“ရေကူး အသံလွှင့် စက်ရုံဝင်းဟောင်း မြေနေရာ တင်ဒါ၊ ဘာကြောင့် ပြဿနာ ပေါ်သလဲ”

“ရေကူး အသံလွှင့် စက်ရုံဝင်းဟောင်း မြေနေရာ တင်ဒါ၊ ဘာကြောင့် ပြဿနာ ပေါ်သလဲ”

အခုတစ်ပတ်အတွင်း စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတစ်ပုဒ်ကတော့ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်က ပြန်ကြားရေး ဝန်ကြီးဌာနပိုင် ရေကူး အသံလွှင့်စက်ရုံ မြေနေရာ ပုဂ္ဂလိကကို လုပ်ငန်း အဆောက်အအုံတွေ တည်ဆောက်စေပြီး ငှားရမ်းမယ့်ကိစ္စ လွှတ်တော်တွင်း အချေအတင် ပြောဆို ဆွေးနွေးကြတဲ့ သတင်းပါ။

စီမံကိန်းဆောင်ရွက်တာကို ဆိုင်းငံ့ထားဖို့ လွှတ်တော်က ဆုံးဖြတ်ခဲ့ပေမယ့် အစိုးရဘက်က “နိုင်ငံတော်က နစ်နာမှု မရှိစေရန် စီမံဆောင်ရွက်သွားမည်” ဆိုပြီး အကြောင်းပြန်လာတဲ့ ကိစ္စ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်ကိုယ်တိုင် လာရောက် ရှင်းလင်းခဲ့ပါတယ်။ အမတ်တချို့ကတော့ လွှတ်တော်က ဆိုင်းငံ့ဖို့ ဆုံးဖြတ်ထားတာကို၊ ဆက်လုပ်မယ် ဆိုတဲ့ကိစ္စ လွှတ်တော်ကို မနာခံတာ ဖြစ်တယ်၊ ဒါကြောင့် ပြည်ထောင်စုဝန်ကြီးကို စွပ်စွဲ ပစ်တင်ဖို့ပဲ ရှိတယ်ဆိုတဲ့အထိ ပြောဆိုခဲ့သလို ကျယ်လောင်တဲ့ လက်ခုပ်သံတွေလည်း ရခဲ့ကြပါတယ်။ အလားတူ ဝန်ကြီးဦးရဲထွဋ်ကလည်း ဒီ စီမံကိန်း အကောင်အထည် ဖော်ရာမှာ သူ့ကိုယ်ကျိုးလုံးဝ မပါဘူးလို့ ထည့်သွင်းပြောကြားခဲ့ပြီး၊ ဖွဲ့စည်းပုံအရ သူ့ကို စွပ်စွဲပစ်တင်မယ် ဆိုရင်လည်း ရင်ဆိုင်ဖို့ အသင့်ပါပဲ ဆိုပြီး နယ်လ်ဆင်မင်ဒဲလားရဲ့ စာတစ်ပိုဒ် ကိုးကားပြီး တုန့်ပြန် ပြောဆို ခဲ့ပါတယ်။ သူလည်း လက်ခုပ်သံတွေ ရခဲ့ပါတယ်။ ပြဿနာ အစက ဘာလဲ၊ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့ လွှတ်တော်မှာ အဆိုတင်သူကတော့ ရန်ကုန်တိုင်း တောင်ဥက္ကလာပ အမတ် ဦးအောင်သိန်းလင်း ဖြစ်ပါတယ်။ သူ့ အဆိုကတော့ “မရမ်းကုန်းမြို့နယ်၊ ရေကူးအသံလွှင့် စက်ရုံ ဝင်းဟောင်း မြေနေရာ ဧက ၉၀ ခန့်ကို ပုဂ္ဂလိကသို့ အပြီးအပိုင် လွဲှပြောင်းပေးရမည့် တင်ဒါခေါ်ယူမှုကို ပြန်လည် သုံးသပ်ပြီး စီမံကိန်းကို ဆောင်ရွက်ရန် သင့်မသင့် ဆုံးဖြတ်နိုင်ဖို့ အတွက် ဆိုင်းငံ့ထားရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” ဆိုပြီး ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး လွှတ်တော် နာယက သူရဦးရွှေမန်းက အဲဒီ အရေးကြီး အဆိုဟာ အစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်မှုကို စွက်ဖက်တာ မဟုတ်၊ လွှတ်တော်ဆိုင်ရာ နည်းဥပဒေ အပိုဒ် ၆၆ (က) ပါ စည်းကမ်းချက်နဲ့ ညီညွတ်လို့ လက်ခံ တင်သွင်းခွင့် ပြုရတာ ဖြစ်တယ် ဆိုပြီး ရှင်းလင်း ပြောဆိုပါတယ်။

တင်ဒါမှာ ပါဝင်တဲ့ အချက်အလက်တွေကတော့  မရမ်းကုန်းမြို့နယ်ထဲက ပြန်ကြားရေး ဝန်ကြီးဌာနပိုင် ရေကူးအသံလွှင့် စက်ရုံဝင်းဟောင်းဟာ မြေဧက ၁၂၀ လောက် ကျယ်ဝန်းတယ်၊ အဲဒီထဲက ၁၅ ဧကမှာ လက်ရှိ အဆောက်အအုံ ဟောင်းတွေဖြစ်တဲ့ အသံလွှင့်ရုံ (၂) ရုံနဲ့ စတူဒီယို (၃) ရုံကို ဆက်လက် ထားရှိ အသုံးပြုမယ်၊ နောက်ထပ် ၁၅ ဧကပေါ်မှာ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ထမ်း ၃၀၀ နေထိုင်နိုင်မယ့် ဝန်ထမ်းအိမ်ရာတွေကို တင်ဒါအောင်သူက ကိုယ့်စရိတ်နဲ့ကိုယ် ဆောက်ပေးရမယ်၊ ကျန် ဧက ၉၀ ကိုတော့ တင်ဒါအောင်သူက အပြီးအပိုင် ရရှိမယ်လို့ ဆိုထားပါတယ်။

တင်ဒါ စည်းကမ်း နံပါတ် ၁ မှာ “ တင်ဒါ တင်သွင်းလိုသူသည် မီဒီယာ လုပ်ငန်းကို အနည်းဆုံး လွန်ခဲ့သော သုံးနှစ်က စပြီး ယခုတိုင် ထိတွေ့ လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီ ဖြစ်ရမည်၊ အထူးသဖြင့် ရုပ်သံ မီဒီယာ လုပ်ငန်း အတွေ့အကြုံရှိသူ ဦးစားပေး ဆောင်ရွက်ခွင့်ပြုမည်။” ဆိုပြီး ဖော်ပြထားပါတယ်။ ဒါ့အပြင် တင်ဒါ စည်းကမ်း နံပါတ် ၂ နဲ့ ၃ မှာ အသံလွှင့် စက်ရုံ အဟောင်းကို ဖြုတ်ပြီး အသစ် ပြန်တပ်ဆင်မှာမို့ အသံလွှင့် လုပ်ငန်းမှာ နားလည် တတ်ကျွမ်းသူ ဖြစ်ရမည်။ နေရာသစ်ကို ရွှေ့ပြောင်းနေစဉ် အသံလွှင့်ထုတ်မှု လုံးဝ ပြတ်တောက်သွားခြင်း မရှိစေရ ဆိုပြီး ဖော်ပြထားတာမို့ ဒီ အရည်အချင်းနဲ့ ပြည့်မီသူဟာ ရွှေသံလွင် ကုမ္ပဏီရဲ့ စကိုင်းနက် နဲ့ ဖော်အဲဗား ဂရုဖ်ရဲ့ MRTV 4 ကုမ္ပဏီ နှစ်ခုပဲ ရှိတယ် ဆိုတာ အားလုံးက နားလည်ကြရပါတယ်။ အဲဒီ ကုမ္ပဏီ နှစ်ခုတည်းကသာ ရေဒီယိုရော၊ ရုပ်သံလွှင့် လုပ်ငန်းရော လုပ်ကိုင်နေတဲ့ မြန်မာပိုင် ကုမ္ပဏီတွေ ဖြစ်နေလို့ပါပဲ။ ဒါနဲ့ ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနက အသုံးအနှုန်း ဖော်ပြချက် လွဲသွားတယ်၊ လက်ရှိ ရုပ်သံလွှင့် လုပ်ငန်း လုပ်ကိုင်နေသူတွေ တင်မက ရေဒီယို အသံလွှင့် လုပ်ငန်း လုပ်ကိုင်နေသူတွေပါ လျှောက်ထားနိုင်တယ်လို့ ရှင်းလင်းခဲ့ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစိုးရနဲ့ ပြေလည်တဲ့ ရေဒီယိုနဲ့ ရုပ်သံလွှင့် လုပ်ငန်း လုပ်ကိုင်နေတဲ့ (၆) ဦးပဲ ရှိတဲ့ ခရိုနီ တစ်စုကပဲ ဆွဲနိုင်တဲ့ တင်ဒါ အမျိုးအစား ပါပဲ။

တကယ်တော့ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ သက်တမ်းတစ်လျှောက်မှာ အများပြည်သူပိုင် အားကစားကွင်း ပန်းခြံလို မြေနေရာတွေ ပုဂ္ဂလိကကို လွဲှပြောင်းပေးတာ၊ နိုင်ငံတော်ပိုင်၊ တစ်နည်းအားဖြင့် ပြည်သူပိုင် မြေနဲ့ အဆောက်အအုံတွေ၊ လုပ်ငန်းတွေ အများအပြား ပုဂ္ဂလိကတွေ လက်ထဲ လွှဲပေးခဲ့တဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ်။ အများစုဟာ ထင်သာမြင်သာ မရှိတဲ့ လွဲှပြောင်းပေးမှုတွေပါ။ အဲလို ပန်းခြံ၊ အားကစားကွင်းတွေ လွဲှပြောင်းပေးတာနဲ့ ပတ်သက်ပြီး အမတ်တချို့က လွှတ်တော်ထဲမှာ မေးခွန်းမေးတာ၊ အဆိုတင်တာမျိုး လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ပြည်ခိုင်ဖြိုးအမတ်တွေ လွှမ်းမိုးထားတဲ့ လွှတ်တော်ဘက်က နည်းနည်းလေးမှ မလှုပ်ခဲ့ပါဘူး။ မသိသလို နေခဲ့ကြတာ များပါတယ်။

ဒါကလည်း အကြောင်း ရှိပါတယ်။ လက်ရှိ လွှတ်တော်ထဲရောက် လွှတ်တော်ရေးရာ ကော်မတီ တာဝန်ယူထားသူ အများစုဟာ အရင် စစ်အစိုးရလက်ထက်က ဝန်ကြီးရာထူး ရယူခဲ့ဖူးသူတွေ ဖြစ်ပြီး သူတို့ အာဏာရစဉ်တုန်းကလည်း ခုလိုပဲ အများပြည်သူပိုင် အားကစားကွင်းတွေ၊ ပန်းခြံတွေ ပုဂ္ဂလိကကို ဈေးပေါပေါနဲ့ ရောင်းစားခဲ့ကြဖူးသလို၊ နိုင်ငံပိုင်လုပ်ငန်း အတော်များများကိုလည်း ကိုယ်နဲ့ နီးစပ်သူတွေဆီ ဈေးပေါပေါနဲ့ လွဲှပြောင်းပေးခဲ့ကြသူတွေ ဖြစ်ခဲ့လို့ပါပဲ။

အခု ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ရေကူးအသံလွှင့်စက်ရုံ မြေနေရာ ပုဂ္ဂလိကကို နှစ်ရှည် ငှားရမ်းမယ့် ကိစ္စကျမှ အဲဒီ ပြဿနာ တစ်ခုတည်းကို ကွက်ပြီး ဆိုင်းငံ့ခိုင်းထား လိုက်တာကတော့ အတော် ထူးခြားတယ်လို့ ပြောရမယ် ဖြစ်ပါတယ်။

တကယ်ဆို ဖြစ်သင့်တာက အများပြည်သူပိုင် အားကစားကွင်း ပန်းခြံတွေကို လွဲှပြောင်းရောင်းချတာ၊ အများပြည်သူပိုင် နေရာတွေကို ခွဲခြမ်း လုပ်ပိုင်ခွင့်ပေးတာတွေ အားလုံးကို ဆိုင်းငံ့ထားဖို့ ဆိုတာမျိုး လုပ်ခဲ့သင့်ပါတယ်။ ဒါပေမယ့် အဲလို မလုပ်ခဲ့ပါဘူး။ မူသဘောအရ တားမြစ်တာ မလုပ်ဘဲ တစ်ခုချင်း ပြဿနာမှာ တားမြစ်မှု လုပ်တာမျိုး ဖြစ်ပါတယ်။ ဒီလို လုပ်ခြင်းဟာ အစိုးရရဲ့ လုပ်ငန်း တစ်ခုချင်းစီကို ဝင်ရောက်စွက်ဖက်တာ ဖြစ်တယ် ဆိုပြီး ပြောဆိုသူတွေ ရှိသလို၊ ကိုယ့်သားသမီးတွေ တင်ဒါ မရလို့ ကန့်ကွက်တယ် ဆိုတဲ့ ဝေဖန်မှုမျိုးလည်း ပေါ်ပေါက်ခဲ့ပါတယ်။ အခု ပြဿနာ အစိုးရအဖွဲ့ထဲ ရောက်သွားတဲ့ ပြည်ခိုင်ဖြိုး ပါတီဝင်တွေနဲ့ လွှတ်တော်ထဲ ကျန်ရစ်တဲ့ ပြည်ခိုင်ဖြိုး အမတ်တွေရဲ့ ကိုယ်ကျိုးစီးပွားတွေ အကြား၊ ကြားညပ်သွားသူတွေကတော့ အင်န်အယ်လ်ဒီ နဲ့ တိုင်းရင်းသားပါတီက အမတ် တချို့ပဲ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly