ပွဲစားများနှင့် ဌာနဆိုင်ရာတို့ပေါင်းပြီး အမြတ်ထုတ်နေဟု သူရဦးအောင်ကို ပြော

ပွဲစားများနှင့် ဌာနဆိုင်ရာတို့ပေါင်းပြီး အမြတ်ထုတ်နေဟု သူရဦးအောင်ကို ပြော

နေပြည်တော်(ဒီဇင်ဘာ ၁၄)။ ။ ရန်ကုန်၊ မန္တလေးကဲ့သို့သော စီးပွားရေးမြို့တော်များတွင် မြေယာနှင့်ပတ်သက်သော အမှုများစွာ ဖြစ်ပွားနေပြီး ယင်းအမှုများတွင် ဌာနဆိုင်ရာများနှင့် ပွဲစားများပူးပေါင်းကာ အမြတ်ထုတ်နေကြသည်ဟု ပြည်သူ့လွှတ်တော်၏ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌဖြစ်သူ သူရဦးအောင်ကိုက ပြောကြားလိုက်သည်။

“ရန်ကုန်၊ မန္တလေးကဲ့သို့သော စီးပွားရေးမြို့တော်များတွင် မြေယာနှင့်ပတ်သက်သော အမှုများစွာ ဖြစ်ပွားနေတယ်။ မြေပွဲစား၊ အမှုပွဲစားများက အုပ်စုဖွဲ့ပြီး ဌာနဆိုင်ရာများနှင့် ပူးပေါင်းကြံစည်ကာ အမှုအနိုင်ယူ အကျိုးအမြတ် ခွဲဝေယူနေကြတယ်” ဟု ဒီဇင်ဘာ ၁၄ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ၎င်းတို့ကော်မတီ၏ အစီရင်ခံစာအပေါ် ဖြည့်စွက်ဆွေးနွေးစဉ် သူရဦးအောင်ကိုက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထိုသို့သော အမှုများတွင် ဌာနဆိုင်ရာများဖြစ်သည့် တရားရုံးနှင့် ဥပဒေရုံး တာဝန်ရှိသူအချို့၊ အထွေထွေအုပ်ချုပ်ရေး၊ စည်ပင်၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတို့မှ တာဝန်ရှိသူများ ပါဝင်ပတ်သက်နေသည်ဟု လည်း သူရဦးအောင်ကိုက ပြောသည်။

အဆိုပါ တရားမမှုများကို (၁၅)နှစ်ခန့် ကြာသည်အထိ အချိန်ဆွဲ စစ်ဆေးကြသလို “ကြေးစားလူမိုက်တွေ ငှားရမ်းပြီး အင်အားဖြင့် မြေ၊ အဆောက်အဦတို့ကို ကျူးကျော် ဝင်ရောက်သိမ်းပိုက်မှုတွေအထိ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်ကြတယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၁ခုနှစ်၊ စက်တင်ဘာလ ၅ရက်တွင် စတင်ဖွဲ့စည်းကာ သူရဦးအောင်ကို ဥက္ကဌအဖြစ်တာဝန်ယူထားသည့် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီသည် ၎င်းတို့၏ ကွင်းဆင်းလေ့လာမှုများကို ၂၀၁၅၊ ဒီဇင်ဘာ ၈ရက်တွင် လွှတ်တော်သို့ အစီရင်ခံစာတစ်စောင် တင်ပြခဲ့သည်။

ယင်းအစီရင်ခံစာတွင် လက်ရှိ အစိုးရသက်တမ်းအတွင်း တရားစီရင်ရေးစနစ်သည် လွတ်လပ်မှု၊ ဖြောင့်မတ်မှု၊ တရားမျှတမှုတို့ရှိရန် များစွာလိုအပ်နေပြီး တရားသူကြီးများကိုယ်တိုင်က တရားရုံးအတွင်းတွင်ပင် လာဘ်စားမှုများ ရှိနေသည်ဟု ရေးသားထားသည်။

ကော်မတီ၏ အစီရင်ခံစာအရ လာဘ်စားမှုများတွင် တရားသူကြီးများသာမက တရားရေးဝန်ထမ်းများ၊ ရှေ့နေရှေ့ရပ်များ၊ ဥပဒေဝန်ထမ်းများ၊ တရားစွဲအဖွဲ့အစည်းများ၊ ဝန်ထမ်းအကြီးအမှူးဖြစ်သော ညွှန်ကြားရေးမှူးချုပ်အဆင့်မှအစ ဆင့်စာလုလင်အထိ ပါဝင်ဆက်စပ်နေသည်ဟုလည်း ဆိုသည်။

အဆိုပါ အစီရင်ခံစာကိုပင် ကော်မတီဝင်များ၏ ဆန္ဒနှင့်အညီ “ပျော့ပြောင်းစွာ ရေးသားတင်ပြခဲ့တာပါ” ဟု သူရဦးအောင်ကိုက လွှတ်တော်အစည်းအဝေးတွင် ပြောသည်။ တရားရေးမဏ္ဍိုင်ဖြောင့်မတ်ရေးသည် တရားဥပဒေစိုးမိုးရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်ပြီး မြန်မာပြည်သူတို့အတွက် တရားဥပဒေစိုးမိုးသော၊ လုံခြုံသော လူမှုပတ်ဝန်းကျင်သစ် ဖန်တီးပေးရန် လိုအပ်နေပြီဟုလည်း တပ်မတော်တွင် ဗိုလ်မှူးချုပ်ဟောင်းအဆင့်အထိ တာဝန်ယူခဲ့သူ သူရဦးအောင်ကိုက ထောက်ပြပြောဆိုခဲ့သည်။

လာမည့် အစိုးရသက်တမ်းငါးနှစ်သက်တမ်းတွင်မူ လက်ရှိ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖွဲ့စည်းခွင့် ရရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required