နှစ်သစ်ကူးကာလတွင် ဥရောပမြို့ကြီးများ တိုက်ခိုက်ခံရနိုင်ဖွယ်ရှိဟု သြစတြီးယားရဲတပ်ဖွဲ့ ပြောကြား

နှစ်သစ်ကူးကာလတွင် ဥရောပမြို့ကြီးများ တိုက်ခိုက်ခံရနိုင်ဖွယ်ရှိဟု သြစတြီးယားရဲတပ်ဖွဲ့ ပြောကြား

ဗီယင်နာ၊ ဒီဇင်ဘာ-၂၇ ။             ။ နှစ်သစ်ကူးမတိုင်မီတွင် ဥရောပမြို့ကြီးများ၌ ပစ်ခတ်မှုနှင့် ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်နိုင်ခြေရှိသည်ဟု ထောက်လှမ်းရေးဌာနတစ်ခုက သတိပေးထားကြောင်း သြစတြီးယား ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၆ရက်နေ့က ပြောကြားခဲ့သောကြောင့် ဥရောပတစ်လွှားရှိ ရဲတပ်ဖွဲ့များက လုံခြုံရေးကို တိုးမြှင့်ထားခဲ့ကြသည်။

ဖြစ်နိုင်ခြေရှိတဲ့ တိုက်ခိုက်သူတွေရဲ့ အမည်စာရင်းကို ဖော်ထုတ်ပြီး စစ်ဆေးနေပါတယ်။ ဒီစစ်ဆေးချက်တွေအပေါ် အခြေခံပြီး စုံစမ်းနေပေမယ့်လည်း အခုအချိန်အထိတော့ ခိုင်လုံတဲ့ ရလဒ်တွေ ထွက်မလာသေးပါဘူးဟု ဗီယင်နာ ရဲတပ်ဖွဲ့က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။ ယခုကြေညာချက်မှာ အနည်းဆုံး လူပေါင်း ၁၃၀သေဆုံးခဲ့ရသည့် ပါရီတိုက်ခိုက်မှုများအပြီး ရက်သတ္တ၆ပတ်အကြာတွင် ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။

ခရစ္စမတ်နဲ့ နှစ်သစ်ကူး ကြားလအတွင်း လူစည်ကားတဲ့နေရာတွေမှာ သေနတ်နဲ့ ပစ်ခတ်တာမျိုး၊ ဗုံးခွဲတာမျိုးတွေပါဝင်တဲ့ တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်လို့ ထောက်လှမ်းရေးဌာနတစ်ခုက ခရစ္စမတ်မတိုင်မီ ရက်တွေကတည်းက ဥရောပမြို့ကြီးတွေကို သတိပေးချက်တွေ ပေးပို့ခဲ့ပါတယ် ဗီယင်နာရဲတပ်ဖွဲ့က ပြောကြားသည်။

သြစတြီးယားနိုင်ငံသားများအနေဖြင့်လည်း လုံခြုံရေးတင်းကျပ်ရန် လိုအပ်ချက်ကို နားလည်ဖို့ လိုအပ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲံသည်။

လုံခြုံရေးတိုးမြှင့်မှုများထဲတွင် ပွဲလမ်းများ၊ ဘူတာရုံကားဂိတ်များတွင် စောင့်ကြည့်ထောက်လှမ်းခြင်းများ ပါဝင်သကဲ့သို့ မှတ်ပုံတင်များ စစ်ဆေးခြင်း၊ အိတ်လို၊ စက်ဘီးကိုယ်ထည်လို ဗုံးများကို ဖုံးအုပ်သယ်ဆောင်လာနိုင်သည့် အရာဝတ္ထုများကို အထူးသတိထား ရှာဖွေခြင်းများ ပါဝင်သည်။

ဂျာမန် ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂိုလ်ကမူ လုံခြုံရေးအကြောင်းပြချက်ဖြင့် မှတ်ချက်တစ်စုံတစ်ရာ ပြောဆိုရန် ငြင်းဆန်ခဲ့သည်။

ဂျာမနီဟာ ဂျီဟတ်အကြမ်းဖက်မှုရဲ့ ပစ်မှတ်အတွင်းမှာ ရှိနေသေးတယ်ဟု ၎င်းကပြောကြားပြီး အခြေအနေအရပ်ရပ်ကို သုံးသပ်နေပြီး လုံခြုံရေးကို လိုအပ်သလို ထိန်းညှိလုပ်ဆောင်နေသည်ဟု ဆိုသည်။

တစ်ချိန်တည်းမှာပင် ဘရပ်ဆဲတွင်မူ နောက်ပိုင်းတွင် ပါရီ အသေခံဗုံးခွဲသမားတစ်ယောက် ဖြစ်လာခဲ့သည့် ကျောင်းသားတစ်ယောက် အစွန်းရောက်သွားခဲ့ပုံနှင့် ပတ်သက်သည့် စိုးရိမ်မှုများကို ပညာရေးအာဏာပိုင်များက တုန့်ပြန်ရန် ပျက်ကွက်နေမှုအပေါ် ရဲတပ်ဖွဲ့ကော်မရှင်တစ်ခုက ကောလိပ်တစ်ခုမှ အမှုထမ်းများကို တွေ့ဆုံမေးမြန်းနေသည်ဟု စနေနေ့က ဘဲလ်ဂျီယံသတင်းစာ တစ်စောင်တွင် ဖော်ပြထားသည်။

နိုဝင်ဘာ ၁၃ရက်နေ့က ပါရီရှိ Stade de France အပြင်ဘက်တွင် အသေခံဗုံးခွဲခဲ့သည့် တိုက်ခိုက်ရေးသမားများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည့် ဘီလယ် ဟဒ်ဖီ (၂၀နှစ်)မှာ ဖေဖော်ဝါရီလတွင် ကျောင်းမှထွက်ပြီး ဆီးရီးယားသို့ မထွက်ခွာမီအထိ ဘရပ်ဆဲရှိ အန်နတ်ဆင် ဖန့်ခ်ကောလိပ်တွင် တက်ရောက်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required