အနိမ့်ဆုံး လုပ်ခလစာက အလုပ်သမားများအတွက် အကျိုးသက်ရောက်မှု မရှိ

အနိမ့်ဆုံး လုပ်ခလစာက အလုပ်သမားများအတွက် အကျိုးသက်ရောက်မှု မရှိ

တွေ့ဆုံဆွေးနွေးမှု အကြိမ်ပေါင်းများစွာ ပြုလုပ်ပြီးနောက် အနိမ့်ဆုံးလုပ်ခလစာ တစ်နေ့ ၃၆၀၀ ကျပ်ကို သတ်မှတ်နိုင်ခဲ့သော်လည်း အလုပ်သမားများအတွက် အကျိုးသက်ရောက်မှု မရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများထံမှ သိရသည်။

လွန်ခဲ့သည့်လေးလက အနိမ့်ဆုံးလုပ်ခလစာကို အစိုးရက သတ်မှတ်ပေးခဲ့သော်လည်း အလုပ် သမား တစ်ဦးချင်းစီအတွက် ရပ်တည်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း၊ တစ်နေ့ ၃၆၀၀ ကျပ် သတ်မှတ်ပြီး နောက်ပိုင်း အလုပ်ရှင်များဘက်မှ အချိန်ပိုကြေး လျှော့ချမှုအပါအဝင် ကြိုပို့ ဖယ်ရီများပါ ဖြတ်တောက် မှုရှိနေကြောင်း အလုပ်သမားအရေးဆောင်ရွက်သူ မသက်သက်အောင် ကပြောသည်။

နိုင်ငံတကာတွင် အနိမ့်ဆုံးလုပ်ခကို ဒေသနှင့် လုပ်ငန်းပေါ်မူတည်ပြီး ခွဲခြားသတ်မှတ်ထား ကြောင်း၊ ဥပဒေတစ်ခုကို စနစ်တကျပြင်ဆင်ပြီး ပြဌာန်းသင့်ကြောင်း အချိန်တိုတိုအတွင်းမှာ တွန်းအား ပေး လုပ်ဆောင်မှုကြောင့် အဆင်မပြေတာများရှိကြောင်း Myanmar Makro Industry ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမိုးမြင့်ကျော် က ထောက်ပြ ပြောဆိုသည်။

"တစ်နိုင်ငံလုံး အားလုံး လုပ်ငန်းပေါင်းစုံ အကုန်လုံးကို တစ်သတ်မှတ်ထဲ ပြဌာန်းလိုက်တဲ့ ဟာကြီးကတော့ ကျတော်တို့ နည်းနည်း ထူးဆန်းနေတယ်" ၎င်းက ဆိုသည်။ လက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံက အနိမ့်ဆုံးလုပ်ခလစာမှာ အိမ်နီးချင်း ထိုင်းနိုင်ငံထက် ငါးဆလောက် နည်းနေပြီး မြန်မာနိုင်ငံ၏ စီးပွားရေးမှာလည်း ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ က နည်းပါးကာ အများစုကလက်ခစား စနစ်ကုန်ထုတ်လုပ်ငန်းတွေက များနေသည်ကို တွေရသည်။

လုပ်ငန်းရှင်များအနေဖြင့်လည်း ပြည်ပနိုင်ငံတွေက ကမ်းလှမ်းသည့် အပ်ထည်များအပေါ် မှာမှီခိုနေရတာဖြစ်ပြီး တည်ငြိမ်သည့် ဈေးကွက်တစ်ခု မဟုတ်သေးတဲ့ အချိန်လည်းဖြစ်ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီး လိုအပ်နေပြီး လုပ်သားအင်အား အများအပြား အသုံးပြုရသည့် ကုန်ထုတ်လုပ်ငန်းတွေကနေ ပြည်တွင်းစီးပွားရေးကို မြှင့်တင်ဖို့ လိုအပ်နေကြောင်း စီးပွားရေး ပညာရှင်များက ဆိုသည်။

"ကုန်ဈေးနှုန်းတက်လာရင် အနိမ့်ဆုံးက မလောက်နိုင်ဘူးပေါ့၊ ဒီလုပ်ခဆိုတာက အလုပ်သ မားတွေရဲ့ စားဝတ်နေရေး အလုပ်သမားတွေရဲ့ လူနေမှုအဆင့်တန်း လူနေမှု ကုန်ကျစရိတ်ဆိုတာနဲ့ တွက်ရတယ်၊ သူတို့စားလို့ လောက်မလောက် အခု ၃၆၀၀ နောက်နှစ်ဒီလိုပဲ၊ ဒေါ်လာဈေးတွေ ထပ် တက်နေမယ် ကုန်ဈေးနှုန်းတွေ ဆက်တက်နေမယ်ဆိုရင် နည်းတဲ့သဘော ရှိတယ်။" စီးပွားရေးပညာ ရှင် ဦးလှမောင် က သုံးသပ်သည်။

နိုင်ငံခြားရင်း နှီးမြှုပ်နှံသူများက ပြည်တွင်းက လုပ်သားစားရိတ် အနည်းအများအပေါ် မူတည်ကာ ဝင်ရောက်နိုင်သည့် အခြေအနေဖြစ်သည့် အတွက်ကြောင့် အစိုးရအနေဖြင့် နှစ်ဦးနှစ် ဘက် အကျိုးရှိမည့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ကိုဆွဲဆောင်နိုင်ရန် လိုအပ်နေကြောင်း ၎င်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly