ပြည်တွင်း အကြမ်းဖက်သမားများ၏ အန္တရာယ်ကို နိုင်ငံသားများ သတိရှိရှိ နေကြရန် အိုဘားမားတိုက်တွန်း

ပြည်တွင်း အကြမ်းဖက်သမားများ၏ အန္တရာယ်ကို နိုင်ငံသားများ သတိရှိရှိ နေကြရန် အိုဘားမားတိုက်တွန်း

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၉ ။             ။ နိုင်ငံတွင်းမှ အစ္စလာမစ် အစွန်းရောက် အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်လာနိုင်မှု အန္တရာယ်များကို အမေရိကန် နိုင်ငံသားများအနေဖြင့် သတိရှိရှိနေကြရန် သမ္မတဘားရတ်အိုးဘားမားက ဒီဇင်ဘာ ၁၈ ရက်တွင် သတိပေးတိုက်တွန်းလိုက်သည်။ ကယ်လီဖိုးနီးယားဒေသတွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှု ကျူးလွန်သူများကဲ့သို့ တစ်ကိုယ်တော် တိုက်ခိုက်သူများ အား ခြေရာခံ နိုင်ရန် ခက်ခဲနေကြောင်း ပြောဆိုသွားခဲ့သည်။

အိုဘားမားသည် နှစ်ကုန်ပိုင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို အိမ်ဖြူတော်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းနောက် ဒီဇင်ဘာ ၂ ရက် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သော ကယ်လီဖိုးနီးယား သို့ သွားရောက်မည်ဖြစ်ကာ သေဆုံးသွားသူများ၏ မိသားစုဝင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။

ဆက်လက်၍ ဆီးရီးယားနှင့် အီရတ် အကြားရှိ နယ်မြေများကို သိမ်းပိုက်ထားသော အိုင်အက်စ် စစ်သွေးကြွများကို နှိမ်နင်းတိုက်ခိုက်နိုင်မည့် အခြေအနေများအပေါ် အိုဘားမားက အခိုင်အမာ ပြောဆိုသွားခဲ့သော်လည်း နိုင်ငံရှိ ရဲအေဂျင်စီများအနေဖြင့် နိုင်ငံတွင်းရှိ အကြမ်းဖက်ခြိမ်းခြောက်မှု အန္တရာယ်များကို ခြေရာခံ စုံစမ်းရာတွင် အခက်အခဲများရှိနေသည်ဟု ဆိုသည်။

နိုင်ငံတွင် လက်တလော ယုံကြည်နိုင်လောက်သည့် အကြမ်းဖက်ခြိမ်းခြောက်မှုအန္တရာယ် ရှိမနေဟု နိုင်ငံသားများအား ပြောကြားခဲ့ပြီးနောက် "တစ်ကိုယ်တော် တိုက်ခိုက်ရေးသမား" များအား ခြေရာခံနိုင်ရန် အတွက်မူ ခက်ခဲနေသည် ဟု ဆိုသည်။

လူမှု မီဒီယာများပေါ်တွင် ဖြစ်နိုင်ဖွယ် သံသယရှိ ပို့စ်များကို လုံခြုံရေးအေဂျင်စီများက စစ်ဆေးကြည့်ရှုနိုင်သော်လည်း ပုဂ္ဂလိက အွန်လိုင်း ဆက်သွယ်မှုများတွင် ယင်းတို့ကို ခြေရာခံနိုင်ရန် ခက်ခဲနေသည်ဟု ၎င်းက ပြောသည်။

ပြင်သစ်နိုင်ငံ ပါရီတွင် နိုဝင်ဘာ ၁၃ ရက်က အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အကြမ်းဖက်ဝါဒသည် အမေရိကန်နိုင်ငံတွင် ရင်ဆိုင်နေရသည့် အရေးကြီးဆုံး ပြဿနာရပ် ဖြစ်လာနေပြီဟု အမေရိကန်နိုင်ငံသား ၃၀ ရာခိုင်နှုန်းကျော်က ယူဆလာနေကြကြောင်း စစ်တပ်တစ်ရပ်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required