လိပ်ကျွန်းအမှု တရားလိုထိုင်းရဲက အယူခံဝင်နိုင်တယ်လို့ မြန်မာအဖွဲ့သုံးသပ်

လိပ်ကျွန်းအမှု တရားလိုထိုင်းရဲက အယူခံဝင်နိုင်တယ်လို့ မြန်မာအဖွဲ့သုံးသပ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၀။          ။လိပ်ကျွန်းတွင် နိုင်ငံခြားသားစုံတွဲကိုသတ်သည်ဟု စွပ်စွဲခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦးအမှုအတွက် တရားလိုထိုင်းရဲက ထိုင်းတရားရုံးချုပ်သို့အယူခံဝင်နိုင်သည်ဟု မြန်မာစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဇင်ဘာ ၂၀ရက်တွင်မဇ္ဈိမသို့ပြောသည်။

"နိုင်ငံသုံးနိုင်ငံနဲ့ပက်သက်နေပြီး၊ ထိုင်းရဲသိက္ခာနဲ့လည်းဆိုနေတဲ့အတွက် ကျွန်တော်တို့ခရိုင်အဆင့်နိုင်ခဲ့ရင် ဒီအမှုကိုဘန်ကောက်က တရားရုံးချုပ်ကို သူတို့အယူခံဝင်ပါလိမ့်မယ်။ အဲဒီအတွက်နောက် ၉လကနေ ၁နှစ်အထိ ကြာနိုင်သေးတယ်။ အဲဒါတွေပြီးခဲ့ရင်တော့ တရားသေလွတ်နိုင်ပါတယ်။" ဟု ၎င်းကဆိုသည်။

ထိုင်းနိုင်ငံ၏ တရားစီရင်ရေးပုံစံအရ ခရိုင်အဆင့်ဆုံးဖြတ်ချက်များကို ဗဟိုတရားရုံးချုပ်သို့အယူခံဝင်နိုင်ပြီး ယင်းအဆင့်ဆုံးဖြတ်ချက်ကိုလည်း ဘုရင့်တရားလွှတ်တော်သို့ ထပ်မံအယူခံဝင်နိုင်သည်အနေအထားရှိသည်ဟု ဦးအောင်မျိုးသန့်က ပြောသည်။

လက်ရှိတွင် မြန်မာနှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို ထိုင်းရဲတပ်ဖွဲ့က လူသတ်မှု၊ မုဒိန်းမှု၊ အလောင်းဖောက်ဖျက်မှုအပြင်၊ ဝင်းဇော်ထွန်းကိုမူ တရားမဝင်ဝင်ရောက်နေထိုင်သည့် ထိုင်း လ.ဝ.က ဥပဒေဖြင့်ပါ တရားစွဲဆိုထားခြင်းဖြစ်သည်။

ယင်းအမှုကို ဒီဇင်ဘာလ ၂၄ရက်နေ့တွင် ကော့စမွေခရိုင်တရားရုံးက နောက်ဆုံးအမိန်ချမှတ်မည်ဖြစ်သည်။

"ခရိုင်တရားရုံးက ကျွန်တော်တို့နိုင်တယ်လို့အမိန့်ချခဲ့ရင်တော့ သူတို့တွေအာမခံရဖို့အတွက် သံရုံးနဲ့တိုင်ပင်ပြီး လုပ်ကြမှာ၊ ဝင်းဇော်ထွန်းကိုစွဲထားတဲ့အမှုကလည်း ချုပ်ရက်နဲ့ချေရင် ဘာမှမရှိတော့ဘူး။ ထိုင်းရဲကအယူခံဝင် မယ့်အရာကို ပြန်ပြီးတော့ရင်ဆိုင်ရမယ်။" ဟု မြန်မာသံရုံးစုံစမ်းရေးအဖွဲ့ ၃ခေါင်းဆောင် ဦးထူးချစ်ကပြောသည်။

လိပ်ကျွန်းအမှုနှင့်ပက်သက်ပြီး ထိုင်းရဲတင်ပြထားသည့် အသတ်ခံရသူခန္ဓာပေါ်မှတွေ့ရှိရသည့် မျိုးရိုးဗီဇ DNA နှင့် အခြားသက်သေများအရ စွပ်စွဲခံရသူ ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ကို ပြစ်ဒဏ်ပေးရန် ခိုင်လုံမှုမရှိသဖြင့် ကော့စမွေတရားရုံးတွင် မြန်မာနိုင်ငံဖက်မှ အနိုင်ရရှိနိုင်မည့်အခြေအနေကိုမျှော်မှန်းထားသည်ဟုလည်း မြန်မာသံရုံးအဖွဲ့မှသိရသည်။

"DNA မတူရုံတင်မကဘူး၊ သတ်ခဲ့တယ်ဆိုပြီး ထိုင်းရဲပုံရိပ်ယူထားတဲ့သက်သေပါ ကိုယ်ခန္ဓာအချိုးအစားကို အင်္ဂလန်က ပညာရှင်တွေနဲ့စစ်ဆေးတဲ့အခါ ပုံရိပ်ယူထားတဲ့သူနဲ့ စွပ်စွဲခံရသူပုံစံက လုံးဝကွဲလွဲတယ်၊ ဒါတွေကို တရားရုံးမှာလည်းပို့ထားပြီးသား၊ ထိုင်းရဲကပြောတဲ့ဖြောင့်ချက်ပေးထားတယ်ဆိုတာက အရင်စွပ်စွဲခံရသူဖက်က ခုခံပေးတဲ့သူမရှိချိန်မှာယူထားတဲ့အတွက်တရားမဝင်ဘူး။" ဟု လက်ရှိ ထိုင်းရဲ၏သက်သေများခိုင်လုံမှုမရှိသည့် အခြေအနေကို ရှေ့နေဦးအောင်မျိုးသန့်က မဇ္ဈိမကိုပြောသည်။

၂၀၁၄နှစ်ကုန်ပိုင်းက ထိုင်းအာဏာသိမ်း အစိုးရအဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်ပရာယွတ်က လိပ်ကျွန်းအမှုနှင့်ပက်သက်ပြီး ထိုင်းရဲတပ်ဖွဲ့၏လုပ်ဆောင်ချက်များကို မိမိအနေဖြင့်ယုံကြည်မှုအပြည့်အဝရှိသည်ဟု နိုင်ငံခြားခရီးစဉ်တစ်ခုမှ ပြန်လည်ရောက်ရှိသည့်အချိန် လေဆိပ်သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။

၂၀၁၄ခုနှစ်၊ စက်တင်ဘာ ၁၅ရက်တွင်စတင်ခဲ့သည့် လိပ်ကျွန်းလူသတ်မှုနှင့်ပက်သက်ပြီး တရားရင်ဆိုင်သည့် ရုံးချိန် ၂၅ခုအပါအဝင် မြေပြင်ကွင်းဆင်းစစ်ဆေးမှုစုစုပေါင်း ၅၆ကြိမ်အထိပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required