မျိုးချစ်စိ်တ်ဓါတ် ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်အောက်မှ အမျိုးသားအမွေအနှစ်များ ဆုံးရှုံးနေ

မျိုးချစ်စိ်တ်ဓါတ် ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်အောက်မှ အမျိုးသားအမွေအနှစ်များ ဆုံးရှုံးနေ

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ မြင်းနီကျေးရွာတွင် နှစ်တစ်ရာကျော် သက်တမ်းရှိပြီး တိုင်လုံးရေ ရှစ်ဆယ်ကျော်ရှိသည့် ဘုန်းတော်ကြီးကျောင်း ပေ့ါဆဖယောင်းတိုင်မီးကြောင့် မီးလောင် ပျက်စီးသွား ရသည်ဟု ပြည်မြန်မာနေ့စဉ် သတင်းစာတွင် ဖတ်ကြရပါသည်။ အမျိုးသား အမွေအနှစ်တစ်ခုဖြစ်သဖြင့် စိတ်မချမ်းမြေ့ဖြစ်ရပါသည်။

ယင်းသတင်းနှင့် ဆက်စပ်ပြီး စဉ်းစားသည့်အခါ မိမိတို့နိုင်ငံ အမျိုးသားအမွေအနှစ်များ ယခုလို နည်းအမျိုးမျိုးနှင့် ပျက်ဆီးဆုံးရှုံးနေရသည့်အဖြစ်မှာ ယခုမှ မဟုတ်ပါချေ။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းကပင်ဖြစ်သည်။

ဥပမာတစ်ခုပြောရလျင် မကွေးတိုင်း၊ စလင်းမြို့ကလေးတွင် လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်က ရှေးဟောင်းရုပ်စုံ ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းရှိသည့်အနက် တစ်ကျောင်းမှာ ယခုလိုပင် ပေါ့ဆဖယောင်းတိုင်မီးကြောင့် မီးလောင်ပျက်စီးခဲ့ရဖူးပါသည်။

စလင်းမြို့တွင် ရှေးဟောင်းအမွေအနှစ် အခြားအဆောက်ဦးများ ရှိပါသေးသည်။ အင်္ဂလိပ်နယ်ချဲ့တို့အား ခုခံတိုက်ခိုက်ခဲ့သည့် ဗိုလ်ဥတ္တမ ခံတပ်၊ ယခုအထိ အကောင်းပကတိ ကျန်ရှိနေသေးသည့် ရုပ်စုံကျောင်းကြီးနှင့် မြို့ရိုးတစ်ပိုင်းတစ်စ အုပ်တံတိုင်းကြီး ဖြစ်ပါသည်။ သို့သော် မှားယွင်းသည့်နည်း တနည်းအားဖြင့် သမိုင်းပညာရှင်နှင့် ဗိသုကာပညာရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း မဟုတ်သော နည်းလမ်းများဖြင့် ပြုပြင်မွမ်းမံခဲ့သဖြင့် နဂိုသမိုင်းတန်ဘိုးများ ချို့ယွင်းသွားကြရသည်ကို တွေ့ရသည်။

ဗိုလ်ဥတ္တမခံတပ် လှေကားခုံကြီးကို တစ်ခုလုံး အသစ်ပြန်လည်တည်ဆောက်ခြင်း၊ ရုပ်စုံကျောင်းကြီး ၏ကြမ်းပြင်ကို သစ်ညံ့သစ်ဆွေးများဖြင့် အသစ်တဖန်ပြန်ခင်းခြင်း၊ တပိုင်းတစ ကျန်ရှိနေသေးသည့် မြို့ရိုးအုတ်တံတိုင်းကြီးကို အုတ်များ ပြန်စီဖြည့်စွက်ကာ အပေါ်မှ အင်္ဂတေအသစ်ကိုင်လျက် ဘုရားကျောင်း အုတ်တံတိုင်းအဖြစ် အသုံးပြုလိုက်ခြင်း အစရှိသည့် မှားယွင်းသည့် ပြုပြင်မွမ်းမံခြင်းများ ပြုလုပ် ခဲ့ပါသည်။ သမိုင်းတန်ဘိုး ကျဆင်းရသည့် အမျိုးသားအမွေအနှစ် သမိုင်းပစ္စည်းများပင် ဖြစ်သည်။

တဖန် နှစ်ပေါင်း ၉၀၀ ကျော်သက်တမ်းရှိသည့် ပုဂံနယ်မြေတစ်ခုလုံး ယူနက်စကို၏ ရှေးဟောင်းနယ်မြေအဖြစ် အသိအမှတ်ပြုခြင်း မခံရသေးချေ။ အဘယ်ကြောင့်ဆိုသော် ထိုနယ်မြေအတွင်းက အထင်ကရ ဘုရားစေတီများကို တာဝန်ရှိသူများက တတ်သိနားလည်သူ သမိုင်းနှင့် ဗိသုကာပညာရှင်များထံ ညှိနှိုင်းဆောင်ရွက်ခြင်းမရှိပဲ လူပိန်းတွေး လူပိန်းအမြင်ဖြင့် အသစ်တဖန် မွမ်းမံပြင်ဆင်ခဲ့သဖြင့် သမိုင်းတန်ဘိုး အမှန်ပျောက်သွားသည့်အတွက် ယခုလို အသိအမှတ်ပြုခြင်း မခံရသေးခြင်းဖြစ်ကြောင်း ဝေဖန်သံများလည်း ကြားကြရပါသည်။

တဖန် မိမိတို့နိုင်ငံ အမျိုးသားယဉ်ကျေးမှု ရှေးဟောင်းပစ္စည်းများ ကမ္ဘာအရပ်ရပ်သို့ နည်းလမ်း အမျိုးမျိုးဖြင့် ရောက်ရှိသွားကြရသည်များလည်း ရှိပါသည်။ အလှမ်းဝေးသည့် တိုင်းပြည်များကို ခဏထားကာ မိမိတို့တိုင်းပြည်ရဲ့ အိမ်နီးချင်း တိုင်းပြည်တစ်ခုဖြစ်သည့် ထိုင်းနိုင်ငံနယ်စပ်၊ မဲဆောက်မြို့တွင်ပင် မိမိတို့တိုင်းပြည် အမျိုးသားအမွေအနှစ် ရှေးဟောင်းပစ္စည်းများ အုံနှင့်ကျင်းနှင့် ရောက်ရှိနေသည်ကို အထင်အရှားတွေ့ရပါသည်။

မြဝတီမြို့တဖက်ကမ်း ထိုင်းနိုင်ငံမဲဆောက်မြို့ ထိုင်းမြန်မာ ချစ်ကြည်ရေးတံတားကြီးထိပ်တွင်ပင် ဈေးဆိုင်တန်းများ တန်းစီလျက်ရှိပြီး ယင်းဈေးဆိုင်များထဲ၌ ရှေးဟောင်းပစ္စည်း အရောင်းဆိုင်များက တခမ်းတနား နေရာယူထားသည်ကို တွေ့ကြရပါသည်။ ယင်းဆိုင်များတွင် ရောင်းချနေသော ရှေးဟောင်းပစ္စည်းဟူသမျှသည် မိမိတို့ မြန်မာနိုင်ငံမှ နည်းအမျိုးမျိုးနှင့် ရောက်ရှိလာကြသော ရှေးဟောင်း ပစ္စည်းများချည်းသာ ဖြစ်သည်ကို တွေ့ကြရမည်ဖြစ်သည်။

မိမိတို့တိုင်းပြည်တွင် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး အမျိုးဂုဏ်ဇာတိဂုဏ် မြှင့်တင်ရေး ကြွေးကြော်သံများကို နှစ်ပေါင်းများစွာ အချိန်ကြာမြင့်စွာ ကြားနေခဲ့ကြရပါသည်။ သို့သော် ယင်းအမျိုးဂုဏ် ဇာတိဂုဏ်နှင့် မျိုးချစ်စိတ်ဓာတ်ကို သရော်လှောင်ပြောင်သလိုဖြစ်စေသည့် ယင်းမိမိတို့ တမျိုးသားလုံးရဲ့ အမွေအနှစ်များ နစ်နာဆုံးရှုံးနေရသည့်အဖြစ်ကတော့ လူရယ်စရာပင် ဖြစ်နေခဲ့။

ထို့ကြောင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးခေါင်းစဉ်၊ အမျိုးဂုဏ် ဇာတိဂုဏ် မြှင့်တင်ရေး ခေါင်းစဉ်အောက်မှ မိမိတို့နိုင်ငံ အမျိုးသားအမွေအနှစ်များ နည်းမျိုးစုံပျက်စီး ပျောက်ကွယ်နေရခြင်းကို အထက်ပါ ဆောင်ပုဒ်များ ခေါင်းစဉ်များနှင့်အညီ အထိရောက်ဆုံးကာကွယ်ကြဖို့လိုအပ်ကြောင်း တင်ပြလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags