ဆီးရီးယား ငြိမ်းချမ်းရေး အစီအစဉ် လုံခြံုရေးကောင်စီ ထောက်ခံ

ဆီးရီးယား ငြိမ်းချမ်းရေး အစီအစဉ် လုံခြံုရေးကောင်စီ ထောက်ခံ

ဒီဇင်ဘာ ၁၈ ။            ။ ဆီးရီးယားတွင် ကာလရှည်ကြာလာနေပြီဖြစ်သော ပြည်တွင်းစစ်မီး ငြိမ်းအေးစေရေးအတွက် အစိုးရနှင့် အတိုက်အခံသူပုန်တပ်ဖွဲ့တို့အား စားပွဲပေါ်တွင်ဆွေးနွေးညှိနှိုင်းစေမည့် အစီအစဉ်တစ်ရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အပြည့်အ၀ ထောက်ခံလိုက်သည်။

နိုင်ငံပေါင်း ၁၇ နိုင်ငံ အုပ်စုအတွင်း ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီးနောက် ငါးနှစ်နီးပါးကြာမြင့်လာခဲ့ပြီဖြစ်သော အဆိုပါနိုင်ငံ၏ ပြည်တွင်းပဋိပက္ခများ အလျင်အမြန် အဆုံးသတ်နိုင်ရေးအပေါ် ကုလအဖွဲ့ဝင်နိုင်ငံများက မျှော်မှန်းထားသည်။

ယင်းအစီအစဉ်ဖြင့် ဆီးရီးယား သမ္မတ အာဆတ်အား အတိုက်အခံသူပုန်များနှင့် အတူ စားပွဲတစ်လုံးထဲတွင် ညှိနှိုင်းစေ့စပ်စေမည့်အစီအစဉ် အောင်မြင်သွားပါက ရုရှ နှင့် အမေရိကန် ဦးဆောင်သော တပ်ဖွဲ့များအနေဖြင့် အိုင်အက်စ် စစ်သွေးကြွများအပေါ်တွင် သာ အပြည့်အ၀ အာရုံစိုက်နိုင်တော့မည်ဖြစ်သည်။

"လာမယ့် ဇန်နဝါရီလောက်ဆိုရင် သူတို့ကို စားပွဲပေါ်ကို ခေါ်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်မျှော်လင့်ထားပါတယ်၊ အဲဒီကနေတဆင့် အလုံးစုံ အပစ်ရပ်အစီအစဉ် အောင်မြင်နိုင်ပါလိမ့်မယ်" ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောသည်။

လုံခြုံရေး ကောင်စီ အစည်းအဝေးကို ဒီဇင်ဘာ ၁၈ ရက်က ကျင်းပခဲ့ပြီး ယင်းမတိုင်မီက ငြိမ်းချမ်းရေးအစီအစဉ်ကို တွန်းအားပေးရန် နယူးယောက်တွင်ရောက်ရှိနေသောာ ဆီးရီးယားအပေါ် ထောက်ပံ့ပေးရေး ဆိုင်ရာ နိုင်ငံတကာ အုပ်စု နှင့် ပြောဆိုဆွေးနွေးမှုများ ပြုလုပ်ထားခဲ့သည်။

လက်ရှိတွင် ဆီးရီးယား၏ မဟာမိတ်ရုရှနိုင်ငံကလည်း အာဆတ်အစိုးရအား အပစ်ရပ်ရေးကို သဘောတူလက်ခံလိုက်ရန် တိုက်တွန်းနေခြင်းကြောင့် အများက အာရုံစိုက်လျက်ရှိသည်။ အမေရိကန် နှင့် အာရပ်မဟာမိတ်များက အာဆတ်အစိုးရအား နှုတ်ထွက်ပေးရန် ဆက်လက် ပြောဆိုနေသော်လည်း ရုရှက ယင်းအစီအစဉ်မှာ ဆီးရီးယားပြည်သူများက ဆုံးဖြတ်ရမည့်ကိစ္စဖြစ်သည်ဟု ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required