ဆန္ဒပြမှုများဖြစ်လာ၍ လိပ်ကျွန်းလူသတ်မှု စုံစမ်းစစ်ဆေးမှုအပေါ် ထိုင်းရဲများ ကာကွယ်ပြောလာ

ဆန္ဒပြမှုများဖြစ်လာ၍ လိပ်ကျွန်းလူသတ်မှု စုံစမ်းစစ်ဆေးမှုအပေါ် ထိုင်းရဲများ ကာကွယ်ပြောလာ

လိပ်ကျွန်းလူသတ်မှုတွင် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးအား ထိုင်းတရားရုံးက သေဒဏ်စီရင်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အတွင်း ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်လာရာ ထိုင်းရဲများက ၎င်းတို့၏ လူသတ်မှုအပေါ် စုံစမ်းစစ်ဆေးမှုများနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၂၇ ရက်တွင် ကာကွယ်ပြောကြားလာသည်။

၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲအား သတ်ဖြတ်မှုဖြင့် သေဒဏ်စီရင်ချက် ချမှတ်ခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့အား ပြန်လွှတ်ပေးရေး ရန်ကုန်ရှိ ထိုင်းသံရုံးရှေ့တွင် လူရာပေါင်းများစွာ တောင်းဆိုနေကြပြီး ထိုင်းနိုင်ငံတွင်းက မြို့များတွင်လည်း အလားတူတောင်းဆိုမှုများ ရှိနေသည်။

လူအများစိတ်ဝင်စားသည့် ယင်းအမှုကြီးအား လက်စသတ်ပစ်လို၍ ထိုင်းအာဏာပိုင်များက မြန်မာအလုပ်သမားနှစ်ဦးကို စတေးပစ်လိုက်ခြင်းသာဖြစ်ကြောင်း ဆန္ဒပြသူများက ပြောကြသည်။

လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲ မီလာနှင့် ဟန်နာတို့အား သတ်ဖြတ်မှုဖြင့် ထိုင်းကော့စမွီတရားရုံး၌ ဒီဇင်ဘာ ၂၄ ရက်က မြန်မာအလုပ်သမားနှစ်ဦးအား သေဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

လိပ်ကျွန်းလူသတ်မှုသည် ကမ္ဘာ့လှည့်ခရီးသွားများ နှစ်သက်ရာ ထိုင်းနိုင်ငံ၏ ပုံရိပ်ကို ယိုယွင်းစေပြီး ထိုင်းရဲများ၏ လုပ်ရည်ကိုင်ရည်နှင့် ပတ်သက်ပြီးလည်း မေးခွန်းများ ထွက်ပေါ်လာစေခဲ့သည်။

"ရဲစုံစမ်းစစ်ဆေးမှုများက ပွင့်လင်းမြင်သာမှုရှိပြီး လက်သင့်ခံစရာလည်း ရှိတယ်ဆိုတာ ကျွန်တော်အနေနဲ့ ထပ်လောင်း အာမခံနိုင်ပါတယ်။"ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီဂျနာရွန်ဆူသီချန်ဘန်ချာက သတင်းထောက်များအား ဒီဇင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

လက်ထောက်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပီယာဖန်ပင်မောင့်ကလည်း "စုံစမ်းစစ်ဆေးမှုကို ကျွန်တော်တို့အနေနဲ့ ချေဖျက်ပစ်နိုင်မှာ မဟုတ်ပါ။"ဟု ပြောခဲ့ပြီး စီရင်ချက်ကို ဆန့်ကျင်ပြီး ဆန္ဒပြမှုများ မပြုလုပ်ကြရန်လည်း မြန်မာနှင့် ထိုင်းနိုင်ငံသားများထံ ၎င်းက တိုက်တွန်းပြောကြားသည်။

"တစ်ချို့အုပ်စုတွေက ဒါကို နိုင်ငံရေးအသွင်ပြောင်းဖို့ လုပ်ဆောင်နေကြတယ်။ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကိုလည်း ဆွဲထည့်ချင်ကြတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံက ဒီကိစ္စအပေါ်မှာ နားလည်မှုရှိရေးအတွက် မြန်မာအစိုးရနဲ့ ပြေလည်မှုရှိပြီးသားဖြစ်ပါတယ်။"ဟု ပီယာဖန်က ပြောသည်။

ထိုင်းကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝတ်ဝန်ဆူဝန်ထံသို့ မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ်သစ်ကူး သတင်းစကားပါးရာတွင် လိပ်ကျွန်းအမှုမှ သက်သေအထောက်အထားများအပေါ် ပြန်လည်သုံးသပ်ရန် မေတ္တာရပ်ခံထားသည်။

"အပြစ်ရှိသူတစ်ယောက်အား အပြစ်မပေးမိခြင်းထက် အပြစ်မဲ့သူတစ်ယောက်အား အပြစ်မပေးမိရန် ပို၍ အရေးကြီးကြောင်း" ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ်သစ်ကူးသဝဏ်လွှာတွင် သတင်းစကားပါးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly