တောင်တရုတ်ပင်လယ်ရှိ တရုတ်၏ လူလုပ်ကျွန်းအနီး အမေရိကန်၏ ဘီ-၅၂ ဗုံးကြဲလေယာဉ်ပျံသန်း

တောင်တရုတ်ပင်လယ်ရှိ တရုတ်၏ လူလုပ်ကျွန်းအနီး အမေရိကန်၏ ဘီ-၅၂ ဗုံးကြဲလေယာဉ်ပျံသန်း

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၉ ။            ။ တောင်တရုတ်ပင်လယ်ရှိ တရုတ်၏လူလုပ်ကျွန်းတစ်ခုအနီး မကြာသေးခင်က အမေရိကန်၏ ဘီ-၅၂ ဗုံးကြဲလေယာဉ်ပျံသန်းမှုကြောင့် စိုးရိမ်မှုများ မြင့်မားလာသည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့ပြီး ယင်းသို့ပျံသန်းမှုက ရန်စမှုတစ်ခုဖြစ်သည်ဟုလည်း ဆိုသည်။

၎င်းတို့၏ တပ်ဖွဲ့ဝင်များက လေယာဉ်ကို အနီးကပ် စောင့်ကြည့်နေခဲ့ပြီး ထွက်ခွာသွားရန်လည်း သတိပေးခဲ့သည်ဟု ဒီဇင်ဘာ ၁၉က တရုတ်ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ၎င်း၏ ဝက်ဘ်ဆိုက်တွင်   ဖော်ပြထားသည်။ နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေးကို မထိခိုက်စေရေး ယင်းကဲ့သို့ အန္တရာယ်ရှိသော အပြုအမူမျိုး အဆုံးသတ်ရေး အရေးယူဆောင်ရွက်မှုများ ချက်ခြင်းပြုလုပ်ရန် အမေရိကန်ကို တိုက်တွန်းခဲ့သည်။

မကြာသေးခင်က တောင်တရုတ်ပင်လယ်ရှိ တရုတ်၏လူလုပ်ကျွန်းတစ်ခုအနီး ဘီ-၅၂ဗုံးကြဲလေယာဉ်တစ်စင်း ပျံသန်းခဲ့မှုနှင့် ပတ်သက်၍ တရုတ်၏ မကျေနပ်ချက်ကို လေ့လာစဉ်းစားနေသည်ဟု ပင်တဂွန်က ဒီဇင်ဘာ ၁၈ တွင် ပြောကြားသည်။ ဒေသတွင်းတွင် ပေကျင်း၏ နယ်မြေပိုင်ဆိုင်ကြောင်း ပြောဆိုနေမှုမှာ အင်အားကြီးနိုင်ငံနှစ်ခုကြား သဘောကွဲလွဲလျက်ရှိသည်။

ဒေသတွင်းတစ်ဝိုက် ဘီ-၅၂ လေ့ကျင့်ရေးမစ်ရှင်များကို ပုံမှန်ပြုလုပ်လျက်ရှိသော်လည်း လူလုပ်ကျွန်းတစ်ခု၏ ရေမိုင် ၁၂ မိုင်းအတွင်း ဝင်ရောက်ပျံသန်းရန် အစီအစဉ်မရှိဟု ပင်တဂွန်ပြောခွင့်ရအမျိုးသားတစ်ဦးဖြစ်သူ ရေတပ်တပ်မှူး ဘီလ်အာဘန်က ပြောသည်။ "ဒါဟာ လွတ်လပ်စွာပျံသန်းရေးလုပ်ဆောင်ချက်တစ်ခုမဟုတ်ပါဘူး "ဟု အာဘန်ကပြောသည်။

ယင်းသို့ ပြောကြားချက်က အခြားနိုင်ငံများက ပိုလွန်သောနယ်မြေပိုင်ဆိုင်ကြောင်း ပြောကြားနေသည်ဟု ဝါရှင်တန်က ယုံကြည်နေသည့် အတွက် စိန်ခေါ်ရန် အမေရိကန်ရေတပ်က ပုံမှန်ပျံသန်းရေးမစ်ရှင်များ ပြုလုပ်သည်ကို ရည်ညွှန်းခြင်းဖြစ်သည်။

"မကြာသေးခင်က လေ့ကျင့်ရေးမစ်ရှင်တစ်ခုရဲ့လမ်းကြောင်းနဲ့ ပတ်သက်လို့ တရုတ်က ကျွန်တော်တို့ကို စိုးရိမ်မှုကြီးမားနေပါတယ်။ ဒီကိစ္စကို ကျွန်တော်တို့ စစ်ဆေးလေ့လာနေပါတယ်"ဟု အာဘန်ကပြောသည်။ ဘီ-၅၂ ဗုံးကြဲလေယာဉ်ပျံသန်းမှုကို တရုတ်နှင့် အိမ်နီးချင်းနိုင်ငံအချို့က ပိုင်ဆိုင်သည်ဟု ပြောကြားလျက်ရှိသော အငြင်းပွားနယ်မြေ စပရက်တလီကျွန်းများရှိ ကူအာတေရွန်သန္တာကျွန်းတန်းအနီး လွန်ခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဝေါစထရိဂျာနယ်က ဖော်ပြခဲ့သည်။

လေယာဉ်သည် ကျွန်းတန်း၏ ရေမိုင် နှစ်မိုင်အတွင်း ပျံသန်းခဲ့သည်ဟု တရုတ်ကဆိုကြောင်း အမည်မဖော်သည့် အမေရိကန်အရာရှိတစ်ဦးက ပြောသည်။ လေယာဉ်သည် အတော်ခပ်လှမ်းလှမ်းမှ ပျံနေခဲ့သော်လည်း ရေမိုင် ၁၂ မိုင်အတွင်း မှား၍ဝင်ရောက်ခဲ့သည်ဟု ၎င်းအရာရှိက ပြောသည်။

အောက်တိုဘာလ နှောင်းပိုင်းကလည်း အမေရိကန်၏ ပဲထိန်းဒုံးတပ်ဖျက်သင်္ဘော USS Lassen သည် ရေပိုင်နက်ပိုင်ဆိုင်ကြောင်း တရုတ်၏ပြောကြားချက်ကို စိန်ခေါ်ရန် ဆူဘီသန္တာကျွန်းတန်း ၏ ရေမိုင် ၁၂မိုင်အတွင်း ဝင်ရောက်ခုတ်မောင်းခဲ့သည်။

ယင်းသို့လုပ်ဆောင်ခဲ့မှုက တရုတ်ကို ဒေါသထွက်စေခဲ့ပြီး အလွန်အမင်းတာဝန်မဲ့မှုဟု ပြောကြားခဲ့သည်။ ဆူဘီသည် လွန်ခဲ့သည့်နှစ်အတွင်း တရုတ်ကတည်ဆောက်ခဲ့သော လူလုပ်ကျွန်းတစ်ခုဖြစ်သည်။ ကျွန်းများအဖြစ် တရုတ်က မပြောင်းလဲမီ ဆူဘီသည် ဒီရေတက်ချိန်တွင် ရေအောက်မြုပ်နေသည်။

ပင်လယ်ပြင်ဥပဒေဆိုင်ရာကုလသမဂ္ဂကွန်ဗင်ရှင်းအရ ယခင်က ရေအောက်မြုပ်နေသော ကျွန်းတန်းများပေါ် လူလုပ်ကျွန်းများတစ်ဝိုက်ကို ရေမိုင် ၁၂ မိုင်ကန့်သတ်မှုမပြုလုပ်နိုင်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required