉ လုံး၊ စူပါကိုပါဖလား ၉ လုံး၊ စူပါကိုပါဒူရာတီနဲ့ ကိုပါဒီလာလီဂါဖလား တစ်လုံးစီ ရယူနိုင်ခဲ့ပါတယ်။

တန်းမဆင်းရတဲ့အပြင် သူတို့ရဲ့အနိမ့်ဆုံး ရောက်ဖူးတဲ့ အဆင့်ကတောင် ၁၁ ဖြစ်ပြီး ၁၉၄၇-၄၈ ဘောလုံးရာသီမှာ ရရှိခဲ့တာဖြစ်ပါတယ်။

၁၉၅၀ ပြည့်လွန်နှစ်တွေကတော့ ရီးယဲလ်သမိုင်းမှာ အအောင်မြင်ဆုံး နှစ်တွေဖြစ်ပြီး ဥရောပတစ်ဝန်းလုံးကို စိုးမိုးနိုင်ခဲ့ကာ ပထမဆုံး ဥရောပဖလား ငါးကြိမ်ဆက် ရယူနိုင်ခဲ့ပါတယ်။

ပြည်တွင်းမှာဆိုရင်လည်း ၁၉၅၃-၅၄ နဲ့ ၁၉၆၈-၆၉ ကြားကာလ ၁၆ နှစ်အတွင်းမှာ ဖလား ၁၂ ကြိမ် အထိ ရယူနိုင်ခဲ့ပါတယ်။

လက်ရှိအခြေအနေကို ကြည့်မယ်ဆိုရင်လည်း ဥရောပ ချန်ပီယံလိဂ်ဖလားကို ၁၀ ကြိမ် ရယူထားတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပြီး အင်တာကွန်တီနင်တယ်ဖလားကိုလည်း သုံးကြိမ်ရပြီး ပူးတွဲအများဆုံး စံချိန်ရထားပါတယ်။ တခြားဆုဖလားတွေအဖြစ် ယူအီးအက်ဖ်အေ ဖလား နှစ်လုံး၊ ယူအီးအက်ဖ်အေ စူပါဖလား နှစ်လုံးနဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလား တစ်လုံးလည်း ရထားပါတယ်။

ကလပ်အသင်း အတော်များများဟာ ရာစုနှစ်အကူးအပြောင်းမှာ သမိုင်းကြောင်းတွေလည်း ပြောင်းလဲသွားကြပေမယ့် ရီးယဲလ်ကတော့ ဆက်လက် အောင်မြင်နေဆဲဖြစ်ပြီး လာလီဂါ ငါးကြိမ်၊ ကိုပါဒယ်ရေးနဲ့ ချန်ပီယံလိဂ် နှစ်ကြိမ် ရခဲ့တဲ့အပြင် လာလီဂါမှာလည်း အဆင့် လေးအောက်ကို တစ်ခါမှ မရောက်ခဲ့ပါဘူး။

ဘာစီလိုနာ

ယိုဟန်ဂမ်ပါရဲ့ ဦးဆောင်မှုနဲ့အတူ ၁၈၉၉ ခုနှစ်မှာ ဆွစ်၊ အင်္ဂလိပ်နဲ့ ကတ်တလန်ဘောလုံးသမားတွေက အသင်း စတင်တည်ထောင်ကတည်းက ဘာစီလိုနာတို့ဟာ အဆင့်မြင့်တန်းမှာပဲ အမြဲကစားခဲ့ရတာပါ။

၁၉၂၉ မှ လာလီဂါ စတင်ပေါ်ပေါက်လာတာဖြစ်ပြီး အဲဒီမတိုင်ခင်ကတော့ လိဂ်တွေ တကွဲတပြားဖြစ်နေခဲ့ပါတယ်။ ဘာစီလိုနာဟာ ကတ်တလန် ဒေသချန်ပီယံရှစ်မှာ ဝင်ပြိုင်နေခဲ့ပြီးတော့ ဗိုလ်စွဲတဲ့အသင်းဟာ အခြားဒေသ လိဂ်တွေက ချန်ပီယံအသင်းတွေနဲ့အတူ ကိုပါဒယ်ရေးဖလား ဝင်ပြိုင်ခွင့်ရတဲ့အနေအထားမျိုးပါ။

၁၉၄၀ မှာ ပြိုင်ပွဲမဖျက်သိမ်းမီအတွင်း ဘာစီလိုနာဟာ ၃၇ ကြိမ်မှာ ၂၂ ကြိမ်ဗိုလ်စွဲခဲ့ပါတယ်။ လာလီဂါပြိုင်ပွဲ စတင်တဲ့နှစ်မှာပဲ ဘာစီလိုနာတို့ ဗိုလ်စွဲခဲ့ပေမယ့် နောက်တစ်ကြိမ် ဗိုလ်စွဲဖို့ကိုတော့ ၁၉၄၅ ခုနှစ်အထိ စောင့်ဆိုင်းခဲ့ရပါတယ်။ အဲဒီမတိုင်ခင် သုံးနှစ်က ဘာစီလိုနာတို့ဟာ အဆင့် ၁၂ သာရခဲ့ပြီး အသင်းသမိုင်းမှာ အနိမ့်ဆုံးအဆင့်ဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းနှစ်တွေမှာတော့ ဘာစီလိုနာတို့ဟာ အောင်မြင်မှုများစွာ ရခဲ့ပါတယ်။ လာလီဂါဖလား ၂၃ လုံး၊ ကိုပါဒယ်ရေး ၂၇ လုံး၊ စူပါကိုပါ ၁၁ လုံး၊ ကိုပါအီဗာဒူရာတီ သုံးလုံး၊ ကိုပါဒီလာလီဂါ နှစ်လုံးအပြင် ချန်ပီယံလိဂ် ငါးလုံး၊ စံချိန်တင် ယူအီးအက်ဖ်အေ ရှုံးထွက် ဗိုလ်များဖလား လေးလုံး၊ ပူးတွဲစံချိန်တင် ယူအီးအက်ဖ်အေ စူပါဖလား ငါးလုံး၊ ပူးတွဲစံချိန်တင် အင်တာစီးတီးဖဲလ်ဖလား သုံးလုံးနဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလား သုံးလုံး ရယူနိုင်ခဲ့ပြီး အအောင်မြင်ဆုံး ကလပ်အသင်းတွေထဲက တစ်သင်းဖြစ်ခဲ့ပါတယ်။

မော်ဒန်ဘောလုံးလောကမှာလည်း ဘာစီလိုနာဟာ ၁၉၉၀-၉၁ ကစလို့ လာလီဂါဖလား ၁၃ လုံးရခဲ့ပါတယ်။ ၂၀ဝ၂-ဝ၃ မှာ အဆင့် ခြောက် ရခဲ့တာကလွဲလို့ ၁၉၈၇-၈၈ နောက်ပိုင်း အဆင့်လေးအပြင်ဘက်ကို မရောက်တဲ့ အသင်းလည်းဖြစ်ပါတယ်။

ဘီလ်ဘာအို

ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်တို့နဲ့အတူ လာလီဂါပြိုင်ပွဲကို စတင်တည်ထောင်တဲ့ အသင်း သုံးသင်းထဲမှာပါတဲ့ ဘီလ်ဘာအိုကလည်း တစ်ကြိမ်မှ တန်းမဆင်းဖူးပါဘူး။

ဘာစီလိုနာနဲ့ ရီးယဲလ်တို့လိုပဲ ဘီလ်ဘာအိုဟာလည်း စပိန်မှာ ကလပ်မန်ဘာတွေကနေ ထိန်းချုပ်ကိုင်တွယ်တဲ့ အသင်း သုံးသင်းထဲမှာ ပါပါတယ်။

ဘီလ်ဘာအိုကလည်း အောင်မြင်တဲ့ သမိုင်းကြောင်းရှိပြီး လာလီဂါ ရှစ်ကြိမ်ရထားသလို ကိုပါဒယ်ရေးမှာလည်း ဘာစီလိုနာပြီးနောက် ဆုဖလား ၂၃ လုံးနဲ့ ဒုတိယအအောင်မြင်ဆုံး အသင်းဖြစ်ပါတယ်။

ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်တို့နဲ့ မတူတာကတော့ ဘီလ်ဘာအိုတို့ဟာ အတိတ်အောင်မြင်မှုတွေကို မော်ဒန်ဘောလုံးလောကဆီ သယ်မလာနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် ၂၀ဝ၆-ဝ၇ ရာသီမှာလည်း တန်းဆင်းရမယ့်အရေးကနေ ပွတ်ကာသီကာ လွတ်ကင်းခဲ့ရပါတယ်။ အဆင့် ၁၇ နေရာမှာ ဆယ်လ်တာဗီဂိုထက် တစ်မှတ်အသာနဲ့ ရပ်တည်နိုင်လို့ ကံကောင်းခဲ့တာပါ။

လာလီဂါဖလားကို ဗိုလ်စွဲခဲ့တာကတော့ ကိုပါဒယ်ရေဖလားရတဲ့ ၁၉၈၃-၈၄ ဘောလုံး ရာသီမှာပါ။

အင်တာနေဇီယွန်နယ် (အင်တာမီလန်)

စီးရီးအေပြိုင်ပွဲစတင်တဲ့ ၁၉၂၉-၃၀ ကတည်းက တန်းမဆင်းရတဲ့ တစ်သင်းတည်းသော ကလပ်အသင်းကတော့ အင်တာနေဇီယွန်နယ် ခေါ် အင်တာမီလန်အသင်း ဖြစ်ပါတယ်။

အင်တာမီလန်တို့ဟာ ပြည်တွင်းမှာရော ဥရောပမှာပါ အအောင်မြင်ဆုံး ကလပ်အသင်းတွေထဲမှာ ပါဝင်ပါတယ်။ ပြည်တွင်းမှာ ဆုဖလားစုစုပေါင်း ၃၀ ရခဲ့ပြီး စီးရီးအေဖလား ၁၈ ကြိမ် ပါဝင်ပါတယ်။ စီးရီးအေဖလားကို အကြိမ်အများဆုံးရတဲ့ အသင်းအဖြစ် အေစီမီလန်နဲ့အတူ ဒုတိယနေရာမှာရှိနေပြီး အများဆုံး ရထားတာကတော့ ၃၁ ကြိမ်ရထားတဲ့ ဂျူဗင်တပ်ဖြစ်ပါတယ်။

ကိုပါအီတာလီယာ ခုနစ်ကြိမ်နဲ့ စူပါ ကိုပါအီတာလီယာ ငါးကြိမ်လည်း ရထားပါတယ်။ ၂၀ဝ၆ နဲ့ ၂၀၁၀ ကာလကတော့ အသင်း သမိုင်းမှာ အကောင်းဆုံး အခိုက်အတန့်ဖြစ်ပြီး စီးရီးအေဖလားကို ငါးနှစ်ဆက်ရခဲ့ပါတယ်။

အဲဒီကာလအတွင်းမှာ ကိုပါအီတာလီယာနဲ့ စူပါကိုပါအီတာလီယာဖလား နှစ်လုံးစီအပြင် ၂၀၁၀ ချန်ပီယံလိဂ်ဖလားကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ၂၀၁၀ မတိုင်ခင် နှစ်တွေတုန်းကလည်း ချန်ပီယံလိဂ်ဖလား နှစ်လုံး ရထားခဲ့သေးပြီး ၁၉၆၄-၆၅ ခုနှစ်တွေမှာ ရခဲ့တာပါ။

အင်တာမီလန်ဟာ ယူအီးအက်ဖ်အေဖလား သုံးလုံး၊ အင်တာကွန်တီနင်တယ်ဖလား နှစ်လုံးနဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလား တစ်လုံးလည်း ရထားပါတယ်။

ဟမ်းဘတ်

၁၉၁၉ မှာ စတင်တည်ထောင်ခဲ့တဲ့ ဟမ်းဘတ်အသင်းကလည်း တစ်ကြိမ်မှ တန်း မဆင်းရဖူးပါဘူး။ ဒါပေမဲ့ ဂျာမန် ဘွန်ဒက်စ်လီဂါပြိုင်ပွဲကတော့ တော်တော်လေး နောက်ကျပြီးမှ ပေါ်ပေါက် လာတာဖြစ်ပြီး ၁၉၆၃ မှာ ဖြစ်ပါတယ်။

ဟမ်းဘတ်ဟာ ဘွန်ဒက်စ်လီဂါ ပထမဆုံးရာသီမှာ ဝင်ပြိုင်ဖို့ ဖိတ်ကြားခံရတဲ့ ၁၆ သင်းထဲမှာ ပါဝင်ပါတယ်။ အဲဒီအချိန်ကတည်း ဘိုင်ယန်မြူးနစ်လိုအသင်းမျိုးတောင် မစွမ်းနိုင်တဲ့အရာကို ဟမ်းဘတ်တို့ စွမ်းဆောင်နိုင်မှုအဖြစ် ဘွန်ဒက်စ်လီဂါမှာ နှစ်တိုင်းကစားနိုင်ခဲ့ပါတယ်။

ဟမ်းဘတ်တို့ဟာ အောင်မြင်ခဲ့စဉ်တုန်းက ဂျာမန်အမျိုးသားချန်ပီယံရှစ် ခြောက်ကြိမ်၊ ပိုကယ်ဖလား သုံးကြိမ်နဲ့ လိဂ်ဖလား နှစ်ကြိမ်ရခဲ့ပါတယ်။ ၁၉၇၀ နဲ့ ၁၉၈၀ ကြားကာလတွေဟာ အသင်းရဲ့ ရွှေရောင်လွှမ်းတဲ့နှစ်တွေဖြစ်ခဲ့ပြီး ဂျာမန်လက်ရွေးစင် ဖီးလစ်မာဂတ်တို့လို ကစားသမားတွေလည်း ပါဝင်ကစားခဲ့ပါတယ်။

၁၉၇၆-၇၇ ယူအီးအက်ဖ်အေ ရှုံးထွက်ဗိုလ်များ ဖလား၊ ၁၉၈၂-၈၃ ဥရောပဖလားတွေကိ ုရခဲ့ပါတယ်။ သင်းအနေနဲ့ နောက်ဆုံးရခဲ့တဲ့ အဓိကဆုဖလားကတော့ ၁၉၈၆-၈၇ မှာရခဲ့တဲ့ ပိုကယ်ဖလားဖြစ်ပါတယ်။

ဒါပေမဲ့ ဟမ်းဘတ်တို့ဟာ ၂၀၁၃-၁၄ နဲ့ ၂၀၁၄-၁၅ နှစ်ရာသီဆက် တန်းဆင်းရလုနီးပါးဖြစ်ခဲ့ပြီး ပလေးအော့ဖ်ပွဲတွေမှာ အနိုင်ရခဲ့လို့သာ ဘွန်ဒက်စ်လီဂါမှာ ဆက်ရှိနေတာဖြစ်ပါတယ်။

အေဂျက်

အေဂျက်အသင်းဟာလည်း ၁၉၅၆ မှာ စတင်တည်ထောင်တဲ့ နယ်သာလန်လိဂ်မှာ ဖီယင်နု၊ ပီအက်စ်ဗွီတို့နည်းတူ တစ်ခါမှ တန်း မဆင်းဖူးတဲ့ အသင်းဖြစ်ပါတယ်။

နယ်သာလန်မှာ အေဂျက်ဟာ အအောင်မြင်ဆုံး အသင်းဖြစ်ပြီး အမှတ်ပေးဖလား ၃၃ ကြိမ်၊ လိဂ်ဖလား ၁၈ ကြိမ်ရထားပါတယ်။ အတိတ်ကာလတုန်းက ကမ္ဘာ့အအောင်မြင်ဆုံး ကလပ်တွေထဲမှာပါခဲ့တဲ့ အေဂျက်တို့ဟာ ၁၉၆၀ နဲ့ ၁၉၇၀ ကျော်ကာလတွေမှာ အင်မတန် အောင်မြင်ခဲ့ပါတယ်။

၁၉၇၁ ကနေ ၇၃ အထိ ဥရောပဖလား သုံးကြိမ်ဆက်ရခဲ့ပြီး ဖလားအစစ်ကို ထိန်းသိမ်းခွင့်ရတဲ့ ဖလားအမှတ်တံဆိပ်ကို လက်မောင်းမှာ ဝတ်ဆင်ခွင့်ရတဲ့ အသင်း ငါးသင်းထဲက တစ်သင်းဖြစ်စေခဲ့ပါတယ်။

၁၉၇၂ မှာဆိုရင် ပြည်တွင်းဖလား နှစ်လုံးနဲ့ ဥရောပဖလား တစ်လုံးကို တစ်ပြိုင်နက်တည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဘင်ဖီကာ

ပေါ်တူဂီရဲ့ ထိပ်သီး သုံးသင်းအဖြစ် စပို့တင်း၊ ပေါ်တိုတို့နဲ့အတူ သတ်မှတ်ခံထားရတဲ့ ဘင်ဖီကာအသင်းကလည်း ၁၉၃၄ မှာ လိဂ် စထောင်ကတည်းက တန်းမဆင်းရဖူးတဲ့အသင်း ဖြစ်ပါတယ်။

ဘင်ဖီကာတို့ဟာ ပေါ်တူဂီအမှတ်ပေးဖလားကို ၃၄ ကြိမ်နဲ့စံချိန်တင် ဗိုလ်စွဲထားတဲ့ အသင်းလည်းဖြစ်ပါတယ်။ ပေါ်တူဂီပြည်တွင်းမှာ ကျင်းပတဲ့ ဖလားပြိုင်ပွဲအားလုံးကို ဗိုလ်စွဲဖူးတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပြီး ပြည်တွင်း ဆုဖလားစုစုပေါင်း ၇၃ လုံးအထိ ရရှိခဲ့ပါတယ်။

၁၉၆၀ ပြည့်လွန်နှစ်တွေကတော့ အသင်းအတွက် ရွှေခေတ်ပါပဲ။ ပေါ်တူဂီကလပ်ကနေ ရွှေဘောလုံးဆုရဖူးတဲ့ တစ်ဦးတည်းသော ကစားသမား အူစီဘီယိုက ဦးဆောင်နေပြီး အမှတ်ပေးဖလား ရှစ်ကြိမ် ရယူနိုင်ခဲ့ပါတယ်။ ဥရောပမှာ လွှမ်းမိုးနေတဲ့ ရီးယဲလ်မက်ဒရစ်ကိုလည်း ရပ်တန့်ပစ်နိုင်ခဲ့ပြီး ၁၉၆၁၊ ၆၂ နှစ်နှစ်ဆက် ဥရောပဖလား ရယူနိုင်ခဲ့ပါတယ်။

ဥရောပဖလားပြိုင်ပွဲတွေကိုလည်း ဗိုလ်လုပွဲအထိ ၁၀ ကြိမ်တက်နိုင်ခဲ့ခြင်းက ပေါ်တူဂီကလပ် အသင်းတစ်သင်းအတွက် စံချိန်ဖြစ်ပြီး ဥရောပဖလား ဒုတိယအဖြစ် ၁၉၆၃၊ ၆၅၊ ၆၈၊ ၁၉၈၈ နဲ့ ၁၉၉၀၊ ယူရိုပါလိဂ် ဒုတိယအဖြစ် ၁၉၈၃၊ ၂၀၁၃ နဲ့ ၂၀၁၄ တွေမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း ဘင်ဖီကာအသင်းဟာ ချန်ပီယံလိဂ်ကို ၃၄ ကြိမ်မြောက်အဖြစ် ဝင်ပြိုင်နေတာဖြစ်ပြီး ရီးယဲလ်ပြီးရင် အကြိမ်အများဆုံး ဖြစ်ပါတယ်။

ပေါ်တို

ပေါ်တိုကလည်း ဘင်ဖီကာလိုပဲ တန်းမဆင်းဖူးတဲ့အသင်းဖြစ်ပါတယ်။ အမှတ်ပေးဖလား ၂၇ လုံးအပါအဝင် တရားဝင်ဆုဖလား စုစုပေါင်း ၇၄ လုံးရထားတာကြောင့် ၇၆ လုံး ရထားတဲ့ ဘင်ဖီကာနောက် ဒုတိယ အအောင်မြင်ဆုံးလို့ ဆိုရမှာပါ။

အမှတ်ပေးဖလားကိုလည်း ၁၉၉၄-၉၅ ကနေ ၁၉၉၈-၉၉ အထိ ငါးနှစ်ဆက်ရခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၀-၁၁ နဲ့ ၂၀၁၂-၁၃ တွေမှာ အမှတ်ပေးဖလားကို ရှုံးပွဲမရှိဗိုလ်စွဲတဲ့ တစ်သင်းတည်းသော ပေါ်တူဂီကလပ်လည်းဖြစ်ပါတယ်။ ၂၀၁၀-၁၁ တုန်းကဆိုရင် လက်ရှိချန်ပီယံ ဘင်ဖီကာကို ၂၁ မှတ်ဖြတ်ပြီး ဗိုလ်စွဲခဲ့တာက အမှတ်သုံးမှတ်ပေးတဲ့စနစ် စတင်ကတည်းက ချန်ပီယံနဲ့ ဒုတိယဆုရအသင်းကြား အကြီးမားဆုံး အမှတ်ကွာဟမှုလည်း ဖြစ်ခဲ့ပါတယ်။

ဥရောပအဆင့်မှာတော့ ပေါ်တိုဟာ ၁၉၈၇ ကနေ ၂၀ဝ၄ အတွင်း ဖလား ခုနစ်လုံးရထားပါတယ်။ ၂၀ဝ၃ နဲ့ ၂၀၁၁ မှာ ူရိုပါလိဂ်ဖလား ရခဲ့ပြီး ၁၉၈၇ မှာ ယူအီးအက်ဖ်အေစူပါဖလား၊ အင်တာကွန်တီနင်တယ်ဖလား၊ ၂၀ဝ၄ မှာ အင်တာကွန်တီနင်တယ်ဖလား၊ ၂၀ဝ၄ မှာ ချန်ပီယံလိဂ်ဖလားတွေကို ရခဲ့ပါတယ်။

ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်နဲ့ မန်ယူတို့လိုပဲ ပေါ်တိုဟာလည်း ချန်ပီယံလိဂ်အုပ်စုအဆင့်ကို အကြိမ် ၂၀ ကစားခွင့်ရထားတဲ့ အသင်းဖြစ်ပါတယ်။

ပီအက်စ်ဂျီ

၁၉၇၀ မှစတင်တည်ထောင်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းကလည်း ပြင်သစ်လိဂ်-၁ မှာ တန်း မဆင်းဖူးတဲ့အသင်းတစ်သင်း ဖြစ်ပါတယ်။ ၁၉၇၀ မှာ ပဲရစ်အက်ဖ်စီနဲ့ စတိတ်ဒီစိန့်ဂျာမိန်း အသင်းတို့ ပေါင်းစပ်ပြီး ပဲရစ်စိန့်ဂျာမိန်း (ပီအက်စ်ဂျီ)အသင်းရယ်လို့ ဖစ်လာခဲ့ပါတယ်။ ၁၉၇၀-၇၁ ခုနှစ်မှာ ပြင်သစ်လိဂ်-၂ မှာ စတင် ဝင်ပြိုင်ခွင့်ရပြီး ဗိုလ်စွဲခဲ့လို့ လိဂ်-၁ ကို တက်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။

ပထမဆုံးရာသီမှာ အဆင့် ၁၆ ရခဲ့တဲ့ အသင်းရဲ့အရှိန်အဟုန်ဟာ ၁၉၇၂ မှာ အသင်း နှစ်ခြမ်းကွဲသွားလို့ ရပ်တန့်ခဲ့ရပြီး အဓိက လူတွေဟာ စီအေမွန်ထရီနဲ့ပေါင်းသွားပြီး ပဲရစ်အက်ဖ်စီအသင်းအမည်နဲ့ လိဂ်-၁ မှာ ဆက်ပြိုင်ခဲ့ပြီး ပီအက်စ်ဂျီကတော့ အပျော်တမ်းအဆင့်အဖြစ် လျှော့ချခံရတာကြောင့် ပြင်သစ် တတိယတန်းကနေ ထပ်ပြိုင်ခဲ့ရပါတယ်။

၁၉၇၃-၇၄ မှာတော့ ပီအက်စ်ဂျီတို့ဟာ ပြင်သစ်လိဂ်-၁ ကိုပြန်ရောက်လာခဲ့ပြီး ဘယ်တော့မှ ပြန်မဆင်းရတော့ဘဲ မကြာသေးခင် နှစ်တွေမှာ ဥရောပထိပ်သီးကလပ် ဖြစ်လာခဲ့ပါတယ်။ အသင်းတည်ထောင်တဲ့နှစ် နုသေးပေမယ့် ပီအက်စ်ဂျီတို့ဟာ လိဂ်-၁ ဖလားကို ငါးကြိမ် ရထားပါတယ်။

အာဆင်နယ်

ပရီးမီးယားလိဂ်စတင်တဲ့ ၁၉၉၂ ကတည်းက အာဆင်နယ်၊ လီဗာပူးလ်၊ အက်စတွန်ဗီလာ၊ မန်ယူ၊ အဲဗာတန်၊ စပါးနဲ့ ချယ်လ်ဆီး စတဲ့ အသင်း ခုနစ်သင်းဟာ တန်းမဆင်းရသေးပါဘူး။

ဒါပေမဲ့ ၁၈၈၈ ကတည်းက အမည်အမျိုးမျိုး ပြောင်းကျင်းပလာခဲ့တဲ့ အင်္ဂလိပ် အမှတ်ပေးဖလားပြိုင်ပွဲသမိုင်းမှာတော့ အသင်းတိုင်းက တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ တန်းဆင်းခဲ့ကြဖူးတာချည်းပါပဲ။

အဲဒီထဲမှာ ၁၉၁၂-၁၃ မှာ တန်းဆင်းခဲ့ရပြီးနောက် အာဆင်နယ်အသင်းဟာ အင်္ဂလိပ် အဆင့်မြင့်တန်းအမှတ်ပေးပြိုင်ပွဲ သမိုင်းမှာ အချိန်အကြာဆုံး ယှဉ်ပြိုင်နိုင်တဲ့ အသင်း တစ်သင်းဖြစ်ပါတယ်။

အသင်းသမိုင်းမှာလည်း အဲဒီတစ်ကြိမ်သာ တန်းဆင်းဖူးတဲ့ တစ်သင်းတည်းသော အသင်း ဖြစ်ပါတယ်။ အမှတ်ပေးဖလားကို အကြိမ်များဆုံးအဖြစ် အကြိမ် ၂၀ ရထားတဲ့ မန်ယူအသင်းတောင် ငါးကြိမ်တန်းဆင်းခဲ့ဖူးပြီး အောက်တန်းမှာ ကစားခဲ့ရတဲ့ နောက်ဆုံးရာသီက ၁၉၇၄-၇၅ ရာသီမှာဖြစ်ပါတယ်။

လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းက ခြောက်ကြိမ် တန်းဆင်းဖူးပြီး အောက်တန်းမှာ နောက်ဆုံးကစားခဲ့တာက ၁၉၈၈-၈၉ မှာ ဖြစ်သလို အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်စီးတီးတို့ အောက်တန်းမှာ နောက်ဆုံးကစားခဲ့တဲ့နှစ်က ၂၀ဝ၁-ဝ၂ ရာသီဖြစ်ပါတယ်။

HyperSports No. 13 Pg. 39 အား ပြန်လည် ကူးယူဖော်ပြခြင်းဖြစ်သည်။

#bd {
border-top: 1px solid #000000;
border-bottom: 1px solid #000000;
}

.page-node-9198 .page-subtitle{ display: none; }

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly