တရုတ်တွင် ဖြစ်ပွားသည့် မြေပြိုမှုအတွင်း အဆောက်အအုံပေါင်း ၂၀ ကျော် ပြိုကျ

တရုတ်တွင် ဖြစ်ပွားသည့် မြေပြိုမှုအတွင်း အဆောက်အအုံပေါင်း ၂၀ ကျော် ပြိုကျ

ပေကျင်း၊ ဒီဇင်ဘာ ၂၀ ။              ။ တရုတ်နိုင်ငံတောင်ပိုင်း ရှန်ကျင်းပြည်နယ်ရှိ စက်မှုနယ်မြေတွင် မြေပြိုမှုတစ်ရပ်ဖြစ်ပွားရာ အဆောက်အအုံပေါင်း ၂၂ ခုခန့် ပြိုကျသွားခဲ့သည်။

လူ ၉၀၀ ခန့် ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပြီး အပျက်အစီးအပြိုအပျက်များအတွင်း ဒဏ်ရာအနည်းအကျဉ်းသာ ရရှိသူ လူလေးဦးကို ဆွဲထုတ်ကယ်တင်ခဲ့ရကြောင်း   ဒေသအာဏာပိုင် အဖွဲ့က ပြောသည်။ သေကျေပျက်စီးမှုသတင်း ယခုအချိန်အထိ မသိရသေးပေ။

ပိတ်မိနေသူများအား ကယ်ထုတ်နိုင်ရေးအတွက် လုပ်ဆောင်လျက်ရှိနေကြောင်း ရှန်ကျင်းမီးသတ်တပ်ဖွဲ့က ပြောသည်။

ပြိုကျအဆောက်အအုံများတွင် အလုပ်သမားများနေထိုင်ရာ တန်းလျားနှစ်ခုလည်း ပါဝင်ကြောင်း နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန CCTV က ထုတ်လွှင့်ခဲ့သည်။

မြေပြိုမှုကြောင့် စတုရန်းမီတာ နှစ်သောင်း အကျယ်အဝန်းတွင် မြေများ ဖုံးလွှမ်းသွားရကြောင်း ပြည်သူ့လုံခြုံရေးဗျူရိုမှ မီးသတ်တပ်ဖွဲ့က အွန်လိုင်းတွင် ကြေညာခဲ့သည်။

မြေပြိုမှု မဖြစ်ခင် လူအများစုကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးပြီးခဲ့ကြောင်း ရှန်ကျင်း ပြည်သူ့လုံခြုံရေးဗျူရိုမှ လက်ထောက်အကြီးအကဲက CCTV သို့ ပြောခဲ့သည်။

မြေပြိုမှုဖြစ်ရာသို့ မီးသတ်အင်အား ၁၅၀၀ ခန့် ရောက်ရှိနေကြောင်း ဒေသအစိုးရ၏ တရားဝင် အွန်လိုင်းဘလော့တွင် ရေးသားဖော်ပြထားသည်။

ယခု မြေပြိုကျခြင်းသည် လွန်ခဲ့သည့် နှစ်နှစ်က ဆောက်လုပ်ရေးလုပ်ငန်းအတွက် မြေကြီးများ တူးပြီး အနီးတွင် စည်းကမ်းမဲ့စွာ စုပုံထားရာမှ ပြိုကျလာခြင်းဖြစ်ကြောင်း ဌာနေမီဒီယာများတွင်   ဖော်ပြထားသည်။

နိုဝင်ဘာလအတွင်းက ရှီကျန်းပြည်နယ်တွင် မြေပြိုမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ၌ လူပေါင်း ၂၅ ဦး သေဆုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly