စစ်တွေ၌ စွမ်းရည်ပြိုင်ဆုပေးပွဲအခမ်းအနား ဒုတိယအကြိမ်ကျင်းပ

စစ်တွေ၌ စွမ်းရည်ပြိုင်ဆုပေးပွဲအခမ်းအနား ဒုတိယအကြိမ်ကျင်းပ
photo - Mizzima/ DMG

ဒီဇင်ဘာလ ၂၁ ရက် ။           ။ ရခိုင်ပြည်နယ်စစ်တွေမြို့၌ ရိုးမအလင်းတက္ကသိုလ်ဝင်တန်း အခမဲ့ပညာသင်ကျောင်းမှ ဒုတိယအကြိမ်မြောက် မြန်မာစာ (ဘာသာရပ်) နှင့် အင်္ဂလိပ်စာ (Letter & Essay) စွမ်းရည်ပြိုင်ဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမဲ့ပညာသင်ကျောင်းတွင် နှစ်စဉ် ဒီဇင်ဘာ ၁၅ ရက်နေ့၌ ပြိုင်ပွဲကျင်းပလေ့ရှိကာ မည်သည့် ကျောင်းသား/ ကျောင်းသူမဆို ဝင်ရောက်ဖြေဆိုနိုင်ကြောင်းနှင့် ဂုဏ်ထူးဖြင့်အောင်မြင်သူများကို အသိအမှတ် ပြု ဆုများချီးမြင့်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ ရခိုင်ပြည်ပညာရေး တိုးတက်မြင့်မားလာစေရန် တစ်ဖက်တစ်လမ်းမှ ကျနော်တို့ပုဂ္ဂလိက ဆရာများ အနေဖြင့် ပံ့ပိုးကူညီနိုင်ရန် ဒီပြိုင်ပွဲကိုကျင်းပရတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ ရခိုင်ပြည်မှာ ၆ ဘာသာ ဂုဏ်ထူး ရှင်များ ပေါ်ထွန်းလာစေရေးအတွက် တစ်ဖက်တစ်လမ်းက ဒီစာမေးပွဲကို အထောက်အကူပြုစေလိုသော ရည်ရွယ်ချက်ပါ။” ဟု ဆုပေးပွဲအား ဦးစီးဆောင်ရွက်နေသည့် ပုဂ္ဂလိကဆရာ များအသင်း (စစ်တွေ) အဖွဲ့ ဥက္ကဌ ဦးမြင့်သောင်းက ပြောသည်။

ကျူရှင်မတက်နိုင်သော ဆင်းရဲနွမ်းပါသည့် ကျောင်းသား/ကျောင်းသူနှင့် စာမေးပွဲနှစ်ကျ ကျောင်းသား/ ကျောင်းသူတို့ကို သင်ကြားပေးနိုင်ရန် ရည်ရွယ်၍ အဆိုပါ အခမဲ့ပညာသင်ကျောင်းကို ၂၀၁၂ ခု၌ စတင် တည်ထောင်ခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းတွင် ရခိုင်ပြည်နယ်အတွင်းရှိ လူမျိုးဘာသာမရွေး တက်ရောက်သင်ကြားနိုင်ပြီး ယခုနှစ်တွင် ဆုရရှိသူများမှာ အ.ထ.က(၂)၊ အ.ထ.က(၃)၊ အ.ထ.က(၄)၊ အ.ထ.က (၉)၊ အ.ထ.က (ခွဲ) စက်ရုံစု နှင့် မဟာပညာကျော် ကိုယ်ပိုင်အထက်တန်းကျောင်းတို့မှ ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required