မန်ယူအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ထက် ဖန်တီးမှု ပိုမိုပြုလုပ်ထားသည့် အိုဇေးလ်

မန်ယူအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ထက် ဖန်တီးမှု ပိုမိုပြုလုပ်ထားသည့် အိုဇေးလ်

လန်ဒန်၊ ဒီဇင်ဘာ ၂၅ ။             ။ အာဆင်နယ်အသင်း၏ အဓိကကွင်းလယ်ဖန်တီးရှင် အိုဇေးလ်သည် ယခုနှစ်ရာသီတွင် ပွဲစဉ် ၁၇ ပွဲ ကစားပြီးချိန်၌ စုစုပေါင်း ဖန်တီးမှု ၁၅ ကြိမ် ပြုလုပ်ထားသည်။ ထိုအရေအတွက် မန်ယူအသင်းနှင့် ချယ်လ်ဆီးအသင်းတို့၏ တစ်သင်းလုံးဖန်တီးမှုထက် ပိုမိုများပြားသော အရေအတွက် ဖြစ်သည်။

မန်ယူအသင်းသည် ယခုနှစ် ပရီးမီးယားလိဂ်တွင် ၁၂ ကြိမ်သာ ဖန်တီးမှု ပြုလုပ်ထားနိုင်ပြီး ချယ်လ်ဆီးအသင်းက ၁၁ ကြိမ်သာ ပြုလုပ်ထားနိုင်သည်။

အာဆင်နယ်အသင်းက မန်စီးတီးအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် အာဆင်နယ်အတွက် အနိုင်ဂိုးသွင်းပေးခဲ့ကြသည့် ဝဲလ်ကော့နှင့် ဂီရော့ဒ်တို့မှာ သူရဲကောင်းများဖြစ်ခဲ့သော်လည်း ထိုနှစ်ဂိုးစလုံးကို အိုဇေးလ်က ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ခုနှစ်မှ ယခုအချိန်အထိ ဥရောပ၏ ထိပ်တန်း ဖန်တီးရှင်ကစားသမားများကို စာရင်းပြုစုခဲ့ရာတွင်လည်း အိုဇေးလ်သည် မက်ဆီ၊ စီရော်နယ်ဒိုနှင့် ဖာဘရီဂက်စ်တို့ကို ဖြတ်ကျော်ပြီး ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။ အိုဇေးလ်သည် ယင်းအချိန်အတွင်း ဂိုးပေါင်း ၁၀၁ ဂိုးဖန်တီးပေးထားသည်။ ၎င်း၏နောက်တွင် မက်ဆီက ဂိုး ၁၀၀၊ စီရော်နယ်ဒိုက ၈၄ ဂိုး၊ ဖာဘရီဂက်စ်က ၇၅ ဂိုးနှင့် ဒီမာရီယာက ၆၈ ဂိုး ဖန်တီးပေးထားကြသည်။

ယခုနှစ်ရာသီတွင် အိုဇေးလ်၏နောက် ဖန်တီးမှုအများဆုံး ပြုလုပ်ထားသည့်ကစားသမားမှာ ဒီမာရီယာဖြစ်ပြီး ကိုးဂိုးဖန်တီးထားသည်။ အိုဇေးလ်သည် တစ်ရာသီအတွင်း ပရီးမီးယားလိဂ်၌ ဂိုး ၂၀ ဖန်တီးပေးထားသည့် အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူး အွန်နရီ၏စံချိန်ကို လိုက်မီရန်လည်း ငါးဂိုးသာ လိုအပ်တော့သည်။

ရည်ညွှန်း စပေါ့ကီဒါ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly