ရေကြီးမှုများကြောင့် ဖိလစ်ပိုင်၌ သေဆုံးသူ ၃၅ ဦးအထိ ရှိလာ

ရေကြီးမှုများကြောင့် ဖိလစ်ပိုင်၌ သေဆုံးသူ ၃၅ ဦးအထိ ရှိလာ

 မနီလာ၊ ဒီဇင်ဘာ ၁၉ ။           ။ ဖိလစ်ပိုင်တစ်နိုင်ငံလုံးလိုပင် မိုးများ သည်းထန်စွာ ရွာသွန်းလျက်ရှိရာ ရေကြီးမှုများ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေပြီး အစိုးရက တစ်နိုင်ငံလုံး သဘာဝဘေး အခြေအနေ ကြေညာထားရပြီ ဖြစ်သည်။

ဆိုးဝါးသည့် ရာသီဥတုက သီတင်းပတ်ကြာမြင့်ပြီဖြစ်ရာ သေဆုံးသူဦးရေသည် ၃၅ ဦးအထိ မြင့်တက်ခဲ့ပြီဖြစ်ကြောင်း အမျိုးသားဒေသန္တရ သဘာဝဘေးစောင့်ကြည့်ရေးအေဂျင်စီက သတင်းထုတ်ပြန်သည်။ အပူပိုင်လေဖိအားနည်းရပ်ဝန်း ဝင်ရောက်လာခြင်းနှင့်အတူ ဝီဆာရာကျွန်းစုများနှင့် အဓိကတောင်ပိုင်းကျွန်းမကြီး မန်ဒါနာအိုတို့တွင် မိုးများဆက်လက်ရွာသွန်းနေကြောင်း အစိုးရမိုးလေဝသဌာနက ထုတ်ပြန်သည်။

စိုက်ပျိုးရေး အဓိကနယ်မြေဖြစ်သည့် အရှေ့တောင်ပိုင်းနယ်မြေများတွင်လည်း မုတ်သုံလေအေးများ တိုက်ခတ်၍ မိုးများရွာသွန်းနေရာ ယခုသီတင်းပတ်အစက တိုက်ခိုက်ခဲ့သည့် မယ်လာမုန်တိုင်းကြောင့် စိုက်ခင်းများ ခါးမြုပ်အောင် ရေလွှမ်းနေခြင်းကို ပိုမိုဆိုးဝါးသွားစေသည်။

ယင်းဒေသသည် အောက်တိုဘာလအတွင်းက ကော့ပူမုန်တိုင်းတိုက်ခတ်ခဲ့၍  ရေလွှမ်းမှုများမှ ပြန်လည်ထူထောင်လာခါစအချိန် ယခုကဲ့သို့ မယ်လာမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခြင်းနှင့် ထပ်မံရင်ဆိုင်ရခြင်းဖြစ်သည်။

"ဖိလစ်ပိုင်နိုင်ငံတစ်ခုလုံး မိုးရွာသွန်းနေတော့တာပါ။ ရေကြီးမှုတွေ ပိုပြီး ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။"ဟု ရာသီဥတုပညာရှင် ရောဘတ်ဘတ်ဒရီနာက အေအက်ဖ်ပီသို့ ပြောသည်။

ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဘေးအန္တရာယ်လျော့ပါးရေးတို့ကို အရေးတကြီးလုပ်ဆောင်ကြရန် သမ္မတ အကွီနိုက တစ်နိုင်ငံလုံး သဘာဝဘေးအခြေအနေ   ကြေညာခဲ့ကြောင်း   ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။ စီဘူး၊ နီဂရို့နှင့် ဘိုဟိုးပြည်နယ်များ၌ တစ်နာရီ မိုးရေချိန် မီလီမီတာ ၃၀ ဖြင့် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသဌာနက သတိပေးထားပြီး   ဒေသခံများ အနေဖြင့် ဘေးလွတ်ရာပြောင်းရွှေ့နေထိုင်ကြရန်လည်း အကြံပြုထားသည်။

မုန်တိုင်းနောက်ဆက်တွဲ အခြေအနေများကို ချက်ချင်း သတင်းများမသိရသေးပေ။ လူဇွန်ပြည်နယ်တွင် မယ်လာမုန်တိုင်းဒဏ်ကြောင့် ပြည်သူ ၁၄၀၀၀၀ ကျော် ဒုက္ခသည် စင်တာများသို့   ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။

လူဦးရေ သန်းတစ်ရာဝန်းကျင်ရှိသော ဖိလစ်ပိုင်နိုင်ငံသည် တစ်နှစ်လျှင် တိုင်ဖုန်းမုန်တိုင်း ၂၀ မျှ ပျှမ်းမျှ ဝင်ရောက်တိုက်ခတ်ခံရနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မုန်တိုင်းအများစုမှာလည်း လူအသေအပျောက်များ သည့် မုန်တိုင်းများဖြစ်ကြသည်။ ၂၀၁၃ ခုနှစ်က တိုင်ဖုန်းမုန်တိုင်း ဟိုင်ယန် တိုက်ခတ်ခဲ့၍ အလယ်ပိုင်းကျွန်းများရှိ ငါးဖမ်းလုပ်ငန်းဖြင့် သက်မွေးဝမ်းကျောင်းပြုရာ   ဒေသများအားလုံး ပျက်စီးခဲ့ရပြီး လူအသေအပျောက် ၇၃၅၀ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required