လိပ်ကျွန်းလူသတ်မှု တရားရုံးက သေဒဏ်ချမှတ်သည့်အပေါ် မကျေနပ်၍ ရန်ကုန်သံရုံးအနီး တနေကုန် ဆန္ဒပြ

လိပ်ကျွန်းလူသတ်မှု တရားရုံးက သေဒဏ်ချမှတ်သည့်အပေါ် မကျေနပ်၍ ရန်ကုန်သံရုံးအနီး တနေကုန် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၂၅။ ။ ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်ကျွန်း(လိပ်ကျွန်း) လူသတ်မှု စွတ်စွဲခံမြန်မာနှစ်ဦးအား သေဒဏ်ချမှတ်ခဲ့သည့်အပေါ် တရားမျှတမှုမရှိဟုယူဆသည့်အတွက် ထောင်နှင့် ချီသော မြန်မာနိုင်ငံသားများသည် ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံ သံရုံးရှေ့တွင် ဒီဇင်ဘာ ၂၅ရက်က တစ်နေ့လုံး ဆန္ဒပြခဲ့ကြသည်။ 

ယင်းဆန္ဒပြမှုသည် ဒုတိယမြောက်နေ့ဖြစ်ပြီး ထိုင်းတရားရုံးက အမိန့်ချမှတ်သည့် ဒီဇင်ဘာ ၂၄ရက် ညနေ ၃နာရီခွဲခန့်ကလည်း ပထမအကြိမ်အဖြစ် တစ်နာရီခန့် ဆန္ဒပြခဲ့ကြသည်။ 

ပြည်သူများနှင့်အတူ အနုပညာရှင်များလည်း ပူးပေါင်း

ဒုတိယနေ့ ဆန္ဒပြပွဲတွင် သံဃာတော်အချို့၊ ပြည်သူများ နှင့်အတူ အနုပညာရှင်များလည်း လာရောက် ပူးပေါင်းပါဝင်ကြသည်။ နာမည်ကြီး အနုပညာရှင်များ ဖြစ်သည့် မေခလာ၊ ခင်လှိုင်၊ ယုန်လေး၊ ဆူဇီ၊ မောင်မောင်အေး၊ ရန်ကျော် စသည့် အနုပညာရှင် အချို့ကို ထိုင်းသံရုံးရှေ့တွင် လာရောက် ပူးပေါင်းသည်ကို တွေ့ရသည်။

"ကျွန်မ ကလေးတယောက်လို အော်ဟစ် ပြီး အားလုံးကြားအောင် တောင်းဆို ချင်ပါတယ်။ နိုင်ငံတော် အကြီးအကဲကြီးများနဲ့တကွ လက်ရှိ သမ္မတကြီး ဦးသိန်းစိန် နဲ့ အာဏာ မရရှိသေးပေမယ့် လူအများ ကြည်ညိုလေးစားသော  နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် (အမေစု)တို့ ဝိုင်းပြီး ကူညီပြောပေးကြပါ။
ဒီကလေး နှစ်ယောက် အပြစ်မရှိကြောင်း သိရှိပြီးမှ ခုလို သေဒဏ်အထိ ချမှတ်ခံရတာ ရက်စက် လွန်းရာကျသလို ကိုယ့် မြန်မာပြည်သားတွေအတွက် သိက္ခာတရားပါ ကျစေပါတယ်။ ဆင်းရဲလို့ တိုင်းတပါးမှာ ဝမ်းစာရှာစား နေရတဲ့အထဲ အခုလို မတရား စော်ကားခံရတာ ကိုယ့် လူမျိုး အတွက် ယူကြုံး မရ စိတ် မချမ်းသာ ဖြစ်နေရပါတယ်။ ကျွန်မတို့ ကလေး နှစ်ယောက်ကို ကယ်ပေးပါ။ အနူးအညွတ် တောင်းပန်ပါတယ်"ဟု တေးသံရှင် မေခလာက ပြောသည်။

လုံခြုံရေတိုးမြင့်ချထား

ဒီဇင်ဘာ ၂၅ရက်တွင် သံရုံးအနီး လာရောက်ဆန္ဒပြသူ တဖြည်းဖြည်း များလာသဖြင့် လုံခြုံရေးကိုလည်း တိုးမြှင့် ချထားခဲ့သည်။ လုံခြုံရေး အင်အားမှာ ထိုင်းသံရုံးရှိရာ မနော်ဟရီလမ်း တစ်ဖက်တစ်ချက်စီတွင် ရဲကား နှစ်စီး ရပ်ထားသည်ကို တွေ့ရပြီး ရဲအင်အားမှာလည်း ၁၀၀ ဝန်းကျင်ရှိမည်ဟု ခန့်မှန်းရသည်။ 

မနော်ဟရီလမ်းကိုလည်း တစ်နေကုန် ပိတ်ထားပြီး ဆန္ဒပြသူများက သံရုံးရှေ့တွင် သွားရောက်ဆန္ဒပြရန် တောင်းဆိုကာ လုံခြုံရေး ရဲများ နှင့် ညှိနှိုင်းခဲ့သည်။ 

သံရုံးအရာရှိက ဆန္ဒပြသူတွေကို နှစ်သိမ့်ဆွေးနွေး

ယင်းသို့ သံရုံးရှေ့ လာရောက်ဆန္ဒပြသူများကို သံရုံးအရာရှိက ထွက်ကာ နှစ်သိမ့်ခဲ့ပြီး ဆန္ဒပြသူများ၏ တောင်းဆိုမှုများ နှင့် ဆန္ဒပြသူများက ထိုင်းအစိုးရထံ ပေးပို့စေလိုသည့် စာတစ်စောင်ကိုလည်း ထိုင်းအစိုးရထံသို့ လက်ဆင့်ကမ်းပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

"အားလုံးရဲ့ တောင်းဆိုချက်တွေကို လက်ခံပြီး ထိုင်းနိုင်ငံအစိုးရကို အမြန်ဆုံးပို့ပေးပါ့မယ်။ ဒီစာရွက်ကို အမြန်ဆုံး ထိုင်းနိုင်ငံ အစိုးရကို ပို့ပေးပါမယ်" ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ 

မွန်းတည့်ချိန်တွင် လုံခြုံရေးရဲ အရာရှိများ၊ သံရုံးတာဝန်ရှိသူများက ဆန္ဒပြသူများထဲမှ ခေါင်းဆောင်ငါးဦး နှင့် သံဃာအချို့ကို ခေါ်တွေ့ကာ မေးခွန်းတစ်ဦး တစ်ခွန်းစီ မေးခွန်းပေးခဲ့ပြီး ဆွေးနွေးခဲ့သည်။ 

ထိုင်းသံမှူးနှင့် တွေ့ဆုံခွင့်ရသူ မခိုင်အေးဖြူကတော့ ကျေနပ်လောက်သည့် အဖြေမရဟု မီဒီယာများကို ပြောသည်။

နောက်ထပ် တွေ့ဆုံခွင့်ရသူ ကိုငြိမ်းချမ်းကမူ "ကျွန်တော်တို့အနေနဲ့ ထိုင်းသံမှူးအရာရှိနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ မေးစေချင်တဲ့ မေးခွန်းအချို့ကို မေးခွင့် ရခဲ့သလို ဖြစ်စေချင်တဲ့ အရာအချို့ကိုလည်း တောင်းဆိုခွင့်ရခဲ့ပါတယ်။ သံမှူးအရာရှိက ပြောကြားရာမှာတော့ ဒီကိစ္စဟာ တရားစီရင်ရေးပိုင်း ဖြစ်တဲ့အတွက် သံမှူးအရာရှိတစ်ယောက် အနေနဲ့ ပြောပိုင်ခွင့်၊ ဆိုပိုင်ခွင့် လုပ်ပိုင်ခွင့်လည်း မရှိပါဘူး။ သို့သော်လည်းပဲ ပြည်သူလူထု ဖြစ်ပျက်နေတာလည်း မြင်ရတယ်။ ဘယ်လို ခံစားရတယ်ဆိုတာလည်း တွေ့ရတယ်။ ကျွန်တော်တို့ သွားရောက်ဆွေးနွေးတဲ့အချက်အချို့ကိုလည်း သူ့အနေနဲ့ မှတ်သားထားပြီး အထက်က ထိုင်းအစိုးရကို တင်ပြပေးပါမယ်တဲ့" ဟု သံရုံးပြင်ပတွင် စောင့်ဆိုင်းနေသည့် ဆန္ဒပြသူများ၊ မီဒီယာများကို ပြန်လည် ရှင်းပြသည်။ 

ရွှေတိဂုံဘုရားပေါ်တွင်လည်း ဆုတောင်းပွဲလုပ်

ညနေ ၄နာရီခန့်တွင် သံရုံးရှေ့က လူထုကြီးကို လူစုခွဲကြရန် ရဲအရာရှိများက မေတ္တာရပ်ခံမှုကြောင့် ထိုအထဲမှ အချို့က ရွှေတိဂုံဘုရားသို့ ချီတက်ကာ အောင်မြေတွင် ဆုတောင်းခဲ့ကြသေးသည်။ 

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်၊ မန္တလေးမြို့များတွင် ဆုတောင်းပွဲများ၊ ဆန္ဒပြပွဲများ ပြုလုပ်ခဲ့သည့်အပြင် နိုင်ငံရေးပါတီ အချို့ နှင့် အဖွဲ့အစည်းအချို့ကလည်း ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သည်။ 

ရန်ကုန် ဆန္ဒပြပွဲကို ဒီဇင်ဘာလ ၂၅ရက် နံနက် ၁၀နာရီဝန်းကျင်တွင် စတင်ခဲ့ပြီး ညနေ ၅ခွဲတွင် "မနက်ဖြန်မနက် ဆယ်နာရီမှာ ပြန်ဆုံကြမယ်"ဟု ကြွေးကြော်ပြီး လူစုခွဲခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required