ဟင်္သာတမြို့တွင် အမေ့မေတ္တာ ပညာဒါနကျောင်းမှ ကျောင်းသားကျောင်းသူများ စုပေါင်း အမှိုက်ကောက်

ဟင်္သာတမြို့တွင် အမေ့မေတ္တာ ပညာဒါနကျောင်းမှ ကျောင်းသားကျောင်းသူများ စုပေါင်း အမှိုက်ကောက်

ဟင်္သာတ၊ နိုဝင်ဘာ ၁၉ ။             ။ အနိုင်ရ NLD ပါတီလွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်၍ အမေ့မေတ္တာပညာဒါနကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ရပ်မိရပ်ဖများ စုစုပေါင်းအင်အား ၁၀၀ ခန့် ဖြင့်ဟင်္သာတမြို့ ဗိုလ်ချုပ်လမ်းတစ်လျောက် အမှိုက်ကောက်ခြင်း အမှိုက်ပုံများအား ရှင်းလင်းခဲ့ကြောင်း တွေ့ရသည်။

" အမေဒေါ်အောင်ဆန်းစုကြည်က သင်တန်းမှာကတည်းက ကိုယ့်မြို့သန့်ရှင်းရေးအတွက် တစ်ပတ်တစ်ကြိမ်သော်လည်းကောင်း တစ်လတစ်ကြိမ်သော်လည်းကောင်း ကိုယ့်မြို့သန့်ရှင်းရေးအတွက် လွှတ်တော်ကိုယ်စားလှယ်တွေက ဦးဆောင်ပြီးလုပ်ရမယ် ဆိုလို့ အမေ့မေတ္တာပညာဒါနကျောင်းက ကလေးတွေနဲ့ အခုလို ပူးပေါင်းလုပ်ဆောင်တာပါ" ဟု အနိုင်ရNLD ပါတီ အမှတ် ၄ မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိန်ဝင်းက ပြောသည်။

အဆိုပါအမှိုက်ကောက်ခြင်းအား မနက် ၆နာရီခွဲမှ စတင်၍ စုရပ်အဖြစ်ထားရှိသော အမေ့မေတ္တာပညာဒါနကျောင်းမှ ထွက်ခွာပြီး ဗိုလ်ချုပ်လမ်းတစ်လျောက်ရှိ စွန့်ပစ်အမှိုက်များအား ကောက်ယူခဲ့ပြီး လမ်းမတော်အမှိုက်ပုံနှင့် လယ်တော်ကုန်းအမှိုက်ပုံတို့အား မီးရှို့ဖျက်ဆီးခြင်း အနီးအနားရှိ ခြုံများ အမှိုက်များအား ရှင်းလင်းခြင်းပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။

လွန်ခဲ့သော ဒီဇင်ဘာ၁၂ရက်နေ့ကလည်း ဟင်္သာတဆေးရုံကြီး ပတ်ဝန်းကျင်နှင့် ဟင်္သာတဈေးကြီးထဲတွင်လည်း NLDအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များမှ ဦးဆောင်ပြီး ပြည်သူများနှင့်ပူးပေါင်း၍ အမှိုက်ကောက်ခဲ့ကြသည်။

" သမီးတို့ အခုလိုအမှိုက်ကောက်ရတဲ့ အကြောင်းရင်းက အခုလို အမှိုက်တွေကောက်လိုက်တဲ့အတွက် သမီးတို့မြို့လေးမှာ သန့်ရှင်းသပ်ရပ်သွားသလို တစ်ခြားမြို့တွေကိုလည်း သန့်ရှင်းသွားစေချင် ပါတယ် နိုင်ငံရဲ့မျိုးဆက်သစ်တွေဖြစ်တဲ့ ကျောင်းသားလူငယ်တွေက အခုလို တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်တဲ့အတွက် နောင်တစ်ချိန်မှာ ဒီထက်မက သမီးတို့နိုင်ငံကြီးက ကမ္ဘာအဆင့်မီ နိုင်ငံဖြစ် သွားမှာပါ " ဟု အမေ့မေတ္တာပညာဒါနကျောင်းမှ ဒသမတန်းကျောင်းသူ မနှင်းဝတ်ရည်အောင်က မဇ္စိုမကို ပြောသည်။

အဆိုပါလမ်းမတော် အမှိုက်ပုံသည် ဧရာဝတီ မြစ်ကမ်းဘေးရှိ ရေကာတာပေါ်တွင်တည်ရှိကာ ဟင်္သာတမြို့သာယာလှပရေးပရဟိတအဖွဲ့(HAPO)မှ မကြာခဏရှင်းလင်းခဲ့ပြီး ရပ်ကွက်နေပြည်သူအချို့၏ အမှိုက်စွန့်ပစ်မှုကြောင့် ပြန်လည်ကြီးထွားလာခြင်း ဖြစ်သည်။

" အမှိုက်ကောက်တဲ့လုပ်ငန်းက ပရဟိတလုပ်ငန်းဖြစ်တဲ့အတွက် အများဝိုင်းလုပ်နိုင်ရင်တော့ ကောင်းတာပေါ့ ကလေးတွေဒီလိုလုပ်တာမြင်ရတော့ ကြည်နူးမိပါတယ် ကျေးဇူးလည်းတင်ပါတယ် ရပ်ကွက် ထဲက ဒီအမှိုက်ပုံက ဒုက္ခအတော်ပေးပါတယ် ပြည်သူတွေကလည်း ကြုံသလို အမှိုက်မပစ်သင့်ပါဘူး အားလုံးစည်းကမ်းရှိကြမယ်ဆိုရင် အခုလို အမှိုက်တွေ ခဏ ခဏကောက်စရာ မလိုတော့ပါဘူးဗျာ" ဟု ရုံးကြီးရပ်ကွက်ရှိ ကားဝပ်ရှော့ဆိုင်ပိုင်ရှင် ဦးအံ့မောင်က ၎င်းဆိုင်ရှေ့ရှိ အမှိုက်များကို မီးရှို့နေရင်း ဖြေကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူ၏အနိုင်ရလွှတ်တော်အမတ်များအား အမှိုက်ကောက်ရန် ညွှန်ကြားခဲ့ပြီးနောက် မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် အနိုင်ရNLD လွှတ်တော် အမတ်များက ပရဟိတအဖွဲ့အစည်းများ ပြည်သူလူထုနှင့် ပူးပေါင်း၍ ယခုလို အပတ်စဉ် လစဉ် အမှိုက်ကောက်နေကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required