နယ်သာလန်လက်ရွေးစင်ဂိုးသမားဟောင်း စတီကီလန်ဘတ်ကို အငှားစာချုပ်ဖြင့် ဆောက်သမ်တန် ခေါ်ယူ

နယ်သာလန်လက်ရွေးစင်ဂိုးသမားဟောင်း စတီကီလန်ဘတ်ကို အငှားစာချုပ်ဖြင့် ဆောက်သမ်တန် ခေါ်ယူ

အင်္ဂလန်၊ ဇွန် ၂၃။ ။ ဆောက်သမ်တန်အသင်းသည် ဖူလ်ဟမ်အသင်းမှ နယ်သာလန် လက်ရွေးစင်ဂိုးသမားဟောင်း စတီကီလန်ဘတ်ကို တစ်ရာသီ အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

အသက် ၃၂ နှစ်အရွယ်ရှိပြီ ဖြစ်သည့် စတီကီလန်ဘတ်သည် ပြီးခဲ့သည့်ရာသီက မိုနာကိုအသင်းမှ ဖူလ်ဟမ်အသင်းသို့ အငှားသွားရောက်ကစားခဲ့သူ ဖြစ်သည်။ ဆောက်သမ်တန်အသင်းသည် ပထမဦးစားပေးဂိုးသမား ဖရေဇာဖော်စတာ ဒဏ်ရာရရှိခဲ့ပါက အသုံးပြုနိုင်ရန်အတွက် စတီကီလန်ဘတ်ကို ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

မိုနာကိုအသင်းတွင်လည်း ပထမကစားသမားနေရာမရသည့် စတီကီလန်ဘတ်သည် ဆောက်သမ်တန်အသင်းတွင် ပွဲထွက်ကစားခွင့်ရရန် မျှော်လင့်လျက်ရှိသည်။

'ဆောက်သမ်တန်ကို ပြောင်းခွင့်ရလို့ ကျေနပ်ပါတယ်။ ဥရောပပြိုင်ပွဲတွေ ကစားရမှာဖြစ်တဲ့ ဆောက်သမ်တန်ဟာ တကယ်ကို ကြီးကျယ်တဲ့ အသင်းကြီးတစ်သင်းပါ။ ဒီအဆင့်မှာ ကျွန်တော် ကစားနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ပွဲအများကြီးမကစားခဲ့ရပါဘူး။ ဒီကို ပြောင်းခွင့်ရတာက တကယ့်အခွင့်အရေးပါပဲ' ဟု စတီကီလန်ဘတ်က ပြောသည်။
ဆောက်သမ်တန်အသင်းကလည်း စတီကီလန်ဘတ်၏ အတွေ့အကြုံများသည် ဥရောပပြိုင်ပွဲများတွင် အကူအညီပေးနိုင်လိမ့်မည်ဟု ယုံကြည်လျက်ရှိသည်။

နယ်သာလန်လက်ရွေးစင်အဖြစ်မှ ဗန်ဒါဆာ အနားယူသွားခဲ့သည့် ၂၀၁၀ နောက်ပိုင်းတွင် စတီကီလန်ဘတ် ပထမဦးစားပေးဂိုးသမားအဖြစ် ကစားခဲ့ရသော်လည်း ၂၀၁၂ အောက်တိုဘာလကစတင်ပြီး ရွေးချယ်ခြင်း မခံခဲ့ရတော့ပေ။ နယ်သာလန်လက်ရွေးစင်အဖြစ် ၅၄ ပွဲကစားခွင့်ရထားသူ ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly