ဂျပန်နိုင်ငံသားများက ကရင်လက်နက်ကိုင်အဖွဲ့နယ်မြေများမှ ဒေသခံများအတွက် ဆန်လှူ

ဂျပန်နိုင်ငံသားများက ကရင်လက်နက်ကိုင်အဖွဲ့နယ်မြေများမှ ဒေသခံများအတွက် ဆန်လှူ

ရန်ကုန်၊ ဒီဇင်ဘာလ ၂၅ ရက်။ ။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကူညီနေသည့် နိပွန်ဖောင်ဒေးရှင်းမှတစ်ဆင့် ဂျပန်နိုင်ငံသားများက ကရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ နယ်မြေအသီးသီးမှ ဒေသခံများအတွက် ကျပ် သိန်း ၇၄၀၀ ကျော်တန်ဖိုးရှိ ဆန်များလှူဒါန်းခဲ့သည်။

ဒီဇင်ဘာ ၂၃ က ဘားအံမြို့၊ ကရင်ပြည်နယ် အစိုးရရုံး၌ ပြုလုပ်သည့် အဆိုပါ ဂျပန်နိုင်ငံသားများ၏ လူသားချင်းစာနာမှု ဆန်လှူဒါန်းခြင်းကို ကရင်ပြည်နယ်အစိုးရ၊ မြန်မာငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးဗဟိုဌာနနှင့် နိပွန်ဖောင်ဒေးရှင်းတို့က စီစဉ်သည်ဟု နိုင်ငံပိုင်သတင်းစာ၌ ဖော်ပြထားသည်။

ကေအန်ယူ၏ ဒူးပလာယာခရိုင် တပ်မဟာ (၆)၊ ဘားအံခရိုင် တပ်မဟာ (၇)၊ ဖာပွန်ခရိုင် တပ်မဟာ ၅ နှင့် ကေအန်ယူ ဌာနချုပ်နယ်မြေ၊ ကရင်နယ်ခြားစောင့်တပ် BGF နယ်မြေ၊ ကေအန်ယူ-ကေအန်အယ်အေ ငြိမ်းချမ်းရေးကောင်စီနယ်မြေ၊ ဒီကေဘီအေနယ်မြေ စသည်တို့ရှိ ဒေသခံတိုင်းရင်းသားများအတွက် သယ်ယူစရိတ်အပါအဝင် ဆန်အိတ်များ လှူဒါန်းခြင်း ဖြစ်သည်။

ဆန်အိတ်များအား လှူဒါန်းရာတွင် ကေအန်ယူနယ်မြေက ကျပ် သိန်း၄၈၀၀ ကျော်၊ BGF က ကျပ်သိန်း ၃၁၂ ကျော်၊ ကေအန်ယူ-ကေအန်အယ်အေ ငြိမ်းချမ်းရေးကောင်စီနယ်မြေက ကျပ် သိန်း ၁၀၂၈ ကျော်၊ ဒီကေဘီအေနယ်မြေအတွက် ကျပ်သိန်း ၁၁၃၀ ကျော် ဖိုးအသီးသီးရရှိကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly