လွှတ်တော်အမတ် မှန်ကန်စွာ ရွေးချယ်နိုင်ရေး ပြည်သူများကို မ.ဘ.သ အဖွဲ့များက ကူညီမည်ဟုဆို

လွှတ်တော်အမတ် မှန်ကန်စွာ ရွေးချယ်နိုင်ရေး ပြည်သူများကို မ.ဘ.သ အဖွဲ့များက ကူညီမည်ဟုဆို
မ.ဘ.သ ၏ ၂ နှစ်ပြည့် ညီလာခံကို အင်းစိန်မြို့နယ်၊ အောင်ဆန်းတောရ ဘုန်းကြီးကျောင်းတွင် ဇွန်လ ၂၁ ရက်က ပြုလုပ်ခဲ့စဉ်။ (ဓာတ်ပုံ - အီးပီအေ)

ရန်ကုန် (မဇ္ဈိမ)။ ။ လွှတ်တော်အမတ်များကို မှန်ကန်စွာ ရွေးချယ်နိုင်ရန် ပြည်သူများကို အမျိုး ဘာသာ သာသနာ
စောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) အဖွဲ့များက ကူညီပေးသွားမည်ဟု ဇွန်လ ၂၁ ရက် နှစ်နှစ်ပြည့် ညီလာခံက တိုက်တွန်းဆုံးဖြတ်လိုက်ကြောင်း မ.ဘ.သ ဦးဆောင်ဆရာတော် ဦးပါမောက္ခက ဇွန် ၂၂ ရက်တွင် မဇ္ဈိမကို မိန့်သည်။

ဆရာတော်က "ဘယ်ပါတီကို ရွေးပါ ဆိုတာကို ပြောမှာ မဟုတ်ဘူး။ ပါတီကို မကြိုက်လည်း အမတ်ကို ကြိုက်ရင်
ရွေးချယ်ခိုင်းမှာပါ။ အကောင်အထည်ဖော်တာကတော့ အခု တိုက်တွန်းချက် ထုတ်ပြီးတာနဲ့ စလုပ်လည်း ရပြီ။ လုပ်မယ့်ရက်ကိုတော့ အတိအကျဆိုပြီး ပြောထားတာ မရှိဘူး" ဟု မိန့်သည်။

ပြည်သူလူထုက အမတ်လောင်းများကို ရွေးချယ်ရာတွင် မိမိနယ်မြေ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အမှန်တကယ် အကောင်အထည်ဖော်မည့် သူများကို ရွေးချယ်နိုင်ရေး တစ်နိုင်ငံလုံးမှ မ.ဘ.သ အဖွဲ့ဝင်များ တည်ရှိသည့် မြို့နယ်တိုင်းတွင် ဆောင်ရွက်သွားမည်ဟု ဦးပါမောက္ခက မိန့်သည်။

"ဘုန်းကြီးတွေ ဝိနည်းနဲ့ မညီလို့ လုပ်လို့မရတာကို လူပုဂ္ဂိုလ်တွေနဲ့ လုပ်မှာ အဲဒီအတွက်လည်း ဝံသာနုရက္ခိတ အဖွဲ့ဆိုတာ ရှိတယ်။ အဓိကတော့ အမျိုးဘာသာ သာသနာကို စောင့်ရှောက်နိုင်ဖို့ အားပေးမယ့်သူတွေကို ရွေးချယ်နိုင်ဖို့ ပြည်သူတွေကို အသိပေးရခြင်း ဖြစ်တယ်" ဟု ဆရာတော်က ဆက်မိန့်သည်။

မ.ဘ.သ အဖွဲ့ကို ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ယခုအခါတွင် မ.ဘ.သ အဖွဲ့များသည် မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၂၄၀ တွင် ဖွဲ့စည်းတည်ရှိနေကြသည်။ အဖွဲ့၏ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးများကို သက်ဆိုင်ရာ သံဃာတော်များက ဦးဆောင်ပြီး တပည့်၊ လူပုဂ္ဂိုလ်များလည်း အဖွဲ့ဝင်အဖြစ် ပါဝင်နေသည်။

မ.ဘ.သ ၏ ၂ နှစ်ပြည့် ညီလာခံကို အင်းစိန်မြို့နယ်၊ အောင်ဆန်းတောရ ဘုန်းကြီးကျောင်းတွင် ဇွန်လ ၂၁ ရက်က ပြုလုပ်ခဲ့ပြီး အချက် ၁၀ ချက်ပါ တိုက်တွန်းထုတ်ပြန်ချက်နှင့် အချက် ၁၂ ချက်ပါ ထုတ်ပြန်ကြေညာချက်တို့ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မ.ဘ.သ က ဆုံးဖြတ်ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်များတွင် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအတွက်
ရှေ့ဆက်ဆောင်ရွက်ရမည့် ဘာသာရေးသင်တန်းများ ဖွင့်လှစ်ခြင်းစသည့် အကြောင်းအရာများ ပါဝင်သည်။

မှန်ကန်သည့် အမတ်များကို ရွေးချယ်ရန် ပြည်သူများကို မ.ဘ.သ က ကူညီမည်ဟု ဆိုသည့်အပေါ် ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်ကလည်း မည်သည့် အသိပေးခြင်း၊ အကြောင်းကြားခြင်းမှ မရှိကြောင်းနှင့် အမျိုးဘာသာ သာသနာကို စောင့်ရှောက်နိုင်ရေးအတွက် မ.ဘ.သ က ဆောင်ရွက်ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required