ပုဒ်မ ၅၉ (စ) ပယ်ဖျက်ရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပြောင်းလဲမည် မဟုက်ဟု လွှတ်တော်တွင် ဆွေးနွေး

ပုဒ်မ ၅၉ (စ) ပယ်ဖျက်ရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပြောင်းလဲမည် မဟုက်ဟု လွှတ်တော်တွင် ဆွေးနွေး

နေပြည်တော် ၊ဇွန် ၂၃ ။        ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်အနေဖြင့် ပုဒ်မ ၅၉(စ) ပယ်ဖျက်ရန် ဆွေးနွေးမှုကို ပြောင်းလဲရပ်တည်သွားမှာ မဟုက်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးသည်။

“ဒီပုဒ်မရဲ့ အဓိကအချက်ဟာ လူတစ်ဦးတစ်ယောက်ကို သီးသန့်ပစ်မှတ်ထားပြီး ကန့်သတ်တဲ့ အချက်ဖြစ်တယ်လို့ ထင်မြင်ယူဆ ပါတယ်။ သားသမီးတစ်ယောက်က မိဘများအပေါ် ဘယ်လောက်ထိ သြဇာလွမ်းမိုးနိုင်မှုရှိပါသလဲ။ တိုင်းပြည်ကိုရောင်းစားမှာ စိုးရိမ်တာလား။ ဒီလိုစိုးရိမ်ကြကြေးဆိုရင် မြန်မာနိုင်ငံမှာ ကိုယ့်နိုင်ငံကို ရောင်းစားတဲ့သူတွေ အများကြီးပါ။ နိုင်ငံပိုင် သံယံဇာ တတွေကို လက်ညိုးထိုး ရောင်းစားသူတွေလည်း အများကြီးရှိပါတယ်။” ဟု ဒေါ်ခင်စန်းလှိုင်က ဆွေးနွေးသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ (ခ) မှာ မိမိနှင့် မိမိ၏မိဘနှစ်ပါးလုံး "နိုင်ငံတော်အာဏာပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှဖြစ်သည့် မြန်မာနိုင်ငံသားဖြစ်ရမည်" ဟု ပါရှိသဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ပိုင်ခွင့် အရည်အချင်းနှင့် ပြည်စုံသူတစ်ယောက်အတွက် လုံလောက်ပြီဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ကိုယ်စားလှယ်များ က ဆွေးနွေးသည်။

ပုဒ်မ ၅၉ (စ) မူလပြဌာန်းချက်နှင့် ပြင်ဆင်ချက်ကို နှိုင်းယှဉ်လေ့လာကြည်လျှင် ပြင်ဆင်ထားမှုသည် “ ထိုတရားဝင် သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုက် ခင်ပွန်းသော်လည်းကောင်း” ဆိုသည့် စကားရပ်ကိုသာ ဖြုတ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

ပြည်ထောင်စုသမ္မတနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမှုကြမ်း ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) အတွက် လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးက ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို သဘောတူညီသော်လည်း ပြောင်းလဲ ပုံပြောင်းလဲနည်းနှင့်ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် သဘောထားကွဲလွဲနေသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် ကိုယ်စားလှယ်များက ဆွေးနွေးသည်။

“မြန်မာနိုင်ငံရေးသမိုင်းမှာ ကျင့်သုံးခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေများအရ နိုင်ငံတော်သမ္မတ၏ အရည်းအချင်း သတ်မှတ်ချက်များနှင့် စပ်လျဉ်းပြီး ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ (စ) လုံးတွင် ပါရှိသော ပြဌာန်းချက်မျိုးလုံး၀ မတွေ့ရှိရပါ။” ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်က ဆွေးနွေးသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်း၏ ပုဒ်မ ၄၃၆-က ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၃၉ ဦးမှ သုံးရက်ကြာဆက်လက်ဆွေးနွေးသွားမည်ဟုသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required