မန်ယူအတွက် ... မော်ရင်ဟိုက အမှန်တကယ် သင့်တော်သူလား

မန်ယူအတွက် ... မော်ရင်ဟိုက အမှန်တကယ် သင့်တော်သူလား

မော်ရင်ဟို ချယ်လ်ဆီးအသင်းက ထုတ်ပယ်ခံရပြီးနောက် ကမ္ဘာ့ဘောလုံးလောကမှာ အလှုပ်ခတ်ဆုံးဖြစ်လာသည့် သတင်းက မန်ယူနည်းပြ လူးဝစ္စဗန်ဟားလ်၏နေရာတွင် မော်ရင်ဟိုဖြင့် အစားထိုးတော့မည်ဆိုသော သတင်းများပင် ဖြစ်သည်။

စပိန်မီဒီယာတစ်ခုဖြစ်သည့် Fichajes ၏ ဖော်ပြမှုနှင့် ဒေးလီးစတား၏ အဖွကောင်းမှုတို့ကြောင့် မော်ရင်ဟိုနှင့် မန်ယူတို့ ငါးနှစ်စာချုပ် ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ပြီဆိုသော သတင်းများပင် တစ်ကမ္ဘာလုံးသို့ ပျံနှံ့သွားခဲ့ရသည်။ မော်ရင်ဟိုရဲ့ အေးဂျင့်ဖြစ်တဲ့ ဂျော့မန်ဒက်က ဒီသတင်းတွေ မဟုတ်ပါဘူး၊ သဘောတူညီမှုလည်း မရသေးပါဘူးဆိုပြီး ရှင်းလင်းလိုက်လို့ ပြန်လည်ငြိမ်သက်သွားရပေမယ့် မန်ယူပရိသတ်တွေနဲ့ ကမ္ဘာ့ဘောလုံးပရိသတ်တွေကြားမှာတော့ စိတ်ကူးဖြင့် မော်ရင်ဟိုကို မန်ယူနည်းပြ ခန့်အပ်ကာ ဘယ်လိုပုံစံဖြစ်လာမလဲ ဆိုသည်ကို ခန့်မှန်းနေကြပြီဖြစ်သည်။

ယခုနှစ် ပရီးမီးယားလိဂ်တွင် အသင်းကြီးများ ရလဒ်ဆိုးရွားနေပြီး ရုန်းကန်နေရတာကြောင့် အာဆင်နယ်တစ်သင်းက လွဲပြီး ကျန်အသင်းကြီးအားလုံးမှာ နည်းပြအပြောင်းအလဲ လုပ်ဖို့ သတင်းများ ထွက်ပေါ်ခဲ့ကြသည်။ အမှန်တကယ် လက်တွေ့တွင်လည်း အစဦးဆုံး လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာ ထုတ်ပယ်ခံလိုက်ရပြီး ဒုတိယမြောက်က ဟိုဆေးမော်ရင်ဟို ဖြစ်လာခဲ့ရသည်။ ယခု လူးဝစ္စဗန်ဟားလ်အလှည့် တစ်ဖြည်းဖြည်း နီးကပ်လာပြီဖြစ်သည်။ ပေါင် သန်းပေါင်းများစွာ အသုံးပြုထားပြီး ရာသီနှစ်ခု ရောက်လာတဲ့ အချိန်အထိ ဗန်ဟားလ်ရဲ့ မန်ယူအသင်းက ချန်ပီယံဆုတွေကို စိန်ခေါ်ဖို့ မဆိုထားနှင့် ပုံမှန်ခြေစွမ်းကောင်း ရဖို့ကိုပင် ရုန်းကန်နေရသည်။ ထို့ကြောင့် ဗန်ဟားလ်ကို မန်ယူ ပရိသတ်အများစုက စိတ်မရှည်ကြတော့။ ပရီးမီးယားလိဂ်ရဲ့ အရှင်သခင်အဖြစ် ရာသီပေါင်း များစွာ ရပ်တည်လာခဲ့သည့် မန်ယူပရိသတ်တွေဟာ ဖာဂူဆန်ထွက်သွားပြီးနောက်ပိုင်းမှာတော့ အခြားအသင်းတွေနဲ့ မခြားနားတော့ပဲ သူလိုကိုယ်လို ဖြစ်လာခဲ့ရသည်။ ထို့ကြောင့် မန်ယူပရိသတ်တွေ အပြောင်းအလဲကို လိုချင်နေပြီ ဖြစ်သည်။

ယခုလက်ရှိမှာလည်း ဗန်ဟားလ်၏ အနာဂတ်က တော်တော်လေးကို မှေးမှိန်နေပြီဖြစ်ရာ သူ့နေရာတွင် မော်ရင်ဟိုနဲ့ ဂွါဒီယိုလာတို့က ရေပန်းအစားဆုံးဖြစ်လျက်ရှိနေသည်။ ဂွါဒီယိုလာကလည်း နောက်နှစ်မှာ ဘိုင်ယန်အသင်းက ထွက်ဖို့ သေချာသွားပြီဖြစ်လို့ မန်ယူ၏ အနာဂတ်နည်းပြမှာ မော်ရင်ဟိုနှင့် ဂွါဒီယိုလာတို့ နှစ်ဦးမှ တစ်ဦးဖြစ်လာနိုင်ဖို့ ရာခိုင်နှုန်း အတော်လေးများနေပြီဟု ဆိုရမည် ဖြစ်သည်။

ယခုပထမဆုံး ပြောချင်သည်ကတော့ မန်ယူနှင့် စာချုပ်ဖို့ သဘောတူညီသွားပြီလို့ ကောလဟာလတွေ ထွက်ခဲ့သည့် မော်ရင်ဟို၏ အကြောင်းဖြစ်သည်။ မော်ရင်ဟိုသည် မန်ယူနည်းပြအဖြစ် အမှန်တကယ် သင့်တော်သူ ဖြစ်သည်လားဟု မေးခွန်းထုတ်ကြည့်ချင်သည်။ ထိုမေးခွန်းကို Independent သတင်းစာကတော့ အချက်ငါးချက်ဖြင့် ဖြေဆိုသွားခဲ့သည်။

နံပါတ်(တစ်)။ ။ နံပါတ်တစ်က အောင်မြင်မှုဖြစ်သည်။

ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့သည့် ဒုတိယအကြိမ် အပါအဝင် မော်ရင်ဟိုသည် သူကိုင်တွယ်ခဲ့သည့် အသင်းတိုင်းတွင် ဒုတိယရာသီ၌ အမြဲတမ်းအောင်မြင်မှုများ ရရှိခဲ့သည်။ ထို့ကြောင့် မန်ယူအသင်းအနေဖြင့် မော်ရင်ဟိုကို ခန့်အပ်ခဲ့ပါက ပထမရာသီတွင် ဆုဖလားမဆွတ်ခူးနိုင်ခဲ့ရင်သော်မှ ဒုတိယရာသီတွင် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်မည် ဖြစ်သည်။ လက်ရှိနည်းပြ လူးဝစ္စဗန်ဟားလ်ထက် ပိုပြီး ပရိသတ်များ စိတ်ချမ်းသာရဖွယ်ရှိနေသည်။

နံပါတ်(နှစ်)။ ။ ဖာဂူဆန်၏ ချစ်ခင်မှုကို ခံရခြင်း။

မန်ယူ၏ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်သည် မော်ရင်ဟို၏ အမာခံ ပရိသတ်တစ်ဦး ဖြစ်သည်။ “အခု မော်ရင်ဟိုရဲ့ ဆံပင်ပုံစံက ဂျော့ကိုလိုနီရဲ့ ဆံပင်စတိုင်နဲ့ တကယ်ကို ကြည့်ကာင်းနေပါတယ်။ သူဟာ တကယ်ကို ကောင်းတဲ့ဥပမာတစ်ခုလည်း ဖြစ်ပါတယ်။ ဘာသာစကားငါးမျိုး ပြောဆိုနိုင်ပြီး ဘာမဆိုလုပ်နိုင်စွမ်း ရှိသူပါ” ဟု ဖာဂူဆန်က ချီးကျူးထားသည်။ ဖာဂူဆန်သည် မော်ရင်ဟို၏ နည်းပြစွမ်းရည်နှင့် အောင်မြင်မှုများကိုလည်း အပြည့်အဝ ထောက်ခံမှု ပေးထားသည်။

နံပါတ်(သုံး)။ ။ စီရော်နယ်ဒို ပြန်လာနိုင်ခြင်း။

အမှန်တကယ် ဒီအချက်က နံပါတ်တစ်တွင် ဖော်ပြထားခြင်းဖြစ်သည်။ စီရော်နယ်ဒိုနှင့် မော်ရင်ဟိုတို့မှာ တင်းမာသည့် ဆက်ဆံရေး အချို့ရှိခဲ့သော်လည်း စီရော်နယ်ဒိုက မော်ရင်ဟို၏ လက်အောက်တွင် နောက်တစ်ကြိမ် ပြန်ကစားလိုသေးကြောင်း ပြောဆိုခဲ့ဖူးသည်။ ထို့ကြောင့် စီရော်နယ်ဒို ပြန်လာနိုင်ခြင်းဟု ဆိုခြင်းဖြစ်လိမ့်မည်။ စီရော်နယ်ဒိုက “ကျွန်တော် ရီးယဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်ပါသေးတယ်။ ဒါပေမဲ့ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး” ဟု ဆိုထားသည်။ ထို့အပြင် စီရော်နယ်ဒိုသည် မန်ယူအသင်းကို ချစ်မြတ်နိုးသူဖြစ်သည့်အတွက် ထိုအချက်က ဖြစ်လာနိုင်ပေသည်။

နံပါတ်(လေး)။ ။ မော်ရင်ဟို၏ နာမည်ကို မန်ယူပရိသတ်များ သီချင်းလုပ်ဆိုကြခြင်း။

ပြီးခဲ့သည့်အပတ်က မန်ယူအသင်း နောဝှစ်ချ်ကို ၂-ဝ ဂိုးဖြင့်ရှုံးနေသည့် အချိန်တွင် မန်ယူပရိသတ်များသည် ဟိုဆေးမော်ရင်ဟို၏ နာမည်ကို သီချင်းလုပ်ဆိုခဲ့ကြခြင်း ဖြစ်သည်။

နံပါတ်(ငါး)။ ။ ရွန်နီကို အမြဲအလိုရှိခဲ့သည့် မော်ရင်ဟို။

မော်ရင်ဟိုမှာ မန်ယူတိုက်စစ်မှူး ဝိန်းရွန်နီကို ခေါ်ယူရန် အမြဲတမ်းအလိုရှိခဲ့သူဖြစ်သည်။ ၂၀၁၃ ခုနှစ် ရာသီအကြိုကာလက ရွန်နီကို ခေါ်ယူလိုကြောင်း မော်ရင်ဟိုက တရားဝင် ဖွင့်ဟဝန်ခံခဲ့သည်။ သူ၏ အပြောင်းအရွှေ့ ရည်မှန်းချက်မှာ ရွန်နီဟု သတင်းစာရှင်းလင်းပွဲတွင် မော်ရင်ဟိုက ပြောခဲ့သည်။ ခြေစွမ်း ကျဆင်းနေသည့် ရွန်နီကို ယခင်ကကဲ့သို့ ပြန်လည် တောက်ပစေလိုပါက ၎င်းကို နှစ်သက်တန်ဖိုးထားသည့် နည်းပြနှင့်မှသာ ဖြစ်လိမ့်မည်ဟု Independent အသတင်းစာက နောက်ဆုံးအပိတ်အနေဖြင့် ရေးသားထားခဲ့သည်။

မော်ရင်ဟိုသည် ယခင်က ပရီးမီးယားလိဂ်တွင် ချယ်လ်ဆီးအသင်း၏ ပြိုင်ဘက်အသင်းများကို နည်းပြမည်မဟုတ်ဟု ပြောဆိုခဲ့ဖူးသည်။ သို့သော် ၎င်းချယ်လ်ဆီးအသင်းမှ ထုတ်ပယ်ခံခဲ့ရသည့် ပုံစံမှာ စိတ်ပျက်ဖွယ်ရာဖြစ်သည်။ အသင်းပိုင်ရှင်နှင့် ပရိသတ်များက ယုံကြည်မှုရှိနေသော်လည်း အသင်း၏ ခြေစွမ်းနှင့် ရလဒ်မှာ လုံးဝကောင်းမွန်လာခြင်း မရှိသည့်အတွက် နောက်ဆုံး မဖြစ်မနေအပြောင်းအလဲ ပြုလုပ်လိုက်ရခြင်း ဖြစ်သည်။ အဓိက ကစားသမားအချို့၏ စုပေါင်း သစ္စာဖောက်ခြင်း ခံခဲ့ရသည့် ပုံစံမျိုးတွေ့ခဲ့ရသည်။ မော်ရင်ဟို၏ နည်းပြဘဝတွင် ဘယ်တုန်းကမှ မရောက်ခဲ့ဖူးသည့် အဆင့်မျိုးကို ရောက်ရှိပြီး အသင်းမှ ထုတ်ပယ်ခံရသည့်အတွက် သိက္ခာလည်း ကျဆင်းခဲ့ရသည်။ ထို့ကြောင့် မန်ယူနည်းပြရာထူးမှာ ၎င်း၏ ဂုဏ်သိက္ခာကို ပြန်လည်ဆည်တင်ရန် အကောင်းဆုံး အခွင့်အရေးမျိုးဖြစ်လျက်ရှိသည်။

မော်ရင်ဟို မန်ယူမှာ အမှန်တကယ်အောင်မြင်နိုင်သလား

မော်ရင်ဟို မန်ယူမှာ အမှန်တကယ် အောင်မြင်နိုင်သလားဆိုတော့။ အောင်မြင်နိုင်သည်ဟုသာ ဖြေဆိုရပေလိမ့်မည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ နည်းပြအရည်အချင်းနှင့် အောင်မြင်မှု မှတ်တမ်းများကြောင့် ထိုကဲ့သို့ ပြောဆိုရခြင်းဖြစ်သည်။ မန်ယူပရိသတ်အချို့က စိတ်ပူကြသည်။ မော်ရင်ဟို မန်ယူနည်းပြ ဖြစ်လာပါက အသင်း၏ ပုံစံမှာ ခံစစ်ပုံစံဖြစ်သွားလိမ့်မည်ဟု ဖြစ်သည်။ အချို့ကလည်း မော်ရင်ဟိုသာ မန်ယူနည်းပြဖြစ်လာပါက မန်ယူကို အားမပေးတော့ဟု ဆိုကြသည်။ အသင်းကို ချစ်သည်ထက် ပုဂ္ဂိုလ်ရေးမုန်းတီးမှုက ပိုလျက်ရှိသည်။

မော်ရင်ဟို မန်ယူနည်းပြဖြစ်လာပါက ခံစစ်ပုံစံဖြစ်သွားမည်ကို စိုးရိမ်နေသည်မှာ သဘာဝမကျပေ။ မော်ရင်ဟိုသည် ခံစစ်ဗျူဟာ ပုံဖော်ရာတွင် အကောင်းဆုံးနည်းပြတစ်ဦး ဖြစ်သည့်အတွက် သူအားသာသည့် ကစားကွက်ကိုသာ ကစားပေလိမ့်မည်ဖြစ်သည်။ သို့သော် ၎င်းရီးယဲလ်ကို ကိုင်တွယ်စဉ်အခါက တိုက်စစ်ထက်မြက်သည့် ကစားသမားများ ရှိနေသည့်အတွက် တိုက်စစ်ကို ဦးစားပေးခဲ့သည်။ သို့သော် သူ အားသန်သည့် ခံစစ်ကို လုံးဝစွန့်ပစ်လိုက်ခြင်းမျိုးမဟုတ်ဘဲ လိုအပ်လျှင်အသုံးပြုခဲ့သည်သာ ဖြစ်သည်။

မော်ရင်ဟိုသည် နည်းပြတစ်ဦးအနေဖြင့် အားသာချက်များစွာ ရှိသူဖြစ်သည်။ ကစားသမားတွေကို စိတ်ဓာတ်မြှင့်တင်ပေးပြီး ကစားသမားတွေထံက အကောင်းဆုံးသော စွမ်းရည်တွေကို ရရှိအောင် ပြုလုပ်နိုင်ခြင်းသည် မော်ရင်ဟို၏ အကောင်းဆုံးသော အားသာချက်တစ်ခု ဖြစ်သည်။ ဘာသာစကားကျွမ်းကျင်မှု၊ စပိန်၊ အီတလီ၊ အင်္ဂလန်၊ ပေါ်တူဂီ စတဲ့ ဥရောပ ထိပ်သီးဘောလုံးလိဂ်များ၏ ကစားဟန်များကို ကြေညက်မှု၊ ပြင်းပြသည့် နိုင်လိုစိတ်ရှိမှု၊ ကိုယ့်ကိုကိုယ် မြင့်မားသည့် ယုံကြည်မှု ဒီအချက်တွေက မော်ရင်ဟိုဆိုပြီး ထိပ်တန်းနည်းပြအဖြစ် ရပ်တည်နေနိုင်သည့် အားသာချက်များ ဖြစ်သည်။ ထို့ကြောင့် မော်ရင်ဟို အနေဖြင့် မန်ယူအသင်းသာမက အခြားမည်သည့် ထိပ်သီးအသင်းကြီးများကို ကိုင်တွယ်သည်ဖြစ်စေ အောင်မြင်မှု ရရှိမည်မှာ သေချာသည်ဟုဆိုရမည် ဖြစ်သည်။

နောက်ဆုံးအနေဖြင့် ပြောရလျှင် မော်ရင်ဟိုဖြစ်စေ၊ ဂွါဒီယိုလာဖြစ်စေ မန်ယူကို ကိုင်တွယ်မည်ဆိုပါက မန်ယူပရိသတ်များအတွက် ကျေနပ်စရာပင်ဖြစ်ပေသည်။ နှစ်ဦးစလုံးမှာ ကိုယ်ပိုင်ဟန်များဖြင့် ထူးချွန်သူများဖြစ်ပြီး အောင်မြင်မှုများ သေချာပေါက် ရယူပေးနိုင်မည့် သူများဖြစ်ပေသည်။

Hypersports Magazine

.page-node-9039 .page-subtitle{ display: none; }

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly