“လှည်းကူးက မြေကွက်တွေ ပြန်သိမ်းမယ် ဆိုတဲ့ကိစ္စ၊ အပ်နဲ့ထွင်းရမှာကို ပေါက်ဆိန်နဲ့ထွင်း”

“လှည်းကူးက မြေကွက်တွေ ပြန်သိမ်းမယ် ဆိုတဲ့ကိစ္စ၊ အပ်နဲ့ထွင်းရမှာကို ပေါက်ဆိန်နဲ့ထွင်း”

အခုရက်ပိုင်း ရန်ကုန်တိုင်း လှည်းကူးမြို့နယ် သာယာကုန်းရွာနဲ့ အမြန်လမ်းမကြီးကြားက မြေကွက် တွေကို သူ့မူလပိုင်ရှင် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဦးစီးဌာနက ပြန်သိမ်းမယ် ဆိုတာကြောင့် မြေကွက်ဝယ်ယူထားတဲ့သူတွေအကြား လှုပ်လှုပ်ရှားရှား ပြသနာတွေဖြစ်နေပါပြီ။ ဒီမြေကွက်တွေကို ဝယ်ယူထားသူ ထောင်ဂဏန်းလောက်ရှိနိုင်ပြီး သူတို့မြေတွေ ပြန်မသိမ်းဖို့ သမ္မတ ဆီကို စုပေါင်း စာရေးသား ပေးပို့ထားကြတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ ပြသနာ ဘယ်လို ဖြစ်တာပါလဲ၊ ဒီပြသနာမျိုး နောင် မဖြစ်ပေါ်အောင် ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးကြည့်ရအောင်။

အဲဒီနေရာမှာ ပေ-၄၀၊ ပေ ၆၀ မြေတစ်ကွက် ကို ကျပ် ၃ သိန်းနဲ့ ဝယ်ယူထားတဲ့ ဒေသခံ တစ်ယောက် ပြောပြချက်အရ ဒီ လူနေအိမ်ယာအတွက် မြေကွက်ဖော်ထုတ်ရေး အစီအစဉ်ကို သမ္မတဦးသိန်းစိန် ခွင့်ပြုချက်နဲ့ ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံး အဖွဲ့က အကောင်အထည် ဖော်ခဲ့တယ်လို့ ဆိုပါတယ်။ အဲလို အကောင်အထည် ဖော်တဲ့အကြောင်း ပြီးခဲ့တဲ့ ၂၀၁၄ ဖေဖေါ်ဝါရီလ ကတည်းက ဆိုင်းဘုတ် စိုက်ထူ၊ မြေကွက်တွေ ခွဲေ၀ ရောင်းချခဲ့တယ်လို့ ပြောပြပါတယ်။ အခုလို ဆိုင်းဘုတ်ကြီးထူပြီး မြေကွက်ရိုက် ရောင်းချတာကြောင့် ဒေသခံတွေ ယုံကြည်ပြီး ဝယ်ကြတာ ဖြစ်တယ်လို့ ရှင်းပါတယ်။

ဒီနေရာမှာ အဲဒီ ဒေသခံ ပြောတဲ့အထဲ မရှင်းတဲ့ အချက်ကတော့ မြေကွက်တွေကို ကေအဲန်ယူ အဖွဲ့က ဖော်တယ်ဆိုတဲ့ ကိစ္စပါ။ လက်ရှိ အစိုးရနဲ့ အပစ်အခတ် ရပ်စဲပြီး NCA စာချုပ်မှာ လက်မှတ်ထိုး ထားတဲ့ ကရင် လက်နက်ကိုင် (၃) ဖွဲ့တောင် ရှိနေပါတယ်။ တစ်ဖွဲ့ကတော့ ပင်မ ကရင့်လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ KNU ကရင် အမျိုးသား အစည်းအရုံးပါ။ သူ့လက်နက်ကိုင်တပ်ကိုလည်း KNLA ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်လို့ ခေါ်ပါတယ်။ ဥက္ကဌ စောမူတူးစေးဖိုးနဲ့ ဒုဥက္ကဌ နော်စီဖိုးရာစိန်တို့ ဦးဆောင်တဲ့ အဖွဲ့ပါ။ နောက်တစ်ဖွဲ့ကတော့ DKBA လို့ခေါ်တဲ့ ဒီမိုကရေစီအကျိုးပြု ဗုဒ္ဓဘာသာ ကရင့်တပ်မတော် ဖြစ်ပါတယ်။ ခေါင်းဆောင်ကတော့ ဗိုလ်နှုတ်ခမ်းမွေးလို့ လူသိများပါတယ်။

ဒီအဖွဲ့ဟာ လက်ရှိ တပ်မတော်နဲ့ ပူးပေါင်း၊ နယ်ခြားစောင့်တပ် အဖြစ်အသွင်ပြောင်းလိုက်တဲ့ အရင် DKBA တပ်ဖွဲ့က ခွဲထွက်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ နောက်တစ်ဖွဲ့ကတော့ KNU အဖွဲ့ကြီးက ခွဲထွက်တဲ့ KUU/KNLA, (PC) လို့ခေါ်ပြီး အဲဒီအဖွဲ့ကို အလွယ်တကူ “ငြိမ်းချမ်းရေး ကောင်စီ”လို့ ခေါ်ပါတယ်။ ခေါင်းဆောင်ကတော့အရင် ကေအဲန်ယူတပ်မဟာမှူး ဗိုလ်ချုပ်ထိန်မောင် ဖြစ်ပြီး တပ်သားနဲ့နောက်လိုက် နည်းနည်းပါးပါးပဲ ရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။

မြို့ပေါ်နေ ပြည်သူအများစုဟာ အဲဒီ ကရင်လက်နက်ကိုင် အဖွဲ့တွေနဲ့ ပတ်သက်ရင် သိပ်ပြီး ကွဲကွဲပြားပြား မရှိလှပါဘူး။ ဒီအဖွဲ့တွေထဲမှာ PC လို့ခေါ်တဲ့ ငြိမ်းချမ်းရေးကောင်စီက လူတွေကတော့ နည်းနည်းရှုတ်ပါတယ်။ အရင်တုန်းကဆို လိုင်စင်မဲ့ကားတွေ ရန်ကုန်ကို ခိုးသွင်းတဲ့ လုပ်ငန်း အကြီးအကျယ် လုပ်ပါတယ်။ တစ်ချို့ အာဏာပိုင်တွေ ဖမ်းမိတာတွေလည်း ရှိပါတယ်။ တစ်ချို့ လိုင်စင်မဲ့ကားတွေ ခိုးသွင်းရာမှာ လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် မိသားစုဝင်တွေ ပါဝင်ပါတ်သက်နေလို့ မြန်မာငြိမ်းချမ်းရေး စင်တာ MPC တာဝန်ရှိသူတွေ လိုက်ရှင်းရတာလည်း မနည်းမနောပါ။

ဒါတင်မက အဲဒီ အဖွဲ့က လူတစ်ချို့ မြို့ပေါ်မှာ မြေကွက်ကိစ္စတွေ၊ အခြား အရောင်းအဝယ် ကိစ္စတွေ ရှုတ်ရှုတ်ရှက်ရှက် အတော် လုပ်ကြပါတယ်။ တစ်ကြိမ်ကဆိုရင် အဲဒီအဖွဲ့ တာဝန်ရှိသူတစ်ချို့ ရန်ကုန် ကိုလာပြီးသူတို့အဖွဲ့က ဘယ်သူကတော့ဖြင့် အဖွဲ့အစည်း နာမည် အလွဲသုံးစား လုပ်နေတယ်၊ အဲဒီလူဟာ အဖွဲ့နဲ့ မပါတ်သက်ပါဘူး၊ သူ့ပြသနာတွေကို တာဝန်မယူပါဘူး ဆိုပြီး ရှင်းရလင်းရတဲ့ အထိဖြစ် ခဲ့ပါတယ်။ သိပ်မကြာသေးခင်တုန်းကလည်း အဲဒီ PC က အရာရှိလို့ ဆိုသူတစ်ယောက် လက်နက်ကိုင်ဆောင်မှု၊ အခြားအမှုတွေနဲ့ ထောင်ချ ခံရပါတယ်။

ပြောရရင် အခု လှည်းကူးက မြေကွက်တွေ ကိစ္စ ဘယ်သူက လုပ်တာလဲ သိပ်မကွဲပြားပါဘူး။ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုခုနာမည် ခုတုံးလုပ်ပြီး လုပ်ခဲ့တာလား၊ ဒါမှမဟုတ် အဲဒီ အဖွဲ့တစ်ခုခုထဲက လူကပဲ မမှန်မကန် လုပ်ခဲ့တာလား သိပ် မရှင်းလင်းပါဘူး။ တကယ့်တကယ် အဓိက ပြသနာက အဲဒီလူတွေ စ ပြီး လုပ်တုန်းကိုင်တုန်းမှာ သက်ဆိုင်ရာ မြို့နယ်နဲ့ ရပ်ကျေး အဆင့် အုပ်ချုပ်ရေး အာဏာ ပိုင်တွေဟာ သူတို့နဲ့ မဆိုင်သလို နေနေခဲ့တဲ့ ပြသနာပါ။ တကယ်တော့ အဲဒီနေရာမှာ မြို့သစ်လိုလို ကိစ္စ စ နေတာ ၂ နှစ်ဝန်းကျင် ရှိနေပါပြီ။ ဒါဟာ တရားမဝင် လုပ်ကိုင်နေတာ ဆိုရင် အောက်ခြေကနေ အထက် အဆင့်ဆင့်တင်၊ စောစောစီးစီး အရေးယူဖို့ပဲ ရှိပါတယ်။ ဒါပေမယ့် ပြသနာက မြန်မာပြည်က အုပ်ချုပ်ရေး အာဏာပိုင်အဆင့်ဆင့်ဟာ အစိုးရ အာဏာတည်မြဲရေးဆိုင်ရာ ကိစ္စတွေလောက်မှာပဲ အာရုံစိုက်ပြီး ကျန် ခုလို အများပြည်သူ အကျိုးစီးပွားနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာတော့ မဆိုင်သလို နေတတ်ကြတာ နှစ်ပေါင်းများစွာ ကြာနေပါပြီ။

အဲလို နေခဲ့လို့လည်း ခုဆိုရင် ရန်ကုန်လို မြို့ကြီးမှာတောင် ကျူးကျော် ဆိုတာ နေရာအနှံ့မှာ ရှိနေပါပြီ။ သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင် အဆင့်ဆင့်က ဘာမှ အရေးယူတာ မရှိလို့ ခုလို သောင်းနဲ့ သိန်းနဲ့ ဖြစ်လာတာပါ။ နောက် ရန်ကုန်မြို့လည်ကို ကြည့်လိုက်ရင်လည်း စည်းကမ်းမဲ့ ဈေးဆိုင်တွေ စည်းကမ်းမဲ့ ကျူးကျော် အဆောက်အဦတွေ ပုံစံအမျိုးမျိုးကို နေရာ အမျိုးမျိုးမှာ တွေ့ကြရမှာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေး အဆင့်ဆင့်နဲ့ စည်ပင်လို အဖွဲ့အစည်းတွေက သူတို့နဲ့ မဆိုင်သလို နေခဲ့ကြလို့ မြို့အနှံ့မှာ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာဖြစ်ပြီး ပျံ့နှံ့နေတာပါ။ ဒါကို ပြည်သူအချင်းချင်း ရှင်းလို့လည်း မရပါဘူး။

ရှင်းရင် ပဋိပက္ခ ပြသနာပေါ်မှာပဲ ဖြစ်ပါတယ်။ အဲလို နေရာအနှံ့မှာ ပြသနာပေါင်းများစွာကို မွေးမြူထားခဲ့လို့လည်း အပ်နဲ့ ထွင်းရမယ့် ကိစ္စတွေ အပ်နဲ့ မထွင်းနိုင်ပဲ ပေါက်ဆိန်နဲ့ ပေါက်ဖို့ ဖြစ်လာရတာပါ။
ခုဆို အဲဒီ မြေကွက်မှာ အခြေချသူတွေကို ဘူဒိုဇာ နဲ့ ထိုးမယ် ဆိုပြီး သတင်းဖြစ်ပေါ်နေတာ အတော်ကြာပါပြီ။ ဒီလို အချိန်ကျမှ အာဏာပိုင်တွေဘက်က အင်အားသုံးဖြေရှင်းခဲ့ရင် နာမည်လည်းပျက်၊ တစ်ဖက်က ဝယ်မိမှားတဲ့ ပြည်သူတွေလည်း နစ်နာ ရမှာဖြစ်ပါတယ်။ တကယ်တော့ စနစ်ဟောင်းက ဝန်ထမ်းတွေမှာ မလုပ်မရှုတ်၊ မပြုတ် စိတ်တွေ မွေးမြူ၊ ပြည်သူ့အကျိုး၊ နိုင်ငံအကျိုး အကောင်အထည် ဖော်ရမယ့်နေရာမှာ စိတ်မပါ လက်မပါ မလုပ်တတ် မကိုင်တတ်၊ မလုပ်ရဲ မကိုင်ရဲ အကျင့်တွေ လွှမ်းမိုးနေတာကြောင့် ခုလို ပြည်သူတွေ နစ်နာရမယ့် ပြသနာမျိုး ပေါ်ပေါက်ရတာပါ။ ဒီအတွက် အစိုးရ အုပ်ချုပ်ရေး အဆင့်ဆင့် ကို တာဝန်ယူတတ်၊ တာဝန်ခံတတ်တဲ့ ယန္တယားအဖြစ် စနစ်တကျ ပြုပြင်ပြောင်းလဲနိုင်မှသာ ခုလို ပြသနာတွေ လျော့နည်းသွားမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required