မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် ချင်းမုုိင်မြန်မာစာစင်တာတို့ သင်တန်းဖွင့်

မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် ချင်းမုုိင်မြန်မာစာစင်တာတို့ သင်တန်းဖွင့်

ချင်းမိုင်(မဇ္ဈိမ) ။        ။ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် ချင်းမိုင်တက္ကသိုလ် အာဆီယံစင်တာ လက်အောက်ရှိ မြန်မာစာစင်တာတို့ ပူးပေါင်း၍ ထိုင်းဘာသာစကား၊ ယဉ်ကျေးမှုနှင့် ထိုင်းနိုင်ငံ ဥပဒေသင်တန်း ကိုဒီဇင်ဘာလ ၂၀ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဝပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းတွင် စတင်ဖွင့်လှစ်လိုက်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ထိုင်းဘာသာစကား၊ ယဉ်ကျေးမှု၊ ထိုင်းနိုင်ငံ၏ အခြေခံကျသော အလုပ်သမားများနှင့် ပတ်သက်သည့် ဥပဒေ၊ လူဝန်မှု ကြီးကြပ်ရေး ဥပဒေ ဥပဒေများ သိရှိနိုင်ရန်အတွက် သင်တန်းဖွင့်ခြင်း ဖြစ်သည်ဟု မြန်မာကောင်စစ်ဝန် ဦးကောင်းစံလွင်က ပြောသည်။

“ဘာသာစကား အခက်အခဲရှိတာပေါ့။ သူတို့ကို သိသင့်တဲ့ ဘာသာစကားတွေ သိသွားအောင်၊ နောက်တခုက ဒီမှာ လာရောက်နေထိုင်လုပ်ကိုင်တာဖြစ်တဲ့အတွက် ဒီနိုင်ငံရဲ့ အခြေခံကျတဲ့ ဥပဒေ လိုက်နာရမဲ့ ဆောင်ရန်၊ ရှောင်ရန်တွေ သိစေချင်လို့ ရည်ရွယ်ချက်နဲ့ ချင်းမိုင်တက္ကသိုလ်က မြန်မာစာဌာနနဲ့ ကျနော်ဆွေးနွေးကြည့်တော့ သူတို့လည်း သင်ပေး နိုင်တယ်ပေါ့။ အဲဒါနဲ့ ဖွင့်ဖြစ်သွားတယ်။” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ချင်းမိုင်တက္ကသိုလ် မြန်မာစာစင်တာမှ ဆရာ၊ ဆရာမများက တစ်ပတ်လျှင် တနင်္ဂနွေနေ့ တစ်ရက်တွင် ၃ နာရီကြာ သင်ကြားမည်ဖြစ်ပြီး၊ စုစုပေါင်း ၁၀ ပတ်ကြာ အခမဲ့ လာရောက်သင်ကြားပေးမည်ဟု သိရသည်။

ဒီဇင်ဘာလ ၂၀ ရက် နံနက် ၉ နာရီ ဖွင့်ပွဲသို့ ချင်းမိုင်တက္ကသိုလ် အာဆီယံစင်တာမှ ပါမောက္ခ၊ မြန်မာစာစင်တာမှ ဆရာမများနှင့် မြန်မာကောင်စစ်ဝန်တို့ တက်ရောက် ဖွင့်လှစ်ပေးကြသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်က ချင်းမိုင်တက္ကသိုလ်တွင် မြန်မာစာဘာသာရပ်၊ မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာ့ရိုးရာများလေ့လာနိုင်ရန် ၄ နှစ် သင်ကြားပြီး ဘွဲ့ပေးမည့် မြန်မာစာဌာနကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required