အဂူရို၏ စိတ်ဝင်စားဖွယ် အကြောင်းအရာများ

အဂူရို၏ စိတ်ဝင်စားဖွယ် အကြောင်းအရာများ

ဆင်းရဲသားလေး အဂူရို

အဂူရိုကို ၁၉၈၈ ခုနှစ် ဇွန်လ ၂ ရက်နေ့က ဘရူနိုအေးရိစ်မြို့ကြီးရဲ့ မြို့ငယ်လေးတစ်ခုဖြစ်တဲ့ Quilmes မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ မွေးချင်း ၇ ဦးမှာ အဂူရိုက ဒုတိယအကြီးဆုံးပါ။ မိခင် အက်ဒရီယာနာဟာ အလုပ်မရှိသူဖြစ်ပြီး အိမ်ထောင်ကို ထိန်းသိမ်းတဲ့ သာမန်မှီခိုသူ အမျိုးသမီးတစ်ဦးသာဖြစ်ပြီး ဖခင် လီယွန်နယ်ကတော့ အငှားကားမောင်းသူဖြစ်ပါတယ်။ ဒါကြောင့် အဂူရိုရဲ့ ငယ်ဘဝက ကြမ်းတမ်းခဲ့ပြီး ရုန်းကန်ခဲ့ရပါတယ်။ အာဂျင်တိုင်းတွေရဲ့ ထုံးစံအရ အဂူရိုဟာလည်း အချိန်ရှိသရွေ့ ဘောလုံးကွင်းထဲမှာပဲ အချိန်ကုန်ခဲ့ပါတယ်။ သူမွေးဖွား ကြီးပြင်းခဲ့တဲ့အရပ်က ရှုပ်ထွေးပြီး အားလုံးဟာ အသက်မွေးဝမ်းကျောင်းအတွက် ရုန်းကန်ခဲ့ရတယ်လို့ အဂူရိုက ဝန်ခံခဲ့ပြီး အချိန်အားတိုင်းသူဟာ အဖော်တွေနဲ့အတူ ဘောလုံးကန်ဖို့ပဲ စဉ်းစားနေခဲ့တယ်လို့ ဆိုပါတယ်။

ဖုန်ထနေတဲ့ အဲ့ဒီဘောလုံးကွင်းကပဲ သူ့ရဲ့ တိုက်ခိုက်ရည်နဲ့ ဘောလုံးစွမ်းရည်တွေကို တိုးတက်စေခဲ့တဲ့ အခြေခံအကျဆုံးနေရာလို့ အဂူရိုက ဆိုခဲ့ပါသေးတယ်။ သူ့ရဲ့ မိသားစုက ဘာမှ မရှိပေမယ့် သူ့ရဲ့ဘဝမှာ ဘောလုံးတစ်ခုတည်းကိုပဲ တိုးတက်ကောင်းမွန်လာအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း အဂူရိုကဆိုပါတယ်။

ဖခင်သွေးအပြည့်ပါသူ

အဂူရိုဟာ ဖခင် လီယိုနယ်ရဲ့သွေး အပြည့်ပါသူလို့ ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဂူရိုရဲ့ဖခင်ဟာလည်း ဂိုးသွင်းရာမှာ အလွန် ထူးချွန်သူဖြစ်လို့ပါ။ သူ့ရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုကို ငယ်စဉ်ဘဝက သက်သေပြနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လီယိုနယ်ဟာ ဘယ်တုန်းကမှ ပရော်ဖက်ရှင်နယ်ဘောလုံးသမား မဖြစ်ခဲ့ပါဘူး။

အဂူရိုရဲ့ စံပြကစားသမား

အဂူရိုဟာ ငယ်စဉ်ကတည်းက ဘောလုံးပွဲတွေကို ကြည့်ရတာ ဝါသနာပါသူဖြစ်ပါတယ်။ ဘောလုံးကစားတာ ကျွမ်းကျင်တဲ့ ဘယ်သူ့ကို မဆို ကြည့်ရတာနှစ်သက်တယ်လို့ အဂူရိုက ဆိုပါတယ်။ သူငယ်စဉ်က သဘောကျသူကတော့ ရေးဗားပလိတ်အသင်းရဲ့ ကွင်းလယ် တိုက်စစ်ကစားသမား ဖရန်ဆက်စကိုလီ ဖြစ်ပါတယ်။ ဥရုဂွေး လက်ရွေးစင်ကစားသမား ဖရန်ဆက်စကိုလီဟာ ရေးဗားပလိတ်အသင်းအတွက် ပြည်တွင်း အမှတ်ပေးချန်ပီယံ ငါးလုံးနဲ့ ကိုပါလီ ဘာတာဒိုရက်စ်(တောင်အမေရိက ချန်ပီယံလိဂ်) ဖလားတို့ကို ရယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။

တစ်ခါတုန်းကဆိုရင် အဂူရိုဟာ ရေးဗားပလိတ်ပွဲကို ရေဒီယိုကနေပဲ နားထောင်ခဲ့ရပြီး ဖရန်ဆက်စကိုလီက ပြစ်ဒဏ်ဘောကနေတစ်ဆင့် ဂိုးသွင်းယူလိုက်တဲ့အခါမှာ ချက်ချင်းပဲ ဘောလုံးယူပြီး သူလည်း ဖုန်ထနေတဲ့ကွင်းလေးမှာ ဖရီးကစ်ကန် လေ့ကျင့်ခဲ့ပါတယ်။ သူငယ်ချင်းတွေရဲ့ အဂူရိုကို မှတ်ချက်ပေးမှုကတော့ အရူးတဲ့။

Kun

အဂူရိုရဲ့ နာမည်အပြည့်အစုံက ဆာဂျီယို လီယိုနယ် အဂူရို ဒယ်ကက်စတီလို ဖြစ်ပါတယ်။ ဒါပေမဲ့ သူကျောနံပါတ် ရေးထိုးတဲ့အခါမှာတော့ ကန်အဂူရိုလို့ ရေးထိုးပါတယ်။ ဒီနာမည်က သူ့ရဲ့ အဘိုးအဘွားတွေက ပေးထားတာ ဖြစ်ပါတယ်။ Kum Kum ဆိုတဲ့ ဂျပန်ကာတွန်းဇာတ်လမ်းတွဲထဲက ဇာတ်လိုက်မင်းသားလေးရဲ့ နာမည်ကို အစွဲပြုပြီး ပေးခဲ့တာပါ။ ဒီကာတွန်းဟာ ၁၉၇၅ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်အထိ ပြသခဲ့တဲ့ အပိုင်း ၂၆ ပိုင်းပါ ကာတွန်းဇာတ်လမ်းတွဲ ဖြစ်ပါတယ်။

အသက်အငယ်ဆုံး ပွဲထွက်သူ

အဂူရိုဟာ အသက် ၉ နှစ်အရွယ်မှာပဲ အင်ဒီပန်းဒန့်အသင်းကို ရောက်ရှိခဲ့ပါတယ်။ လူငယ်အကယ်ဒမီနဲ့ လူငယ်အသင်းမှာ ၁၉၉၇ ကနေ ၂၀ဝ၃ ခုနှစ်အထိ ကစားခဲ့ပြီးတဲ့နောက် အသင်းကြီးကို ရောက်ရှိခဲ့ပါတယ်။ အင်ဒီပန်းဒန့်အသင်းကြီးအတွက် ပထမဆုံးပွဲထွက်ခွင့် ရတဲ့အချိန်မှာ အသက် ၁၅ နှစ်နဲ့ ၃၅ ရက်သာ ရှိသေးပြီး ၁၉၇၆ ခုနှစ်က မာရာဒိုနာ တင်ရှိထားတဲ့ အသက်အငယ်ဆုံး ပွဲထွက်သူဆိုတဲ့ စံချိန်ကို ချိုးဖျက်ခဲ့ပါတယ်။ အင်ဒီပန်းဒန့် အသင်းမှာ ၅၆ ပွဲကစားပြီး ၂၃ ဂိုးသွင်းပေး
နိုင်ခဲ့ပါတယ်။

အခင်ဆုံးသူငယ်ချင်း

အဂူရိုရဲ့ အခင်ဆုံးသူငယ်ချင်းက မက်ဆီပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀ဝ၅ ခုနှစ် ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ကတည်းက အခန်းဖော်တွေအဖြစ် အတူနေလာကြတာ လက်ရှိအချိန်အထိပါပဲ။ မက်ဆီနဲ့ အဂူရိုတို့ဟာ အာဂျင်တီးနား လူငယ်အသင်းမှာကတည်းက တွဲဖက်ကစားခဲ့ကြပြီး ၂၀ဝ၅ နဲ့ ၂၀ဝ၇ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလား၊ ၂၀ဝ၈ ခုနှစ် အိုလံပစ်ချန်ပီယံဆုတို့ကို အတူတကွ ရယူခဲ့ကြပါတယ်။ ၂၀ဝ၅ ပြိုင်ပွဲမှာ မက်ဆီက ခြောက်ဂိုးသွင်းပြီး အကောင်းဆုံး ကစားသမားဆု ရခဲ့သလို ၂၀ဝ၇ ပြိုင်ပွဲမှာ အဂူရိုက ၆ ဂိုးသွင်းပြီး အကောင်းဆုံး ဆုရခဲ့ကြပါတယ်။

ဘဝလက်တွဲဖော်

အဂူရိုဟာ ကမ္ဘာကျော် ဘောလုံးသမားဟောင်းကြီး မာရာဒိုနာရဲ့ သမီးငယ် ဂီယန်နီနာ မာရာဒိုနာနဲ့ ချစ်ကြိုက်ခဲ့ပြီး ဘဝလက်တွဲဖော်အဖြစ် လက်ထပ်ခဲ့ကြပါတယ်။ ၂၀ဝ၉ ခုနှစ်မှာ သားလေး ဘင်ဂျာမင်ကို မွေးဖွားခဲ့ပြီး သာယာတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ခဲ့ပေမယ့် ၂၀၁၁ ခုနှစ်မှာ သူတို့ အိမ်ထောင်ရေး ပျက်စီးခဲ့ရပါတယ်။ အိမ်ထောင်သက်တမ်းက ၂၀ဝ၆ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ငါးနှစ်သာ ကြာမြင့်လိုက်ပါတယ်။ ယောက္ခထီးကြီး မာရာဒိုနာကတော့ အဂူရိုကို လူပျော့၊ လူညံ့လို့ ခေါ်ဝေါ် သမုတ်ခဲ့ပါတယ်။

အဂူရိုရဲ့ နောက်ဆုံးအသင်း

အဂူရိုဟာ သူ့ရဲ့ ဘောလုံးသမားဘဝကို အင်ဒီပန်းဒန့်အသင်းမှာ အသက် ၁၅ နှစ်အရွယ်နဲ့ စတင်ခဲ့ပြီး ကြီးမားတဲ့ အောင်မြင်မှု မရခဲ့ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ ထက်မြက်တဲ့ ခြေစွမ်းကြောင့် အက်သလက်တီကိုအသင်းက ၂၀ဝ၆ ခုနှစ်မှာ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၂၃ သန်းနဲ့ ခေါ်ယူသွားခဲ့ပါတယ်။ အက်သလက်ကို စရောက်ခါစက သူ့ရဲ့တန်ကြေးနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ရာဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အဆင်ပြေခဲ့ပါတယ်။ အဂူရိုဟာ အက်သလက်အသင်းမှာ ကစားခဲ့တဲ့ ငါးနှစ်အတွင်း ၂၃၄ ပွဲမှာ ၁၀၁ ဂိုးသွင်းယူနိုင်ပြီး ယူရိုပါလိဂ်ဖလား၊ အင်တာတိုတိုဖလားနဲ့ ဥရောပစူပါဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။

အက်သလက်အသင်းမှာ ခြေစွမ်းပြပြီး အသင်းရဲ့ အဓိက ကစားသမားဖြစ်လာချိန်မှာတော့ မန်စီးတီးအသင်းက အဂူရိုကို ပေါင် ၃၈ သန်းပေးပြီး ခေါ်ယူသွားခဲ့ပါတယ်။ အဲ့ဒီအချိန်က မန်စီးတီးအသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးပဲ ဖြစ်ပါတယ်။ မန်စီးတီးအသင်းမှာတော့ အားလုံးသိပြီးတဲ့အတိုင်း အဂူရိုဟာ အဓိကတိုက်စစ်မှူးအဖြစ် ယခုအချိန်အထိ ခြေစွမ်းပြလျက်ရှိပါတယ်။

လက်ရှိသူ့ရဲ့ ခြေစွမ်းဟာ အကောင်းဆုံးမှာ ရှိနေပြီး မန်စီးတီးမှာ အခြေကျနေပြီဖြစ်ပေမယ့် အဂူရိုက သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံး အဆုံးသတ်မယ့်အသင်းက အင်ဒီပန်းဒန့်အသင်းသာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ အင်ဒီပန်းဒန့်မှာ စပြီး အင်ဒီပန်းဒန့်မှာဆုံးမယ့် အဂူရိုပဲ ဖြစ်ပါတယ်။

HYPERSPORTS NO.12 Pg. 25

.page-node-9118 .page-subtitle{ display: none; }

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required