မြန်မာ အမျိုးသမီးအသင်း သြဂုတ်လအတွင်း ဂျပန်နိုင်ငံသို့ သွားရောက်လေ့ကျင့်မည်

မြန်မာ အမျိုးသမီးအသင်း သြဂုတ်လအတွင်း ဂျပန်နိုင်ငံသို့ သွားရောက်လေ့ကျင့်မည်
အိုုလံပစ်ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာအမျျိုးသမီးအသင်းအား တွေ့ရစဉ်။ (ဓာတ်ပုံ- MFF)

ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၆ အိုလံပစ်ပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲ ဒုတိယအဆင့် ပွဲစဉ်များအတွက်ပြင်ဆင် မှုပြုလုပ်နေသည့် မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းသည် ခြေစစ်ပွဲမတိုင်ခင် သြဂုတ်လ၌ ဂျပန်နိုင်ငံသို့ သွားရောက်လေ့ကျင့်ရန် စီစဉ်ထားသည်ဟု အသင်းနည်းစနစ် ဒါရိုက်တာ ဦးအေးမောင်ကြီးက ပြောသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဦး၊ နည်းစနစ် ဒါရိုက်တာအဖြစ် ဦးအေးမောင်ကြီးတို့က တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ပဏာမလက်ရွေးစင် ကစားသမား၂၆ ဦးဖြင့် ဇွန်လမှ စတင်ကာ ရန်ကုန်မြို့  သုဝဏ္ဏလေ့ကျင့်ရေးကွင်း၌ လေ့ကျင့်မှုပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

‘‘ အမျိုးသမီး အသင်းအနေနဲ့ ခြေစစ်ပွဲမတိုင်မီ ဇူလိုင်လမှာ မန္တလေးမြို့မှာ သွားရောက်လေ့ကျင့်ဖို့ စီစဉ်ထားပါတယ်။ သြဂုတ်လ မှာ ဂျပန်နိုင်ငံသို့ သွားရောက်လေ့ကျင့်ခြေစမ်းဖို့ စီစဉ်ထားပါတယ်။ အဖွဲ့ချုပ်ကိုလည်း တင်ပြထားပါတယ်။ ခြေစမ်းဖို့ကိုတော့ ဘယ်အသင်းဖြစ်မယ် ဆိုတာ မသိနိုင်သေးပါဘူး။ လက်ရှိမှာလည်း အသင်းက လေ့ကျင့်ပြင်ဆင်မှုတွေတော့ တောက်လျှောက် လုပ်နေပါတယ် ’’ဟု နည်းစနစ်ဒါရိုက်တာ ဦးအေးမောင်ကြီးက ပြောသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် မတ်လတွင် ကျင်းပပြုလုပ်ခဲ့သည့် အာရှဇုန်ခြေစစ်ပွဲ ပထမအဆင့် ၌ အိန္ဒိယနှင့် သီရိလင်္ကာအသင်းတို့ကို အနိုင်ရခဲ့ပြီး ခြေစစ်ပွဲကို အောင်မြင်ခဲ့ကာ ဒုတိယအဆင့်တွင် ထိုင်း၊ ဗီယက်နမ်၊ တရုတ် (တိုင်ပေ)၊ ဂျော်ဒန်အသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဒုတိယအဆင့် ခြေစစ်ပွဲကို စက်တင်ဘာ ၁၄ ရက်တွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly