တောင်တရုတ်ပင်လယ်ပြင်မှ မုန်တိုင်းအရှိန်ကြောင့် ဇွန် ၂၅ အထိ မုန်သုံလေအားကောင်းပြီး မိုးကြီးနိုင်

တောင်တရုတ်ပင်လယ်ပြင်မှ မုန်တိုင်းအရှိန်ကြောင့် ဇွန် ၂၅ အထိ မုန်သုံလေအားကောင်းပြီး မိုးကြီးနိုင်

ရန်ကုန်၊ ဇွန် ၂၂ ။         ။ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းသည် အရှေ့မြောက်ဘက်ရှိ တရုတ်နိုင်ငံ၊ ဟောင်ကောင်မြို့သို့ ဦးတည်ရွေ့လျားလျက်ရှိရာ ယင်း၏အရှိန်ကြောင့် မြန်မာနိုင်ငံရှိ ဒေသအချို့တွင် ဇွန် ၂၅ ရက်အထိ မိုးသက်လေပြင်းများ ကျရောက်ပြီး မြန်မာ့ပင်လယ်ပြင်၌ လှိုင်းကြီး နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒု-ညွန်ကြားရေးမှူး ဦးလှထွန်းက မဇ္ဈိမကို ပြောသည်။

"ဗီယက်နမ်နိုင်ငံရဲ့ အရှေ့ဘက် တောင်တရုတ်ပင်လယ်ပြင်ဘက်မှာ မုန်တိုင်းရှိနေပါတယ်။ အဲဒီမုန်တိုင်းက မြန်မာနိုင်ငံကို မလာပါဘူး။ ဒါပေမယ့်အဲဒီရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံမှာ မိုးကြီးမယ်။ ကမ်းရိုးတန်းဒေသတွေမှာ လှိုင်းကြီးမယ်” ဟု ၎င်းကပြော သည်။

အိန္ဒိယနိုင်ငံသို့ ဝင်ရောက်လျက်ရှိသည့် မုန်တိုင်းငယ်သည် ဇွန် ၂၂ ရက် ညနေ ၄ နာရီခန့်တွင် အားလျော့ပျက်ပြယ်သွားသော် လည်း တောင်တရုတ် ပင်လယ်ပြင်မှ မုန်တိုင်း၏ အရှိန်ကြောင့် ရခိုင်၊ ဧရာဝတီ၊ မွန်နှင့် တနင်္သာရီ ကမ်းရိုးတန်းဒေသများတွင် ဇွန် ၂၆ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းကာ လှိုင်းကြီးနိုင် သည် ဟုဆိုသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ငါးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးစံအောင်ကျော်က “ ကျွန်တော်တို့ဘက် မှာတော့ ရာသီဥတုက အရမ်း ဆိုးဆိုးဝါးဝါးကြီးတော့ မဟုတ်ပါဘူး”ဟု ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇွန် ၂၂ ရက် နေ့လယ် ၂ နာရီအချိန် ထုတ်ပြန်ချက်အရ ဇွန် ၂၃ ရက် ညနေပိုင်းခန့် မှန်းချက်အဖြစ်စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်နှင့်ကယားပြည် နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသ ကြီးနှင့် ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်း ရွာသွန်းပြီး ရခိုင်ပြည်နယ်တွင် ဒေသအလိုက်နှင့် တနင်္သာရီတိုင်းဒေသကြီး နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားသည်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်နှင့် တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင် လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်ဟု ထုတ်ပြန်ထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ဒု-ညွန်ကြားရေးမှူး(ငြိမ်း) ဦးချစ်ကျော်က “မုန်တိုင်း ငယ်ကတော့ ပြီးသွားပါပြီ။ မုတ်သုံလေကတော့ ဆက်လက်အားကောင်းမြဲပါ။ မိုးကတော့ တစ်ပြည်လုံး ဆက်လက်ရရှိနေပါဦးမယ်။ ကမ်းရိုးတန်းဒေသ ရခိုင်၊ ဧရာဝတီ၊ မွန်တနင်္သာရီ ဒေသတွေကတော့ ၂၃ ကနေ ၂၆ ရက်အထိ တောက်လျောက် မိုးသည်းထန်ဖို့ ရှိနေပါတယ်။

စိုက်ခင်းတွေ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ (ရေအဝင်များပြီး ရေမြုပ်မယ့် အန္တရာယ်ကြောင့်ပါ) အလားတူ ပင်လယ်ရေလုပ်သားများလည်း  သတိပြုရမှာ ဖြစ်ပါတယ်” ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required