ဖိနပ်မပါတဲ့ မြန်မာ့ရွှေခြေထောက်

ဖိနပ်မပါတဲ့ မြန်မာ့ရွှေခြေထောက်
ဓာတ်ပုံ-အီးပီအေ
 

၁၉၉၃ စင်ကာပူဆီးဂိမ်းမှာ အသက် ၁၃နှစ်အရွယ် ကလေးမလေးတစ်ယောက် ဖိနပ်မပါပဲ ပြေးနေတဲ့ ပုံရိပ်ဟာ စင်ကာပူ မီဒီယာတွေမှာသာမကပဲ ကမ္ဘာ့မီဒီယာစာမျက်နှာတွေမှာ ဖော်ပြခံရတဲ့အထိ ပျံ့နှံ့ခဲ့ပါတယ်။ သူကတော့ မြန်မာနိုင်ငံက အပြေးမယ်လေးတစ်ဦးဖြစ်တဲ့ ပပ ပါ။ ပပ ဖိနပ်မပါပဲ ပြိုင်ပွဲဝင်ခဲ့တဲ့ပုံရိပ်နဲ့ ပတ်သက်ပြီး တစ်ချို့က နာမည်ကြီးချင်လို့စတန့်ထွင်တာ၊ တစ်ချို့ကလည်း မြန်မာနိုင်ငံရဲ့ဆင်းရဲတဲ့ပုံရိပ်ကို ထင်ဟပ်စေတာဆိုပြီး အမျိုးမျိုးဝေဖန်သုံးသပ်မှုတွေရှိခဲ့ပါတယ်။

ဘယ်လိုပဲဝေဖန်မှုတွေအမျိုးမျိုးရှိခဲ့ပေမယ့် ပပ ကတော့သူလုပ်စရာရှိတာကို ဆက်လုပ်နေပြီး နိုင်ငံအတွက် ဆုတံဆိပ်ပေါင်းများစွာကို ဖိနပ်မပါတဲ့ခြေထောက်တွေနဲ့ပဲပြေးပြီး ရယူပေးနိုင်ခဲ့ပါတယ်။ ပပ ရဲ့ခြေထောက်တွေ ဟာအပြေးမယ်တစ်ဦးဖြစ်မလာခင်ကတည်းက ခရောင်းလမ်းတွေကို ဖြတ်ကျော်ပြေးခဲ့ရတာကြောင့် သံမဏိလို မာကျောပြီး စိတ်ဓာတ်ကလည်း ခြေထောက်တစ်သားတည်းကျအောင် ပြင်းထန်းမာကျောလွန်းလှပါတယ်။ 

ပပရဲ့ဘဝကောက်ကြောင်းကို ဆွဲခြစ်ကြည့်မိတဲ့အခါ…………

၉နှစ်သမီးလေးရဲ့ခြေလှမ်းအစ

“အသက်က ၉နှစ်အရွယ်ပဲရှိဦးမယ်။ ရပ်ကွက်ထဲကအမတွေ လွပ်လပ်ရေးပွဲအတွက် လေ့ကျင့်တော့လိုက်သွားတယ်။ ဟိုရောက်တော့ သူတို့ပြေးနေတာအားမရတော့ဝင်ပြောတာ။ ဆရာ ဦးသံချောင်းဆိုတာရှိတယ်။ သူကကွင်းကို အပတ် ၂၀လောက်ပတ်နေတာ။ သူ့နောက်ကလိုက်ပြေးတော့ ဆရာက ဒီကလေးလေးပြေးနိုင်တယ်။ ပြိုင်ပွဲဝင်မလားဆိုပြီးခေါ်တော့ ဝင်ပြိုင်ဖြစ်တာပါ။”

ပပက သူ့ရဲ့ပထမဆုံးခြေလှမ်းအကြောင်းကို ပြန်ပြောပြတာပါ။ နောက်ပိုင်းမှာတော့ ရမည်းသင်းမြို့နယ်ပြိုင်ပွဲ တွေမှာ ဆုတွေရလာပြီး မြို့နယ်ကိုယ်စားပြုအပြေးမယ်အနေနဲ့ မန္တလေးတိုင်းကိုယ်စားပြု ဝင်ပြိုင်ခွင့်ရခဲ့ပါတယ်။ ဒါက ပပရဲ့ဘဝကို ပြောင်းလဲမှုတွေဖြစ်လာစေနိုင်မယ့် အလှည့်အပြောင်းတစ်ခုပါ။ သူက အမျိုးသမီးတစ်ဦးဖြစ်ပေမယ့် ဇွဲစိတ်ဓာတ်ခိုင်မာပါတယ်။ သူယုံကြည်ရာ အားကစားနဲ့လက်ရွေးစင်ဖြစ်ဖို့အတွက် ပြည်နယ်တိုင်းပြိုင်ပွဲဝင် မန္တလေးတိုင်းအသင်းနဲ့အတူ ရန်ကုန်ကနေ မန္တလေးကို ပြန်လိုက်မလာတော့ပဲ ရန်ကုန်မြို့မှာ အခက်အခဲတွေကို ကြိုးစားကျော်ဖြတ်ပြီး လေ့ကျင့်ခန်းတွေလိုက်လုပ်ခဲ့ပါတယ်။

ကြိုးစားသူအတွက် အောင်မြင်မှုဟာ မဝေးပါဘူး ဆိုတဲ့စကားအတိုင်းပဲ ပပအတွက်အခွင့်အလမ်းတစ်ခုရောက်လာပါတယ်။ ဒါကတော့ ၁၉၉၃ ဆီးဂိမ်းအတွက် ပြေးခုန်ပစ်လူရွေးပွဲပါ။ မြန်မာနိုင်ငံရဲ့တကယ့်ဒိပ်ဒိပ်ကျဲ အပြေးမယ်တွေကို ကျော်ဖြတ်ပြီး ပထမရခဲ့ပါတယ်။ ဒီအချိန်မှာ သူ့အသက်က ၁၂ နှစ်ဝန်းကျင်ပါ။ အရှေ့တောင်အာရှရဲ့ အသက်အငယ်ဆုံး အပြေးမယ်လေးတစ်ဦးဖြစ်တဲ့ ပပဟာ စင်ကာပူဆီးဂိမ်းအတွက် နိုင်ငံကိုယ်စားပြုခွင့်ရခဲ့ပြီး နိုင်ငံတကာမှာရော၊ မြန်မာနိုင်ငံမှာ လူသိများထင်ရှားလာပါတယ်။ နောက်ပိုင်းမှာတော့ ပပဟာ နိုင်ငံကိုယ်စားပြုပြီး အာဆီယံအဆင့်သာမကပဲ အာရှအဆင့်၊ ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေအထိဝင်ရောက်ယှဉ်ပြိုင်ကာ နိုင်ငံ့ဂုဏ်ဆောင်အမျိုးသမီးတစ်ဦးဖြစ်လာပါတယ်။

ပပရဲ့ဖိနပ်ရာဇဝင်

ပပကို လူအများသတိထားမိတဲ့ ပထမဆုံးအချက်က ဖိနပ်မပါတဲ့သူ့ခြေထောက်တွေပါပဲ။ နိုင်ငံတကာပွဲတွေမှာ ဖိနပ်မပါပဲပြေးနေတဲ့ မိန်းကလေးငယ်လေးကိုတွေ့ရတိုင်း အားလုံးက သနားကရုဏာသက်မိကြပါတယ်။ ဒါပေမယ့် ပပကတော့ ဒီလိုဖိနပ်မပါပဲပြေးရတာက သူ့အားသာချက်ပါလို့ဆိုပါတယ်။ 

“ဖိနပ်ပါရင် ခြေထောက်က လေးပြီးတစ်ခုခုဆွဲထားသလိုပဲ။ဟိုးငယ်ငယ်ကလေးထဲက ဖိနပ်စီးပြီးမပြေးတတ်တာပါ။ ဖိနပ်တွေက အများကြီးရှိပါတယ်။ ဝန်ကြီးဋ္ဌာနက ပေးတာရော၊ ဆရာတွေဝယ်ပေးထားတာရောပါ။ ဒါပေမယ့် လေ့ကျင့်ရေးကွင်းမှာတောင် စံချိန်ယူတော့မယ်ဆိုရင် ဖိနပ်ချွတ်ပြီးမှပြေးပါတယ်။”လို့ ပပက သူဖိနပ်မစီးရတဲ့ အကြောင်းအရင်းကို ရှင်းပြပါတယ်။

ပပရဲ့ဘဝမှာ အပြေးဟာ နံပါတ်တစ်ဖြစ်ပြီး ဝါသနာအတွက် စွန့်လွှတ်ခဲ့ရတာတွေလည်း အများကြီးပါ။ ပညာရေးလည်း ဆုံးခန်းမတိုင်ခဲ့ဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘဝတက်လမ်းအတွက် မွေးရပ်မြေကိုလည်း စွန့်ခွာခဲ့ရပါတယ်။

ဝါသနာတူ ဖူးစာရှင်

ပပဟာ မြန်မာ့လက်ရွေးစင်အပြေးမယ်ဘဝမှာ ပြိုင်ပွဲပေါင်းများစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်တွေအများကြီး ရယူနိုင်ခဲ့ပေမယ့် ရွှေတံဆိပ်ဆုကိုတော့ ရယူနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒီအတွက် သူက အမြဲလို ဝမ်းနည်းနေတတ်ပေမယ့် သူတတ်နိုင်သလောက် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့အပေါ်တော့ သူက ကျေနပ်နေပါတယ်။

ပပရဲ့မိသားစုဘဝလေးဟာလည်း ရိုးရှင်းပြီး ဘဝကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဖြတ်သန်းနေပါတယ်။ ပပရဲ့ဖူးစာရှင်ကလည်း သူ့အပေါ်မှာနားလည်ပြီး ဝါသနာတူအားကစားသမားတစ်ဦးပါပဲ။ 

“ကျွန်မအမျိုးသားကလည်း မြန်မာ့လက်ရွေးစင်မာရသွန်အပြေးသမားပါ။ သူလည်း ဆီးဂိမ်းတွေမှာ ဆုတံဆိပ်တွေ ရခဲ့ဖူးပါတယ်။ နာမည်က စိုးမင်းသူပါ။ စိတ်တူကိုယ်တူ၊ ဝါသနာလည်းတူတဲ့အတွက် အိမ်ထောင်ရေးကတော့ စိတ်ချမ်းသာမှုရပါတယ်။”လို့ ပပက ဆိုပါတယ်။

ပပတို့မိသားစုဟာ လက်ရှိအချိန်မှာ ရမည်းသင်းမြို့ကို ပြောင်းရွှေ့အခြေချနေပြီး မိခင်၊ ခင်ပွန်းသည်၊ သားလေး တစ်ဦးနဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နေကြပါတယ်။
 အနာဂတ်ရည်မှန်းချက်

ပပဟာ လက်ရှိအချိန်မှာတော့ အားကစားသမားဘဝကနေ အနားယူလိုက်ပါပြီ။ ဒါပေမယ့် ဇာတ်သမားတွေ ဆိုင်းသံကြားရင် မနေနိုင်သလို သူလည်း အပြေးပြိုင်ပွဲဆိုတဲ့အသံကြားတာနဲ့ ပြေးချင်သူပါ။ ဒုတိယကလေး ကိုယ်ဝန်ကိုလွယ်ထားရပေမယ့် အခွင့်သာရင် မိခင်ဋ္ဌာနဖြစ်တဲ့ လယ်ယာနဲ့ဆည်မြောင်း ဝန်ကြီးဋ္ဌာနအတွက် ဝင်ပြေးမယ်လို့ သူက အားခဲထားပါတယ်။ ပပဟာ လည်ယာနဲ့ဆည်မြောင်းဝန်ကြီးဋ္ဌာနမှာ ပစ္စည်းထိန်း-၂ ရာထူးနဲ့ တာဝန်ထမ်းဆောင်နေသူပါ။

သူရဲ့အားကစားသမားသက်တမ်းမှာ ပရိသတ်တွေနဲ့ ပတ်သက်ပြီး အမှတ်အရဆုံးက ၂၀၁၅ စင်ကာပူဆီးဂိမ်း ပါလို့ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြိုင်ပွဲအပြီးမှာ ပရိသတ်တစ်ဦးက သူ့အတွက် သီးသန့်ဆုငွေ သုံးသိန်းကျပ်ကို ချီးမြှင့်ခဲ့လို့ပါ။ ဒါဟာသူ့အတွက် များပြားတဲ့ငွေကြေးပမာဏ မဟုတ်ပေမယ့် သူ့ဘဝမှာ ပထမဆုံး အသိအမှတ်ပြုခံခဲ့ရတာဖြစ်လို့ အရမ်းဝမ်းသာခဲ့ရပါတယ်။ ဒီနေ့အထိ သူ့ကို ဂုဏ်ပြုခဲ့တဲ့ လူကို မသိရသေးပေမယ့် သူကတော့ အရမ်းကို ကျေးဇူးတင်ကြောင်းဆိုပါတယ်။

ပပရဲ့အနာဂတ်ရည်မှန်းချက်ကတော့ ထူးထူးခြားခြားပဲ သူဝါသနာပါတဲ့ ပြေးခုန်ပစ်ကစားနည်းမှာ နည်းပြ မလုပ်ချင်လူးလို့ဆိုပါတယ်။ ဘာကြောင့် နည်းပြဘဝကို မရွေးချင်တာလဲဆိုတာကိုတော့ သူက အခုလို ရှင်းပြပါတယ်။ 

“ကျွန်မနည်းပြမလုပ်ချင်ဘူး။ ကျွန်မမျက်စိရှေ့မှာပဲ ကျွန်မဆရာတွေဟာ လက်ရွေးစင်ကစားသမားတွေမွေးထုတ်ပေးနိုင်ခဲ့ပေမယ့် ဘာထောက်ပံ့မှုမှမရခဲ့ဘူး။ ဘဝကို ဆင်းဆင်းရဲရဲနဲ့ ဖြတ်သန်းနေရတယ်။”

ပပရဲ့ဖိနပ်မစီးတဲ့ဇာတ်လမ်းကလည်း နောက်ထပ်ထူးခြားမှုတွေရှိနေပါသေးတယ်။ အဲ့ဒါကတော့ ပပက အားကစားဝန်ကြီးဋ္ဌာနကပေးတဲ့ဖိနပ်တွေကို ရောင်းစားတယ်ဆိုပြီး သတင်းတွေထွက်လာတာပါ။ 

မြန်မာ့လက်ရွေးစင်အပြေးသမားတွေကို ပြေးခုန်ပစ်အဖွဲ့ချုပ်က ဖိနပ်နှစ်ရံစီ ထောက်ပံ့ပေးခဲ့ပေမယ့် ကစားသမားတွေက တစ်ရံစီသာရခဲ့ပါတယ်။ ဖိနပ်ဗူးတွေမှာ နာမည်တွေရေးထားပြီး အဲ့ဒီနာမည်ရေးထားတဲ့ ဖိနပ်တွေကို ရန်ကုန်က အားကစားပဒေသာအားကစားပစ္စည်းဆိုင်မှာရောင်းနေတာကြောင့် ဒီလိုသတင်းတွေ ထွက်ခဲ့တာပါ။ ပပကတော့ ဒါကို ဘယ်သူလုပ်တယ်ဆိုတာမသိပေမယ့် သူ့အနေနဲ့ ကိုယ့်လိပ်ပြာကိုယ်လုံတဲ့ အတွက် ဒီသတင်းတွေအပေါ် ဖြေရှင်းမနေပါဘူးလို့ဆိုပါတယ်။

အားကစားသမားဘဝကနေ နားမယ့်အချိန်မှာ ပပကတော့ မိသားစုနဲ့အတူ စိုက်ပျိုးမွေးမြူရေးလုပ်ပြီး အေးအေးချမ်းချမ်းနေဖို့ရည်ရွယ်ထားပါတယ်။ သူ့အနေနဲ့ အားကစားလောကကို ပြန်ဝင်လာဖို့မရှိပေမယ့် သူ့ပရိသတ်တွေကို ဖိနပ်မပါတဲ့အပြေးမယ်တစ်ဦးကို အမှတ်ရစေချင်တဲ့စိတ်တော့ရှိတယ်လို့ဆိုပါတယ်။ တကယ်တော့ အားကစားသမားတစ်ယောက်ဆိုတာ အနားယူလိုက်ပြီဆိုတာနဲ့ ပရိသတ်မြင်ကွင်းကပျောက်ပြီး လူမသိသူမသိကွယ်ပျောက်သွားတတ်တာပါ။ ဒါပေမယ့် ဖိနပ်မပါတဲ့ မြန်မာ့ရွှေခြေထောက်ပိုင်ရှင် ပပ ကိုတော့ မြန်မာပရိသတ်တွေအားလုံးက ဆီးဂိမ်းပြိုင်ပွဲကာလတွေရောက်လာတိုင်း သတိတရရှိနေမှာ သေချာနေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required