ကစားသမားသစ် ခေါ်ယူမှု စိတ်ကြိုက်မဖြစ်ခဲ့ ဟု ဧရာဝတီနည်းပြ ငြီးတွား

ကစားသမားသစ် ခေါ်ယူမှု စိတ်ကြိုက်မဖြစ်ခဲ့ ဟု ဧရာဝတီနည်းပြ ငြီးတွား
ဧရာဝတီအသင်းမှ အသစ်ခေါ်ယူထားသော တိုက်စစ်မှူး လာဇာဗီဒစ်။ (ဓာတ်ပုံ- ဧရာဝတီယူနိုကတက်)

ဇွန် ၂၃၊ ရန်ကုန်။       ။ ဧရာဝတီယူနိုက်တက်အသင်းအနေဖြင့် ဒု-အကျော့အတွက် ကစားသမားသစ် ခေါ်ယူရာ၌ စိတ်ကြိုက် မဖြစ်ခဲ့ ဟု နည်းပြချုပ် မာယန်က ချင်းယူနိုက်တက်ကို ၁-ဝဂိုးဖြင့်ရှုံးခဲ့သော ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ငြီးတွားခဲ့သည်။

ဧရာဝတီအသင်းသည် အဆိုပါပွဲတွင် ချင်းယူနိုက်တက်အသင်းမှ လက်ရွေးစင်ကစားသမား ဆောင်လမန်၏ သွင်းဂိုး တစ်ဂိုး ထဲဖြင့် ရှုံးနိမ့်ခဲ့ကာ ယခုနှစ် မြန်မာနေရှင်နယ်လိဂ်၏ ပထမဆုံး ရှုံးပွဲစတင် ကြုံတွေ့ခဲ့သည်။

ချင်းယူနိုက်တက်နှင့်ပွဲတွင် ဖွန်ဆီကာအစားခေါ်ယူထားသာ ဆားဘီးယားတိုက်စစ်မှူး လာဇာဗီဒစ် ပါဝင်ကစားခဲ့သော်လည်း ခြေ စွမ်းမပြနိုင်သဖြင့် လူစားလဲခဲ့ရသည်။

“ ကစားသမားခေါ်ယူမှု အပိုင်းမှာ ကျွန်တော်က အဓိက ဆုံးဖြတ်တဲ့သူ မဟုတ်ပါဘူး။ ဒု-အကျော့အတွက် ကစားသမားသစ်ခေါ် ယူရတာက ကျွန်တော့်စိတ်ကြိုက်မဖြစ်ခဲ့ပါဘူး။ တကယ်ဆို ကစားသမားရွေးချယ်မှုမှာ ကျွန်တော်လည်း ဆုံးဖြတ်ချက် ချသင့် တယ်လို့ ထင်ပါတယ်။ အသင်းမှာ တစ်ယောက်နဲ့ တစ်ယောက် လေးစားမှုရှိသင့်တယ်လို့ ထင်ပါတယ်။” ဟု မာယန်က ပြော သည်။

ဧရာဝတီယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ကိုးပွဲ ကစားပြီးချိန်၌ ခုနစ်ပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံး ရလဒ်ဖြင့် ရမှတ် ၂၂ မှတ် ရရှိကာ အမှတ်ပေးဇယား ထိပ်ဆုံးမှ ရန်ကုန်နှင့် ငါးမှတ် ကွာဟကာ ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည်။

ဇွန်လ ၂၇ ရက်တွင် ဧရာဝတီယူနိုက်တက်အသင်းသည် လိဂ်ပွဲစဉ် ၁၀ အဖြစ် အမှတ်ပေးဇယားကို ဦးဆောင်နေသော ရန်ကုန် ယူနိုက်တက်အသင်းနှင့် အဝေးကွင်းတွင် သွားရောက် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly