တိုက်တန်းနစ် ဇာတ်ကားအတွက် တေးသွားများ ဖန်တီးပေးခဲ့သူ ဂျိမ်း(စ်)ဟော်နာ လေယာဉ်ပျက်ကျပြီး ကွယ်လွန်

တိုက်တန်းနစ် ဇာတ်ကားအတွက် တေးသွားများ ဖန်တီးပေးခဲ့သူ ဂျိမ်း(စ်)ဟော်နာ လေယာဉ်ပျက်ကျပြီး ကွယ်လွန်

အော်စကာဆုရ ကမ္ဘာကျော် ရုပ်ရှင် တိုက်တန်းနစ် ဇာတ်ကားအတွက် တေးသွားများ ဖန်တီးပေးခဲ့သူ ဂျိမ်း(စ်)ဟော်နာ (James Horner) မှာ ကယ်လီဖိုးနီးယား တွင် လေယာဉ်ပျက်ကျသဖြင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

ဇွန်လ ၂၂ ရက်နေ့ နံနက်တွင် လေယာဉ်ပျက်ကျကာ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ပြီး သူကွယ်လွန်ချိန်တွင် အသက် ၆၁ နှစ် ရှိပြီ ဖြစ်သည်။

စိတ်အားထက်သန်သည့် လေယာဉ်မှူးတစ်ဦးလည်း ဖြစ်သူ ဂျိမ်း(စ်)ဟော်နာသည် ကိုယ်ပိုင်လေယာဉ်ငယ်ကို ကိုယ်တိုင်မောင်းနှင်ခဲ့ခြင်း ဖြစ်ကာ လေယာဉ်ပေါ်တွင် အခြားသူလည်း လိုက်ပါသွားခြင်း မရှိခဲ့ပေ။

လေယာဉ်မှာ ဆန်တာဘာဘရာ၏ မြောက်ဘက်တွင် ပျက်ကျသွားခဲ့ခြင်း ဖြစ်သည်။

အော်စကာဆု နှစ်ဆုရှင် ဂျိမ်း(စ်)ဟော်နာသည် ကမ္ဘာကျော် ဒါရိုက်တာ ဂျိမ်း(စ်)ကမ်မရွန်း၏ ရုပ်ရှင်များအတွက်သာမက “A Beautiful Mind” ၊ “Troy”  နှင့် “Apollo 13” ဇာတ်ကားများအတွက် တေးဂီတများကို ဖန်တီးပေးခဲ့သူ ဖြစ်သည်။

သူသည် တိုက်တန်းနစ် ဇာတ်ကားအတွက် နောက်ခံဂီတ အော်စကာဆုကိုသာမက ထိုဇာတ်ကား၏ အဓိက သီချင်းဖြစ်သည့် “My Heart Will Go On” သီချင်းအတွက် အော်စကာဆုကို သီချင်းစာသား ရေးသားသူ Will Jennings နှင့် ပူးတွဲဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။   ထိုသီချင်းကို Celine Dion က သီဆိုခဲ့ခြင်း ဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required