ထိုင်းသံရုံးက မြန်မာနိုင်ငံရောက် ထိုင်းနိုင်ငံသားများအတွက် သတိပေးချက် ထုတ်ပြန်ထား

ထိုင်းသံရုံးက မြန်မာနိုင်ငံရောက် ထိုင်းနိုင်ငံသားများအတွက် သတိပေးချက် ထုတ်ပြန်ထား

ထိုင်းနိုင်ငံ ကော့စမွီခရိုင် တရားရုံးက မြန်မာနိုင်ငံသားနှစ်ဦးအား ခိုတောင် (လိပ်ကျွန်း) လူသတ်မှုဖြင့် သေဒဏ်ချမှတ်လိုက်မှုအပေါ် မကျေနပ်သောကြောင့် ဒီဇင်ဘာ ၂၄ ရက်က ရန်ကုန်မြို့ရှိ ထိုင်းသံရုံးရှေ့တွင် ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိပြီး လူမှုမီဒီယာများတွင် ထိုင်းဆန့်ကျင်ရေးဖော်ပြချက်များ ထွက်ပေါ်နေသဖြင့်  မြန်မာနိုင်ငံအတွင်းရှိ ထိုင်းနိုင်ငံသားများအနေဖြင့် မိမိတို့ လုံခြုံရေးကို ဂရုစိုက်ကြရန် ထိုင်းသံရုံးက ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။

ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့နှစ်ဦးအား သေဒဏ်ချမှတ်မှုအပေါ် လူမှုမီဒီယာများတွင် မြန်မာနိုင်ငံသားများက ကန့်ကွက်မှုများ လုပ်ဆောင်လျက်ရှိပြီး ဒီဇင်ဘာ ၂၅ ရက် (သောကြာနေ့)တွင် သံရုံးရှေ့၌ စုရုံးဆန္ဒပြရန် စီစဉ်ထားကြောင်း သံရုံးကြေညာချက်တွင် ဖော်ပြထားသည်။ ယင်းသံရုံးအနေဖြင့် ဒီဇင်ဘာ ၂၅ ခရစ်စမတ်နေ့တွင် ပိတ်ထားမည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း သွားလာနေထိုင်ကြသည့် ထိုင်းနိုင်ငံသားများအနေဖြင့် အထူးသတိပြုနေကြရန်နှင့် လူအများကြားတွင် မိမိကိုယ်ကို ထိုင်းနိုင်ငံသားများဟု လတ်တလော ထုတ်ဖော်မပြောကြရန်လည်း ယင်းသတိပေးချက်တွင် ဖော်ပြထားသည်။
ထိုင်းသံရုံးရှေ့တွင်လည်း ရဲတပ်ဖွဲ့ဝင် ၁၅ ဦးမှာ ၂၀ ဦးအထိ လုံခြုံရေးယူထားသော်လည်း မြန်မာနိုင်ငံရှိ ထိုင်းနိုင်ငံသားများ ပြဿနာတစ်စုံတစ်ရာ မကြုံတွေ့ရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required