မန်ဇူကစ်ကို ဂျူဗင်တပ်စ်အသင်း အပြီးသတ် ခေါ်ယူ

မန်ဇူကစ်ကို ဂျူဗင်တပ်စ်အသင်း အပြီးသတ် ခေါ်ယူ

တူရင်၊ ဇွန် ၂၃။ ။ ဂျူဗင်တပ်စ်အသင်းသည် အက်သလက်တီကိုတိုက်စစ်မှူး မန်ဇူကစ်ကို ပြောင်းရွှေ့ကြေးပေါင် ၁၃ ဒသမ ၆ သန်းဖြင့် လေးနှစ် စာချုပ် ချုပ်ဆိုကာ အပြီးသတ်ခေါ်ယူလိုက်ပြီ ဖြစ်သည်။

ပြီးခဲ့သည့် တနင်္လာနေ့က ဆေးစစ်မှုခံယူပြီးနောက်တွင် မန်ဇူကစ်သည် ဂျူဗင်တပ်စ်အသင်းအမှုဆောင်အရာရှိချုပ် မာရော့တာနှင့် စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
'မန်ဇူကစ်ကို ယူရို ၁၉ သန်း(ပေါင် ၁၃ ဒသမ ၆)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါပြီ။ ဒီပြောင်းရွှေ့ကြေးက မန်ဇူကစ်ရဲ့ စွမ်းဆောင်ရည်ပေါ် မူတည်ပြီး ယူရို ၂ သန်း တိုးလာနိုင်ပါသေးတယ်။ မန်ဇူကစ်နဲ့ ဂျူဗင်တပ်စ်တို့ လေးနှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ' ဟု ဂျူဗင်တပ်စ်အသင်းက ထုတ်ပြန်ကြေညာခဲ့သည်။

ပါလာမိုတိုက်စစ်မှူး ဒိုင်ဘာလာနှင့် ရီးယဲလ်ကွင်းလယ်လူ ခီဒီရာတို့ပြီးနောက် မန်ဇူကစ်သည် ဂျူဗင်တပ်စ်အသင်း၏ တတိယမြောက် ခေါ်ယူမှု ဖြစ်သည်။

'ဂျူဗင်တပ်စ်လို အသင်းကြီးတစ်သင်းကို ပြောင်းရွှေ့နိုင်ခဲ့လို့ ပျော်ပါတယ်။ နည်းပြ အယ်လီဂရီဟာ ကျွန်တော့်အကြောင်းကို ကောင်းကောင်းသိပြီး ကျွန်တော့်ရဲ့ အကောင်းဆုံးခြေစွမ်းကိုရအောင် လုပ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ အသင်းဖော်တွေအတွက် လိုအပ်တဲ့ အရာမှန်သမျှကို ပြုလုပ်ဖို့ ကျွန်တော်အဆင်သင့်ပါပဲ။ ဂျူဗင်တပ်စ်အသင်းမှာ ထူးခြားကောင်းမွန်တဲ့ ကစားသမားတွေ အမြဲတမ်း ရှိခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းနဲ့ ပြိုင်ဘက်အဖြစ် ကစားခဲ့ဖူးပါတယ်။ အီတလီအသင်းနဲ့လည်း အများကြီး ရင်ဆိုင်ခဲ့ဖူးပါတယ်။ သူတို့ဟာ တကယ်ကစားရခက်တဲ့ အသင်းတွေပါ။ ဒီလိုအသင်းမျိုးမှာ အသင်းသားဖြစ်ရလို့ ကျေနပ်ဝမ်းမြောက်မိပါတယ်' ဟု မန်ဇူကစ်က ပြောသည်။

မန်ဇူကစ်သည် ပြီးခဲ့သည့်ရာသီက အက်သလက်အသင်းအတွက် စုစုပေါင်းသွင်းဂိုး ဂိုး ၂၀ သွင်းယူပေးနိုင်ခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly