အဓိကရုဏ်းများတွင် ရဲတပ်ဖွဲ့က အင်အားသုံး ဖမ်းဆီးခြင်းသည် တာဝန်ထမ်းဆောင်ခြင်းဖြစ်သည်ဟုဆို

အဓိကရုဏ်းများတွင် ရဲတပ်ဖွဲ့က အင်အားသုံး ဖမ်းဆီးခြင်းသည် တာဝန်ထမ်းဆောင်ခြင်းဖြစ်သည်ဟုဆို
အမျိုးသားပညာရေးကို ဆန့်ကျင်ဆန္ဒပြကြသည့် ပင်မကျောင်းသားပိတ်စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့တို့ ပဲခူးတိုင်းဒေသကြီး လက်ပံတန်း မြို့နယ်တွင် ရဲမှ အကြမ်းဖက်ဖြိုခွင်းနေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ- သက်ကို

ဇွန် ၂၃ ။    ။ အဓိကရုဏ်းများတွင် ရဲတပ်ဖွဲ့က အင်အားသုံး ဖမ်းဆီးခြင်းသည် တာဝန်ထမ်းဆောင်ခြင်းသာဖြစ်၍ အုပ်စုဖွဲ့ ရာဇဝတ်မှုကျူးလွန်ခြင်းဟု မခေါ်ဆိုနိုင်ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ထွေးက ဇွန် ၂၃ ရက်တွင် မဇ္ဈိမသို့ပြောသည်။

ရဲမှူးကြီးမြင့်ထွေးက "အဓိကရုဏ်းတွေမှာ ရဲအင်အားသုံးတာက တာဝန်အရ အင်အားသုံးဖမ်းဆီးကြတာပါ။ ဒါကို ရဲတွေအုပ်စု ဖွဲ့တယ်။ အုပ်စုဖွဲ့ပြီး ရာဇဝတ်မှုကျူးလွန်တယ်လို့ပြောလို့မရပါဘူး။ တကယ်လို့ ရဲတပ်ဖွဲ့က ကျူးလွန်တယ်ဆိုရင်လည်း ပြည် သူတွေက တိုင်ကြားလို့ရပါတယ်။ တရားစီရင်ရေးက ပြစ်မှုပြစ်ဒဏ်မျှဖို့ စီရင်သွားပါလိမ့်မယ်။" ဟုဆိုသည်။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကမူ မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော အဓိကရုဏ်းများတွင် ရဲအင်အားအလွန် အကျွံဖြင့် အုပ်စုဖွဲ့ ရိုက်နှက်ဖမ်းဆီးမှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲပြောဆိုသည်။

ဦးရောဘတ်စန်းအောင်က "အဓိကရုဏ်းတွေမှာ ရဲအင်အားကို အလွန်အကျွံသုံးပြီး အင်အားသုံး ဖမ်းဆီး ရိုက်နှက်တယ်။ ဥပမာ - ကျောင်းသားကိစ္စတွေကိုပဲကြည့်။ သမ္မတကတောင် ကိုင်တွယ်တာမှားသွားပါတယ် လို့ ပြောထားတယ်။ ရဲအရေးပိုင်တဲ့ ကိစ္စ တစ်ခုကို ရဲတွေက အုပ်စုဖွဲ့ပြီး ကျူးလွန်တာပဲ။ တာဝန်ဆိုတဲ့ စကားရပ်မှာ ဥပဒေမဲ့ ဆောင်ရွက်ခွင့် မပါဘူး။

ဒီတော့ အထက်ရဲအရာရှိတွေက သိလျက်နဲ့ မတားမြစ်ဘူး။ အရေးမယူဘူး ဆိုတော့ ဘယ်သူ့မှာ တာဝန်ရှိလဲ။ ဒါတွေကို ပြည်သူတွေက အရေးယူပေးဖို့ တိုင်နေရဦးမှာလား။” ဟုဆိုသည်။

အစိုးရအနေဖြင့် ရဲတပ်ဖွဲ့ကို အရေးယူရန် စုံစမ်းရေးကော်မရှင်ဖွဲ့ကာ ဆောင်ရွက်သင့်ပြီး တိုင်ကြားမှ အရေးယူဆောင်ရွက်မည် ဆိုသည်မှာ မဖြစ်သင့်ဟု ၎င်းက ပြောသည်။

အုပ်စုဖွဲ့ရာဇဝတ်မှုကျူးလွန်ရာ၌ အဓိကရုဏ်းများသာမက အခြားသော အုပ်စုဖွဲ့ရာဇဝတ်မှုကျူးလွန်ခြင်းများ တွင် ကလေးငယ်များကို ဓားစာခံအဖြစ် အသုံးပြုနေကြရသည်ကို တွေ့ရှိရသည်ဟု ကုလသမဂ္ဂ ကလေးသူငယ်ရန်ပုံငွေအဖွဲ့ Unicef မှ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအရာရှိ ဦးမြတ်မင်းသူက ပြောသည်။

ဦးမြတ်မင်းသူက “ဒီလိုကလေးသူငယ်ဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ တိုင်းနှင့်ပြည်နယ် အသီးသီးမှာ သင်တန်းမပေးနိုင်သေးပါဘူး။ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးတို့မှာပဲ ပေးနိုင်သေးတယ်။ ရဲတိုင်းကိုလည်းပေးတာမဟုတ်ပဲ၊ ကလေးသူငယ်ကိစ္စကိုင်တွယ်တဲ့ ရဲအရာရှိတွေကိုပဲ ပေးနိုင်သေးတဲ့အတွက် အရေအတွက်အားဖြင့် အင်မတန်နည်းနေသေးပါ တယ်။" ဟုဆိုသည်။

မြန်မာနိုင်ငံတွင် မကြာသေးမီနှစ်များအတွင်း အုပ်စုဖွဲ့ရမ်းကားမှုများ၊ အုပ်စုဖွဲ့ရာဇဝတ်မှုကျူးလွန်မှုများ၊ အသက်မပြည့်သေးသူများ ပါဝင်သော ရာဇဝတ်မှုများ၊ လူသတ်မှုများ အပါအဝင် ပြစ်မှုကြီးအမှုပေါင်းထောင်နဲ့ချီ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့အင်အားနည်းခြင်း၊ ရှိပြီးသားရဲအင်အားကို တလွဲအသုံးချနေခြင်းများကြောင့် အုပ်စုဖွဲ့ ရာဇဝတ်မှုကျူးလွန်ခြင်းများ ပိုမိုဖြစ်ပွားလာရသည်ဟု ဦးရောဘတ်စန်းအောင်က သုံးသပ်သည်။

ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ထွေးကမူ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့အနေဖြင့် ၂၀၁၅ ခု နှစ်လယ် တွင် တရားခံပြေး ၂၀၀၀ အနက် ၇၀၀ ဖမ်းမိထားပြီဖြစ်ပြီး၊ ပြစ်ချက်ဟောင်းရှိသူများအား လူဆိုးစာရင်းဖြင့် စောင့်ကြည့်ခြင်း၊ ခြေချုပ်ဖြင့်အရေး ယူခြင်း၊ ရဲအက်ဥပဒေနှင့် အရေးယူခြင်းများ ဆောင်ရွက်နေပြီး ပြည်သူများဘက်မှလည်း တိုင်ကြားကြရန် အထူးလိုအပ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly