MPT က ကုမ္ပဏီသုံးခုနှင့် ပူးပေါင်း၍ ထပ်ဆောင်းဝန်ဆောင်မှုများပေး မည်

MPT က ကုမ္ပဏီသုံးခုနှင့် ပူးပေါင်း၍ ထပ်ဆောင်းဝန်ဆောင်မှုများပေး မည်

ဒီဇင်ဘာလ၁၉ ။           ။ ဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)က မိုဘိုင်းဖုန်း သုံးစွဲသူများ အတွက် ထပ်ဆောင်းဝန်ဆောင်မှုများ  (Value Added Services)ကို ကုမ္ပဏီသုံးခုနှင့် ပူးပေါင်းကာတိုးချဲ့ဝန်ဆောင်မှုပေးတော့မည်ဟု ဒီဇင်ဘာ ၁၈ ရက်နေ့က သတင်း ထုတ်ပြန် ကြေညာ လိုက်သည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှ စ၍ MPT ၏ GSM နှင့် WCDMA သုံးစွဲသူများအားလုံးသည် MPT နှင့်ပူးပေါင်းလုပ်ဆောင်မည့် Golden TMH Telecom Company Limited၊ Contents Hub Co., Ltd. နှင့် King Royal Technologies Company Limited စသည့် တွဲဖက်ကုမ္ပဏီများမှ ဝန်ဆောင်မှု အသစ်များကို ရယူနိုင်တော့မည်ဖြစ်သည်။

MPT- KSGM Joint Operation မှ Chief Commercial Officer ဖြစ်သူ Mr.Koichi Kawase က "ခုခေတ်မှာလူတွေက မိုဘိုင်းဖုန်းတစ်ခုထဲကို အမျိုးစုံအသုံးပြုနေကြပါတယ်၊ ဖုန်းခေါ်တယ်၊ စာပို့ တယ်၊ အီးမေးလ်သုံးတယ်၊ ဓာတ်ပုံရိုက်တယ်၊ နှိုးစက်နာရီသုံးတယ်၊ မှတ်စုတွေရေးတယ်၊ အချိန်းအချက်တွေ ရက်တွေ မှတ်ကြတယ်၊ ဂိမ်းတွေဆော့ကြတယ်၊ ဒါကြောင့်လည်း   မြန်မာ့ဆက်သွယ်ရေး အနေနဲ့ သုံးစွဲသူတွေ ပိုပြီး သုံးလို့ရမဲ့ ပျော်စရာကောင်းတဲ့ ရွေးချယ်မှု အသစ် တွေကို ထပ်ပေးချင်ပါတယ်၊ ဥပမာ- အိပ်မက်ကျမ်းလိုဟာမျိုးတို့၊ အသုံးအရမ်းတည့် တဲ့ အရေးပေါ်   ရှေးဦးသူနာပြုစု နည်းတွေနဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေမျိုးတွေလည်း ပေးထားပါတယ်၊" ဟု ပြောကြားသည်။

အဆိုပါထပ်ဆောင်းဝန်ဆောင်မှုများကို ရယူလိုပါကမိမိနှစ်သက်ရာ ဝန်ဆောင်မှုကို ရည်ညွှန်းထား သော service code ကိုရိုက်နှိပ်ကာ သက်ဆိုင်ရာ ဝန်ဆောင်မှုပေးသောကုမ္ပဏီသို့ short code အသုံးပြုကာ စာတိုပေးပို့ခြင်းဖြင့် ဝန်ဆောင်မှုကိုရယူနိုင်ပြီး App တစ်ခုချင်းစီကို စတင်သုံးစွဲရန် အတွက် ဝန်ဆောင်ခနှုန်းထားမှာလည်း မိုဘိုင်းဖုန်းသုံးစွဲသူများကြိုက်နှစ်သက်သော ဈေးနှုန်းသာ ကျသင့်မည်ဟုဆိုသည်။

မြန်မာဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူများထံ မဇ္ဈိမက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ဈေးနှုန်းမည်မျှကျမည်၊ မည်သို့ပေးချေရမည်ကို မသိရှိရသေးကြောင်းဖြေကြားသည်။

King Royal Technologies Company Limited က စီးပွားရေးဆိုင်ရာ အချက်အလက်များ၊ ဟာသ၊ အဆိုအမိန့်များ၊ MyFree၊ သတင်း (အထွေထွေ)၊ သတင်း (ဖျော်ဖြေရေး)၊ သတင်း (အားကစား) တို့ကို ဒီဇင်ဘာ ၂၀ရက်မှ စတင်ဝန်ဆောင်မှုပေးမည်ဖြစ်သည်။

Contents Hub Co., Ltd. က ခရီးသွားခြင်း ဉာဏ်စမ်းများ၊ ဗေဒင် (ဆရာဇင်ယော်နီ)၊ ဗေဒင် (စောယုနွယ်)၊ လူနေမှုဘဝ၊ ထင်ပေါ်ကျော်ကြားသူများ၊ စိုက်ပျိုးရေး၊ အားကစား ကဏ္ဍတို့ကို ၂၁ ရက်မှ စတင်ဝန်ဆောင်မှုပေးမည်ဖြစ်သည်။

Golden TMH Telecom Company Limited က အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာနည်းလမ်းများ၊ ငွေကြေးဆိုင်ရာနည်းလမ်းများ၊ ရှေးဦးသူနာပြုနည်းလမ်းများ၊ ကျန်းမာရေးဆိုင်ရာနည်းလမ်းများ၊ ကြံ့ခိုင်ရေးဆိုင်ရာ နည်းလမ်းများ၊ ချစ်မှုရေးရာကဏ္ဍ၊ အိပ်မက်ကျမ်းတို့ကို ဒီဇင်ဘာ၂၂ ရက်မှ စတင်ဝန်ဆောင်မှုပေးမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required