အိန္ဒိယဆေးကျောင်းသူ အုပ်စုလိုက် မုဒိမ်းကျင့်မှုမှ အငယ်ဆုံးနှင့် အဆိုးဆုံး ပြစ်မှုကျုးလွန်သူ လွတ်မြောက်လာရန်ရှိ

အိန္ဒိယဆေးကျောင်းသူ အုပ်စုလိုက် မုဒိမ်းကျင့်မှုမှ အငယ်ဆုံးနှင့် အဆိုးဆုံး ပြစ်မှုကျုးလွန်သူ လွတ်မြောက်လာရန်ရှိ

နယူးဒေလီ၊ ဒီဇင်ဘာ ၁၉ ။            ။ အိန္ဒိယနိုင်ငံတစ်ခုလုံး ထိတ်လန့်သွားခဲ့ရသည့် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော ဘတ်စ်ကားပေါ် အုပ်စုလိုက် မုဒိမ်းပြုကျင့်ခဲ့မှုမှ အသက်အငယ်ဆုံးနှင့် အဆိုးဝါးဆုံး ကျုးလွန်ခဲ့သူအား ထိန်းသိမ်းစောင့်ကြည့်ရေးစခန်းတွင် သုံးနှစ်ထက် ပို၍ ပြစ်ဒဏ်ချုပ်နှောင်ထားနိုင်ခြင်းမရှိကြောင်း တရားရုံးက ပြစ်ဒဏ်ထပ်တိုးရေး လျှောက်ထားချက်ကို ငြင်းပယ်လိုက်ရာ ဒီဇင်ဘာ ၂၀ ရက်တွင် ၎င်းက လွတ်မြောက်လာရန် ရှိနေသည်။

အဆိုပါ မုဒိမ်းမှု ဖြစ်ပွားပြီးနောက် မိနစ်နှစ်ဆယ်တိုင်း မုဒိမ်းမှုတစ်မှု ဖြစ်ပွားလျက်ရှိသည်ဆိုသည့် အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများအပေါ် ဆက်ဆံမှုများနှင့် ပတ်သက်ပြီး ကမ္ဘာက အာရုံစိုက်လာခဲ့သည်။ ထိုပြင် အဆိုပါမုဒိမ်းမှုမှ အငယ်ဆုံးကျုးလွန်သူအား ပြစ်ဒဏ်ချမှတ်ခြင်းနှင့် ပတ်သက်ပြီးလည်း ငယ်ရွယ်သူပြစ်မှုကျုးလွန်သူများအပေါ် နိုင်ငံ၏ တရားစီရင်ရေးက အပြစ်ဒဏ် လျော့ရဲလွန်း သည်ဆိုကာ ငြင်းခုံမှုများ ဖြစ်ပွားခဲ့သည်။

ပြစ်မှုဖြစ်ချိန်က အသက် ၁၇ နှစ်ပဲ ရှိသေးသည့် ၎င်းကျုးလွန်သူအား ကလေးသူငယ်တရားစီရင်ရေးဘုတ်အဖွဲ့က အများဆုံးပြစ်ဒဏ် သုံးနှစ်ချမှတ်ထားရာ ပြစ်ဒဏ်ရှည်ကြာ ထပ်တိုးချမှတ်ပေးရေးအတွက် အာဏာရပါတီမှ နိုင်ငံရေးသမားများက လျှောက်ထားလာခြင်းကို တရားရုံးတွင် ကြားနာပြီးနောက် ပြစ်ဒဏ်တိုးမြှင့်ရေးကို ငြင်းဆန်လိုက်ခြင်းဖြစ်သည်။

ဒေလီတရားရုံးတရားသူကြီးများက တည်မြဲဥပဒေများအရ ပြစ်ဒဏ်ကျခံပြီးဖြစ်၍ ၎င်း လွတ်မြောက်မှုကို တားဆီးနိုင်မည် မဟုတ်ကြောင်း ပြောသည်။ “ကလေးသူငယ်တရားစီရင်ရေးဘုတ်အဖွဲ့အပေါ် ဝင်ရောက်မစွက်ဖက်လိုပါဘူး။”ဟု တရားသူကြီးနှစ်ဦးက ဒီဇင်ဘာ ၁၈ ရက်က ပြောခဲ့သည်။ တရားခံ၏ ရှေ့နေကမူ ထင်မြင်ချက်ပေးရန် ငြင်းဆန်သည်။

၂၀၁၂ ခုနှစ်အတွင်းက ယခုအသက် အငယ်ဆုံးကျုးလွန်သူနှင့် လူလတ်ပိုင်း ငါးဦးတို့က အသက် ၂၃ နှစ်အရွယ် ဆေးကျောင်းသူကို ဘတ်စ်ကားပေါ်တွင် အုပ်စုလိုက် မုဒိမ်းပြုကျင့်ကာ နှိပ်စက်ညှင်းပန်း ခဲ့ကြခြင်းဖြစ်သည်။ နယူးဒေလီမြို့တော်တွင် အဆိုပါ ဆေးကျောင်းသူက ယောက်ကျားလေးအဖော်နှင့်အတူ ဘတ်စ်ကား တက်စီးချိန် ၎င်းတို့လူအုပ်က အမျိုးသမီးကို အကြိမ်ကြိမ် သားမယားပြုကျင့်ကာ နှစ်ဦးစလုံးကို နှိပ်စက်ရိုက်နှက်ခဲ့ကြပြီး လမ်းပေါ်သို့ တွန်းချထားခဲ့ကြခြင်းဖြစ်သည်။

ဆေးကျောင်းသူမှာ ရရှိဒဏ်ရာများကြောင့် မကြာမီ သေဆုံးခဲ့ခြင်းဖြစ်သည်။ လူလတ်ပိုင်း ပြစ်မှုကျုးလွန်သူ လေးဦးအား သေဒဏ်စီရင်ချက်ချခဲ့ပြီး ကျန်တစ်ဦးက ထောင်အတွင်း ကိုယ်ကိုကို ကြိုးဆွဲချ သေဆုံးခဲ့ခြင်းဖြစ်သည်။ သေဒဏ်စီရင်ချက်ချထးသူ လေးဦးကိုလည်း ယခုထက်ထိ သေဒဏ် မစီရင်သေးပေ။

အခင်းဖြစ်ပွားစဉ်က ယခုလွတ်မြောက်လာတော့မည်ဖြစ်သည့် အငယ်ဆုံးပြစ်မှုကျုးလွန်သူသည် ဆေးကျောင်းသူအား နှိပ်စက်မုဒိမ်းပြုကျင့်ကြစဉ် အဆိုးဆုံးလုပ်ခဲ့သူဖြစ်ပြီး ကိုယ်တွင်းက အူများကိုပင် လက်ဖြင့် နှိုက်ကာ ဆွဲထုတ်သည့်အထိ လူမဆန်စွာကျုးလွန်ခဲ့သူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly