သမိုင်းဝင် ရာသီဥတုဆိုင်ရာ သဘာတူညီချက် ၁၉၆နိုင်ငံက ထောက်ခံအတည်ပြု

သမိုင်းဝင် ရာသီဥတုဆိုင်ရာ သဘာတူညီချက် ၁၉၆နိုင်ငံက ထောက်ခံအတည်ပြု

ပါရီ၊ ဒီဇင်ဘာ-၁၃ ။            ။ ကမ္ဘာကြီး အန္တရာယ်ရှိလောက်အောင် ပူနွေးလာမှု၏ အဓိကလက်သည်တရားခံအဖြစ် ယူဆကြသည့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို သိသိသာသာ  လျှော့ချရန် အတွက် ဒီဇင်ဘာ ၁၂ရက်နေ့က သမိုင်းဝင် ရာသီဥတုဆိုင်ရာ သဘောတူညီချက်တစ်ခုကို နိုင်ငံပေါင်း ၁၉၆နိုင်ငံမှ စေ့စပ်ညှိနှိုင်းသူများက အတည်ပြုခဲ့ကြသည်။

ပါရီဆင်ခြေဖုံးတွင် ၁၃ရက်တာ အပြင်းအထန် စေ့စပ်ညှိနှိုင်းပြီးမှ အတည်ပြုခဲ့သည့် ဤသဘောတူညီချက်က ကမ္ဘာ့နိုင်ငံများကို စွမ်းအင်ထုတ်လုပ် သုံးစွဲပုံကို အခြေခံကျကျ ပြောင်းလဲပစ်ကာ ရုပ်ကြွင်းလောင်စာအပေါ် မှီခိုနေရမှုကို တဖြည်းဖြည်းလျှော့ချပြီး သန့်ရှင်းသည့် စွမ်းအင်ပုံစံများသို့ ဦးတည်သည့် လမ်းကြောင်းပေါ်သို့ တွန်းတင်ပေးလိုက်သည်။

သမိုင်းက ဒီနေ့ကို အမှတ်ရနေပါလိမ့်မယ်။ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်တဲ့ ပါရီသဘောတူညီချက်ဟာ ကမ္ဘာကြီးနဲ့ ကမ္ဘာသူကမ္ဘာသားများအတွက် အရေးကြီးတဲ့ အောင်မြင်မှုတစ်ရပ်ပါပဲဟု လက်ခုပ်သြဘာသံများနှင့် သဘောတူညီချက်ကို အတည်ပြုပြီးနောက် ကုလထွေချုပ်ကြီး ဘန်ကီမွန်းက ပြောကြားခဲ့သည်။  

နိုင်ငံရေးနှင့် ပထဝီ အရောင်အသွေးစုံ ဆင်းရဲချမ်းသာ နိုင်ငံအားလုံးက ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကို တိုက်ဖျက်ရေး အားလုံးပါဝင်ရန် လိုအပ်သည့် အရေးယူဖြေရှင်းမှုများအပေါ်  ထောက်ခံမှုကို   ဖော်ပြခဲ့ကြသောကြောင့် ကမ္ဘာတစ်ဝန်းလုံးနီးပါးက တညီတညွတ်တည်း သဘောတူခဲ့ကြသည့် သဘောတူညီချက်ပင် ဖြစ်သည်။

စောင့်ကြည့်စစ်ဆေးမှုများအပြင် ဖွံ့ဖြိုးဆဲနိုင်ငံများကို ဘဏ္ဍာရေးနှင့် နည်းပညာ အထောက်အပံ့များပါ ထောက်ပံ့သွားမည့် မူဘောင်အတွင်းတွင် တစ်နိုင်ငံချင်းကလည်း ရုပ်ကြွင်းလောင်စာများ မီးလောင်ရာမှ ထွက်ပေါ်လာသည့် ဖန်လုံအိမ်ဓာတ်ငွေ့များကို ဖြတ်တောက်ကန့်သတ်သွားကြရန် ကတိပြုခဲ့ကြသည်။

အလုံးစုံလွှမ်းခြုံအကြုံးဝင်သော ရည်မှန်းချက်ပန်းတိုင်မှာ ညစ်ညမ်းမှုအဆင့်များကို လျှော့ချရန်ဖြစ်ပြီး သို့မှသာ ကမ္ဘာလုံးဆိုင်ရာအပူချိန်ကို စက်မှုမတိုင်မီခေတ် ပျမ်းမျှအပူချိန်အထက် ၂ဒီဂရီဆဲဆီးယပ်ကို မကျော်လွန်အောင် ကန့်သတ်ထားနိုင်မည်ဖြစ်သည်။

ဆွေးနွေးပွဲများကို ကြီးမှူးခဲ့သည့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လောရင့် ဖာဘီရပ်စ်ကမူ သဘောတူညီချက်ကို ကမ္ဘာဂြိုဟ်ကြီး၏ ၇.၃ဘီလျံမျှသော လူထုကြီးအား လာမည့် ဆယ်စုနှစ်များအတွင်း ကမ္ဘာကြီးပူနွေးလာမှု၏ ဆိုးကျိုးများမှ သက်သာရာရစေမည့် သမိုင်းဝင် အချိုးအကွေ့တစ်ခုဟု ချီးကျုးဂုဏ်ပြုခဲ့သည်။ မဲခွဲမဆုံးဖြတ်မီတွင် သဘာဝပတ်ဝန်းကျင်ကပ်ဘေးကို တားဆီးကာကွယ်နိုင်ရန်   ဆောင်ရွက်ရေး တွန့်ဆုတ်မနေကြရန် ဖာဘီရပ်စ်က ကိုယ်စားလှယ်များကို တိုက်တွန်းခဲ့သည်။

ကမ္ဘာသူကမ္ဘာသားတွေ၊ ကျနော်တို့ရဲ့ နိုင်ငံသားတွေနဲ့ ကျနော်တို့ရဲ့ ကလေးတွေက ဒါကို နားလည်ကြမယ် မဟုတ်ပါဘူး။ သူတို့က ကျနော်တို့ကို ခွင့်လွှတ်လိမ့်မယ်လို့လည်း ကျနော်မယုံကြည်ပါဘူးဟု ဖာဘီရပ်စ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required