စီရော်နယ်ဒိုရဲ့တစ်နေ့တာပုံမှန်လေ့ကျင့်ခန်းအစီအစဉ်နဲ့ နေထိုင်စားသောက်ပုံ

စီရော်နယ်ဒိုရဲ့တစ်နေ့တာပုံမှန်လေ့ကျင့်ခန်းအစီအစဉ်နဲ့ နေထိုင်စားသောက်ပုံ

စီရော်နယ်ဒိုဆိုတာ လူငယ်တွေ လေးစားအားကျရတဲ့ ကမ္ဘာကျော်ဘောလုံး သမားတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ဘောလုံးစွမ်းရည်ကို နှစ်သက်အားကျတဲ့ လူငယ်တွေအများအပြားရှိသလို သူ့ရဲ့တောင့်တင်း ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်အချိုးအစားမျိုး အလိုရှိတဲ့ လူငယ်တွေလည်း အများအပြားရှိနေပါတယ်။

စီရော်နယ်ဒိုဆိုတာ ဒီလိုကမ္ဘာကျော်ဘောလုံးသမားဆိုတဲ့ အဆင့်ကို လွယ်လွယ်ကူကူရောက်ရှိလာခဲ့သူတော့ မဟုတ်ပါဘူး။ ပေးဆပ်မှုတွေ၊ ပြင်းထန်တဲ့လေ့ကျင့်မှုတွေ၊ ခိုင်မာတဲ့ရည်ရွယ်ချက်တွေ၊ ကြိုးစားမှုတွေနဲ့ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ပြီး ဒီအဆင့်ကို ရောက်ရှိလာခဲ့တာပါ။ ထိပ်ဆုံးအဆင့်ကို ရောက်ရှိပြီးချိန်မှာလည်း လေ့ကျင့်မှုနဲ့ကြိုးစားမှုတွေကို မလျှော့ပဲ ရှေ့ဆက်ခဲ့ပါတယ်။ ဒါကြောင့်ပဲ စီရော်နယ်ဒိုဟာ ထိပ်တန်းအဆင့်မှာ နှစ်ပေါင်းများစွာရပ်တည်နေတာဖြစ်ပါတယ်။

စီရော်နယ်ဒို အခုလိုအောင်မြင်မှုတွေ ရရှိနေပြီး ကြံ့ခိုင်သန်စွမ်းတဲ့ ခန္ဓာကိုယ်အချိုးအစားရအောင် နေ့စဉ် ဘယ်လိုလေ့ကျင့်မှု ပြုလုပ်တယ်ဆိုတာကို သိချင်နေတဲ့သူတွေအများအပြားရှိနေပါတယ်။ ဒါကို သိပြီးသား ပရိသတ်တွေရှိသလို မသိရှိသေးတဲ့ ပရိသတ်တွေလည်း အများအပြားရှိနေပါသေးတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ စီရော်နယ်ဒိုရဲ့ ပုံမှန်လေ့ကျင့်ရေးအစီအစဉ်နဲ့ နေထိုင်စားသောက်ပုံတွေကို ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။

ပုံမှန်လေ့ကျင့်ခန်းကို စွဲစွဲမြဲမြဲ လုပ်သူ

စီရော်နယ်ဒိုဟာ သူ့ရဲ့ တစ်နေ့တာ ပုံမှန်လေ့ကျင့်ခန်းတွေကို စွဲစွဲမြဲမြဲ ပြုလုပ်သူဖြစ်ပါတယ်။ ဒါကို မန်ယူနည်းပြဟောင်း ဖာဂူဆန်ကိုယ်တိုင်က ဝန်ခံထားပါတယ်။ 'စီရော်နယ်ဒို ဒီလိုဖြစ်လာတာ ကံကောင်းမှု မပါဝင်ပါဘူး။ လေ့ကျင့်ရေးအစီအစဉ်တိုင်းမှာ ကြိုးကြိုးစားစားလေ့ကျင့်တဲ့ စီရော်နယ်ဒိုကို ကျွန်တော်မြင်တွေ့ခဲ့ရပါတယ်။ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ စိတ်အားထက်သန်မှုက တကယ်ကို ချီးကျူးရမယ့် အချက်ဖြစ်ပါတယ်' လို့ ဖာဂူဆန်က ဆိုခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ရီးယဲလ်အသင်းမှာ တစ်ပတ်ကို ငါးရက် လေ့ကျင့်မှုပြုလုပ်ရပြီး တစ်နေ့မှာ သုံးနာရီနဲ့လေးနာရီကြားလေ့ကျင့်ခန်းပြုလုပ်ရပါတယ်။ မဖြစ်မနေ လေ့ကျင့်ဖြစ်တာတွေကတော့
၁။ သတ်မှတ်ထားတဲ့ ကိုယ်ခန္ဓာအနေအထား(သို့) သတ်မှတ်နှုန်းအောက် ကျဆင်းအောင် လေ့ကျင့်ခြင်း
၂။ အပြေးလေ့ကျင့်ခန်း(၂၅ မိနစ်မှ မိနစ် ၃၀ ဝန်းကျင်)
၃။ လေ့ကျင့်ရေးပစ္စည်းအကူအညီများဖြင့် ပြင်းပြင်းထန်ထန် လေ့ကျင့်ခြင်း
၄။ ကိုယ်ပိုင် ဘောလုံးထိန်းသိမ်းမှု၊ ကျွမ်းကျင်မှုနှင့် နည်းစနစ်ပိုင်းဆိုင်ရာလေ့ကျင့်ခြင်း
၅။ အသင်းဖော်များနှင့်နားလည်မှု ပိုမိုရရှိလာစေရန် လေ့ကျင့်ခြင်းနှင့် ဘောလုံးနည်းစနစ်များတိုးတက်လာစေရန် လေ့ကျင့်ခြင်း(ဘောလုံးနှင့်တွဲဖက်၍)
၆။ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် ကြွက်သားများဖွံ့ဖြိုးကြီးထွားစေရန် Gym ကစားခြင်း
တို့ကို ပြုလုပ်လေ့ရှိပါတယ်။
ဒီလေ့ကျင့်ခန်းတွေက လေ့ကျင့်ရေးအစီအစဉ်ရှိတဲ့ နေ့တိုင်း စီရော်နယ်ဒို ပုံမှန်ပြုလုပ်တာတွေဖြစ်ပါတယ်။
စီရော်နယ်ဒို မန်ယူအသင်းကို ရောက်စက ခန္ဓာကိုယ်သေးကွေးပြီး ဖွံ့ဖြိုးခြင်း မရှိသေးပါဘူး။ ကြံ့ခိုင်မှုကို ဦးစားပေးတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လိုအပ်ချက်အရ စီရော်နယ်ဒိုဟာ ကိုယ်ခန္ဓာ ဖွံ့ဖြိုးဖို့ ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ပါတယ်။ သူဘယ်လောက်အထိတောင် ကြိုးစားခဲ့သလဲဆိုရင် တစ်နေ့ကို အိပ်ထမတင် လေ့ကျင့်ခန်း အခါ ၃၀၀၀ ပြုလုပ်ခဲ့ပါတယ်။ တစ်ခါတစ်ရံမှာ တီဗွီကြည့်ရင်း လေ့ကျင့်ခန်းလုပ်ခဲ့တယ်လို့ စီရော်နယ်ဒိုက ပြောဆိုခဲ့ဖူးပါတယ်။
ဒါကြောင့် စီရော်နယ်ဒိုလို ကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာမျိုးရဖို့အတွက် ပထမဆုံး ပြင်းပြတဲ့ စိတ်အားထက်သန်မှု၊ ပြင်းထန်တဲ့ လေ့ကျင့်မှုတွေ လိုအပ်သလို မလျှော့တဲ့ ဇွဲလုံ့လမျိုးရှိဖို့လည်း မဖြစ်မနေလိုအပ်ပါတယ်။

စီရော်နယ်ဒိုရဲ့ အခြေခံစားသောက်ပုံ
---------------------------------------
ကစားသမားတစ်ယောက်အတွက် ဒါမှမဟုတ် လူတစ်ယောက်အတွက် ကျန်းမာမှုက တကယ်ကို အရေးကြီးပါတယ်။ ကျန်းမာဖို့ အတွက်ဆိုရင် နေထိုင်စားသောက်ပုံနဲ့ အိပ်စက်ခြင်းက အခြေခံအကျဆုံးဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ဒီအချက်တွေကို တိတိကျကျ လိုက်နာသူပါ။ ညဘက်မှာ စောစောအိပ်ယာဝင်လေ့ရှိပြီး မနက်စောစောအိပ်ယာတတ်ပါတယ်။ ဒါပေမယ့် အနည်းဆုံးအိပ်ချိန် ရှစ်နာရီပြည့်အောင် အိပ်လေ့ရှိပါတယ်။

မနက်စာ။ ။ ဒီလိုအိပ်ယာက စောစောနိုးလာပြီဆိုရင် ပရိုတိန်းနဲ့ကာဗွန်ဟိုက်ဒရိတ်ဓာတ်တွေ ပါတဲ့ သစ်သီး၊ အစေ့အဆန်တွေပါတဲ့ သီးနှံ့တွေကို စားလေ့ရှိသလို နို့နဲ့ဥ တွေကိုလည်း စားလေ့ရှိပါတယ်။

နေ့လည်စာ။ ။ နေ့လည်စာကိုတော့ အများကြီးစားလေ့မရှိဘဲ ကယ်လိုရီအနည်းငယ်ပါတဲ့ အသား၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို အဓိက စားသုံးပါတယ်။ ဗီတာမင်နဲ့ ပရိုတိန်းတွေ ပါဝင်တဲ့ ကြက်သားဆလတ်နဲ့ အပေါ့စားပါစတာတွေကိုလည်း စားလေ့ရှိပါတယ်။

ညစာ။ ။ နေ့တစ်နေ့အတွက် နောက်ဆုံးညစာကိုတော့ ပရိုတိန်း၊ ဗီတာမင်နဲ့ ကာဗွန်ဟိုက်ဒရိတ်ဓာတ်တွေပါဝင်တဲ့ အစားအစာတွေကို စားသုံးပါတယ်။ အမျှင်ဓာတ်များတဲ့ အစားအစာတွေ၊ ဆန်၊ အစိမ်းရောင်ပဲတောင့်ရှည်သီး၊ ကြက်ရင်အုံသားနဲ့ အချိုပွဲအဖြစ် သစ်သီးတွေကို စားလေ့ရှိပါတယ်။

ဒီစားသောက်ပုံက စီရော်နယ်ဒိုနေ့စဉ်စားသောက်တဲ့ စားသောက်ပုံနဲ့ အနီးစပ်ဆုံးဖြစ်ပါတယ်။ စီရော်နယ်ဒိုလိုသာ နေထိုင်စားသောက်ပြီး ကြိုးစားလေ့ကျင့်မှုတွေပြုလုပ်မယ်ဆိုရင် ကျန်းမာပျော်ရွှင်တဲ့ လူသားတစ်ယောက် ဒါမှမဟုတ် အားကစားသမားတစ်ယောက်ဖြစ်လာနိုင်ပါတယ်။

ကျွန်တော်တို့လို သာမန်လူတွေအတွက် ဒီလိုစားသောက်ဖို့က လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ သာမန်လက်လုပ်လက်စားတွေအတွက် ဒီလိုစားသောက်နေထိုင်ဖို့ဆိုတာကလည်း တကယ်တော့ မလွယ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံက အားကစားသမားတွေနဲ့ လူငယ်မျိုးဆက်သစ်တွေအတွက် ဗဟုသုတရရှိစေဖို့သာ အဓိက ရည်ရွယ်ဖော်ပြလိုက်ရတာပါ။

အားကစားသမားတစ်ယောက်မှာ အာဟာရနဲ့ အထောက်အကူပြုပစ္စည်းတွေက အဓိက လိုအပ်ချက်တွေပါ။ ဒါတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ကျန်းမာကြံ့ခိုင်တဲ့ တကယ့်အားကစားသမားကောင်းတွေကို မွေးထုတ်ပေးနိုင်ပါလိ့မ်မယ်လို့ တင်ပြရင်း….

ဝန်ခံချက် - cronaldo7.net မှ ကိုးကားရေးသားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required