မြန်မာနှင့်စင်ကာပူတို့ မတ်လ ၂၃ရက်တွင် စင်ကာပူ၌ခြေစမ်းပွဲကစားမည်

မြန်မာနှင့်စင်ကာပူတို့ မတ်လ ၂၃ရက်တွင် စင်ကာပူ၌ခြေစမ်းပွဲကစားမည်

ဒီဇင်ဘာ ၂၉၊ ရန်ကုန် ။        ။ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကစားနေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့် ၂၀၁၆ မတ်လ ၂၃ ရက်တွင် စင်ကာပူလက်ရွေးစင်အသင်းနှင့် စင်ကာပူနိုင်ငံတွင် ခြေစမ်းကစားရန် စီစဉ်ထားသည် ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

 “ ကျွန်တော်တို့ လက်ရွေးစင်အသင်းအတွက် အရင်စီစဉ်ထားတဲ့ Merlion Cup ပြိုင်ပွဲက ကွင်းအဆင်မပြေလို့ ပျက်သွားပါပြီ။ အခု စင်ကာပူလက်ရွေးစင်အသင်းနဲ့ ခြေစမ်းဖို့ စီစဉ်ထားပါတယ်။ ဟိုဘက် ကလည်း ကစားဖို့ ပြန်အကြောင်းပြန်ပြီးပါပြီ။ ပထမတော့ မြန်မာနိုင်ငံမှာ ကစားဖို့ ဖိတ်တာပါ။ သူတု့ိဘက်က ဟိုမှာပဲ ကစားပါရစေဆိုလို့ စင်ကာပူမှာပဲ သွားကစားမှာပါ။ မတ်လ ၂၃ ရက်မှာ စင်ကာပူ လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲ ကစားပါမယ်။ အနီးစပ်ဆုံး သဘောတူထားတာကတော့ ဒီတစ်ပွဲပဲ ရှိပါသေးတယ် ” ဟု ဦးကိုကိုသိန်းက ပြောသည်။

စင်ကာပူလက်ရွေးစင်အသင်းမှာ ၂၀၁၈ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် အုပ်စု(င)တွင် ဂျပန်၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယားအသင်းများနှင့်တစ်အုပ်စုတည်းကျရောက်နေပြီး ၇ပွဲ ကစားပြီးချိန်တွင် ၃ပွဲနိုင်၊ ၁ပွဲသရေ၊ ၃ပွဲရှုံးရလဒ်ဖြင့် အုပ်စုတတိယနေရာတွင် ရပ်တည်နေသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် စင်ကာပူလက်ရွေးစင်အသင်းနှင့် နောက်ဆုံးတွေ့ဆုံမှုအဖြစ် ၂၀၁၄ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုအဆင့်၌ ၄-၂ ဖြင့် ရှုံးနိမ့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required