မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံရမှုနှင့် ပတ်သတ်ပြီး အမိန့်ချရန် ထပ်မံရွှေ့ဆိုင်း

မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံရမှုနှင့် ပတ်သတ်ပြီး အမိန့်ချရန် ထပ်မံရွှေ့ဆိုင်း

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ။              ။ မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံရမှုနှင့် ပတ်သက်ပြီး အချိန်တစ်နှစ်ကျော်ကြာ စစ်ဆေးခဲ့ပြီးနောက် ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် အမိန့်ချရန် သတ်မှတ်ထားသော်လည်း ဒီဇင်ဘာလ ၂၉ ရက်နေ့သို့ ထပ်မံရွှေ့ ဆိုင်းလိုက်သည်။

ထိုသို့ရွှေ့ဆိုင်းရာတွင် တရားလိုဘက်မှ သိရှိခြင်း မရှိခဲ့ပဲ ပုံမှန်ရုံးထုတ် အမိန့်ချချိန်သာ ရောက်ရှိခဲ့ခြင်းဖြစ် ကြောင်း အသတ်ခံခဲ့ရသူ မော်ဒယ် အေးချမ်းမြတ်မိုး၏ ဖခင် ဦးဝဏ္ဍက မဇျွိမကို ပြောသည်။

“အခုလို ဦးတို့မသိဘဲ ရွှေ့ဆိုင်းလိုက်တာကို ဘာပြောရမှန်းတောင် မသိတော့ဘူး။ ဒါပေမယ့် အခု အမိန့် ချမယ့် တရားသူကြီးကဒီအမှုကို ကိုင်တွယ်ရတာ ၂ ကြိမ်ပဲရှိသေးတယ်။ သူ့အနေနဲ့လည်း အမှုတွေကို ပြန်လည် ဖတ်ရှုရမှာ ဖြစ်တဲ့အတွက် အခုလို ရွှေ့ဆိုင်းလိုက်တယ်လို့ပဲ ထင်တယ်။ ဦးတို့တောင် မသိလိုက်ဘူး။ တရားရုံးက စာရေးပြန်ပြောလို့သိရတာပါ” ဟု ဦးဝဏ္ဏက ပြောသည်။

မော်ဒယ်အေးချမ်းမြတ်မိုးဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့တွင် အပြင်ကပြန်အလာ တရားစွဲ ဆိုခံထားရသူ အံ့ဖြိုးပိုင်မှ လှေကားတွင် ဓားဖြင့်ထိုးခဲ့ခြင်းကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကာ၊ ယနေ့အထိ အမိန့်ချနိုင်ခြင်း မရှိသေးသည့်အပေါ် အေးချမ်းမြတ်မိုးဖခင်က ဘဝင်မကျကြောင်းလည်း ပြောကြားခဲ့သည်။

“ ဒီအမှုကြောင့် ကျွန်တော် အလုပ်ကထွက်လိုက်ရတယ်။ အချိန်ကုန်တယ် ငွေကုန်တယ်။ ဒါပေမယ့် ကျွန်တော်တို့ သည်းခံစောင့်တယ်။ ကျွန်တော်တို့က သမီးတစ်ယောက် ဆုံးရှုံးထားရတာကိုး။ ဒီလောက် ကြန့်ကြာနေဖို့တော့ မကောင်းဘူးလို့ ထင်တယ်။ ဒါပေမယ့် တရားသူကြီးက အသစ်ဖြစ်တဲ့အတွက် မှန်မှန် ကန်ကန် အမိန့်ချနိုင်မယ်လို့ ထင်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ အေးအေးချမ်းချမ်းစောင့်နေ တယ်။ ဒါပေမယ့် မဟုတ်တာတွေ ဖြစ်လာရင်တော့ ကျွန်တော်တို့ ငြိမ်ခံနေမှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ ” ဟု ဦးဝဏ္ဏက ပြောသည်။

လာမည့် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အမိန့်ချမည်ဟုပြောသော်လည်း အချိန်အတိအကျမသိရသေးကြောင်း နှင့် တရားသေတရားစွဲဆိုခံထားရသော ကိုအံ့ဖြိုးပိုင်၏ရှေ့နေက နောက်ဆုံးလျှောက်လဲချက် ပေးရာတွင် တရားသေလွှတ်ရန်အထိ လျှောက်လဲချက်တင်ခဲ့ကြောင်းလည်း  သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required